မြန်မာတွင် ဆက်လက် လုပ်ကိုင်နေဆဲဖြစ်သော ပြည်ပနိုင်ငံစုံလုပ်ငန်းများသည် နိုင်ငံတကာ ပြစ်တင်ရှုတ်ချမှုများ ခံနေရသော စစ်ကောင်စီအောက်တွင် ရေရှည်တိုးတက်မှု အလားအလာကို မျှော်လင့်ရင်း ကျဉ်းမြှောင်းသောလမ်းတွင် လျှောက်နေကြသည်။
တိုယိုတာမော်တာ Toyota Motor သည် ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရထံမှ အာဏာကို စစ်တပ်က သိမ်းယူလိုက်သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ မတိုင်မီအချိန်အနည်းငယ် အလိုတွင် မြန်မာ၌ မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်သည့် စက်ရုံတည်ဆောက်ပြီးစီးသည်။ ကာလကြာမြင့်စွာ နှောင့်နှေးနေပြီးနောက် လွန်ခဲ့သော စက်တင်ဘာလတွင် ထုတ်လုပ်မှုစတင်သည်။
သို့သော် ထိုစက်ရုံသည် တနေ့လျှင် ကားတစီး နှစ်စီးသာ ထုတ်လုပ်နိုင်ကြောင်း ကုမ္ပဏီကိုယ်စားလှယ်တဦးက ပြောသည်။ ရန်ကုန်အနီး သီလဝါအထူးစီးပွားရေးဇုန်ရှိ ထိုစက်ရုံနောက်မှ ကားရပ်နားရာ နေရာတွင် အသစ်တပ်ဆင်ထားသည့် ဟိုင်းလပ် ပစ်ကပ် ထရပ်ကား လက်တဆုပ်စာကိုသာ ယခုလ အစောပိုင်းက တွေ့ရသည်။
ပိုးသတ်ဆေးထုတ်လုပ်သော လုပ်ငန်း ဖူမာကေးလား Fumakilla အပါအဝင် အခြားဂျပန် ကုမ္ပဏီ ၃ ခုသည် အစိုးရအပြောင်းအလဲ နောက်ပိုင်း သီလဝါတွင် စက်ရုံများကို ဆက်လက် လည်ပတ်နေသည်။ စက်ယန္တရားကြီးများ ထုတ်လုပ်သည့် ကူဘိုတာ Kubota နှင့် အစားအသောက်ကုမ္ပဏီ အာဂျီနိုမိုတို Ajinomoto တို့သည်လည်း အာဏာမသိမ်းမီက မြန်မာတွင်စက်ရုံများ တည်ထောင်ကာ ဆက်လက် လည်ပတ်နေကြသည်။
“ဒီနိုင်ငံမှာ အခြေခံတဲ့ ထုတ်ကုန်တွေအတွက် ဝယ်လိုအားရှိတယ်။ ဒါကြောင့် ကျနော်တို့ ထုတ်လုပ်မှု ဆက်လုပ်နိုင်တယ်” ဟု သီလဝါတွင် စက်ရုံတရုံဆောက်ထားသည့် ကုမ္ပဏီတခုမှ အမှုဆောင်တဦးက ပြောသည်။
ထိုကုမ္ပဏီသည် ကုန်ထုတ်လုပ်မှု တိုးမြှင့်ရေးအတွက် နောက်ထပ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကို ဆိုင်းငံ့ထားသော်လည်း “ကျနော်တို့ရဲ့ ကုန်စည်ဖြန့်ဖြူးမှု ကွင်းဆက်တည်ဆောက်ပုံ ပြင်လိုက်လို့ မနှစ်ကထက် ကျနော်တို့ ရောင်းအားတက်လာတယ်” ဟု ထိုအမှုဆောင်က ပြောသည်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနှင့် နိုင်ငံရေး ဖရိုဖရဲအခြေအနေက မြန်မာ့စီးပွားရေးကို ဖျက်ဆီးလိုက်သော်လည်း အဆိုးဆုံး စီးပွားကျဆင်းမှုကို ကျော်ဖြတ်ပြီးသွားပုံရသည်။
မြို့ပြမှ အရောင်းစင်တာများနှင့် စားသောက်ဆိုင်များတွင် စားသုံးသူလာရောက်မှု နာလန်ထလာသည်။ မြန်မာသို့ မကြာသေးမီက စီးပွားရေးကိစ္စအတွက် သွားရောက်ခဲ့သော ခရီးသည်တဦးက သူသည် အခြေအနေ ဖရိုဖရဲဖြစ်နေမည်ဟု ထင်ခဲ့သော်လည်း လက်တွေ့ အခြေအနေသည် အံ့သြစရာ ကောင်းလောက်အောင် ပုံမှန်ဖြစ်နေကြောင်း ပြောသည်။
သို့သော် စီးပွားရေးတခုလုံး အနေဖြင့်ကြည့်ပါက အခြေမခိုင်နေဆဲ ဖြစ်သည်။ မြန်မာကျပ်ငွေသည် စစ်အုပ်ချုပ်ရေးအောက်တွင် ဒေါ်လာနှင့်ယှဉ်လျှင် တန်ဖိုးထက်ဝက်မက ကျဆင်းသွားသည်။ ငွေကြေး ဖောင်းပွမှုနှင့် အလုပ်အလုပ်လက်မဲ့ဖြစ်ခြင်းသည် ပြည်သူများ၏ အသက်မွေးဝမ်းကြောင်းများကို ဖိအားပေးနေသည်။
S&P Global Myanmar ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုဆိုင်ရာ စီးပွားရေးအညွန်းကိန်း (Purchasing Managers’ Index) သည် အောက်တိုဘာလတွင် ၄၅ ဒသမ ၇ မှတ်တွင် ရှိနေသော စီးပွားရေးတိုးတက်မှုမျဉ်း ဖြစ်သည့် ၅၀ အောက်တွင် ရောက်နေသည်မှာ ၆ လဆက်တိုက် ရှိပြီဖြစ်သည်။
“ရင်းနှီးမြှုပ်နှံမှုသစ်ကို လုံးဝမျှော်လင့်ဘူး” ဟု သီလဝါမှ သတင်းရင်းမြစ်တခုက ပြောသည်။ ကပ်ရောဂါ မတိုင်မီက ထိုစက်မှုဇုန်ကို တိုးချဲ့ရန်ဖြစ်နိုင်ခြေ သုံးသပ်မှုများ ပြုလုပ်ပြီးဖြစ်သည်။ ယခုအခါ ထိုအစီအစဉ်ကို ရပ်ဆိုင်းထားသည်။
သို့သော် သီလဝါသည် လုပ်ငန်းများ ဆက်လက်လည်ပတ်စေရန် တာဝန်ရှိကြောင်းလည်း ထိုရင်းမြစ်က ပြောသည်။ “ရင်းနှီးမြှုပ်နှံသူတွေက စိန်ခေါ်မှု အများအပြား မြင်တွေ့နေရပေမယ့် ဒီနိုင်ငံကိုလာဖို့ ကျနော်တို့ ဖိတ်ခေါ်ခဲ့တဲ့သူတွေကို ကျနော်တို့အနေနဲ့ တစုံတရာ အကာအကွယ်ပေးဖို့ လိုအပ်တယ်” ဟုလည်း သူကပြောသည်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် ကုန်ဆုံးသော ၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ၁၈ ရာခိုင်နှုန်း ကျုံ့သွားသော မြန်မာ့စီးပွားရေးသည် ၂၀၂၂ နောက်ပိုင်းတွင် တနှစ်လျှင် ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းကျော် တိုးတက်မည်ဟု နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) က ခန့်မှန်းထားသည်။ ထိုတိုးတက်မှုနှုန်းသည် ကပ်ရောဂါမတိုင်မီက တိုးတက်မှုနှုန်း ၆ မှ ၇ ရာခိုင်နှုန်း၏ ထက်ဝက်သာ ရှိသော်လည်း နာလန်ထလာသည့် သဘောရှိသည်။
သီလဝါ ပြင်ပတွင် ယူနီလီဗာ Uniliver နှင့် ဟန်နီကန် Heineken တို့ကဲ့သော ဥရောပ နိုင်ငံစုံလုပ်ငန်းကြီးများသည်လည်း ကုန်ထုတ်လုပ်မှု ဆက်လက် လုပ်ကိုင်နေကြသည်။ အနောက်နိုင်ငံများမှ ကုမ္ပဏီများသည် မြန်မာမှ မထွက်ခွာကြသေးဘဲ စီးပွားရေး ဆက်လက်လုပ်ကိုင်ရန် နည်းလမ်းရှာနေကြကြောင်း မြန်မာမှ အွန်လိုင်း အလုပ်အကိုင်ကြော်ငြာလုပ်ငန်းဖြစ်သော JobNet ၏ မန်နေဂျင်း ဒါရိုက်တာ မတ်ဒီလူကာက ပြောသည်။
“လူတော်တော်များများက ရှေ့ဆက်လုပ်ပြီး အခွင့်အလမ်းရှာနေတာ တွေ့ရတယ်။ တချို့အလုပ်ရှင်တွေက သတိထားပြီး အကောင်းမြင်နေကြတယ်” ဟု သူကပြောသည်။
ပြင်သစ်မှ TotalEnergies ၊ ဂျပန် ယမကာလုပ်ငန်း Kirin Holdings နှင့် တချိန်က မြန်မာနိုင်ငံတွင် ဒုတိယအကြီးမားဆုံး ဆက်သွယ်ရေးလုပ်ငန်း Telenor တို့သည် မြန်မာမှ ထွက်ခွာသွားကြပြီး ဖြစ်သည်။ စစ်တပ်နှင့် စီးပွားရေးဆက်ဆံရခြင်းနှင့် အသုံးပြုသူများ၏ အချက်အလက်များကို အကာအကွယ်ပေးရေးတို့ကို စိုးရိမ်ခြင်း စသည့် အချက်များကြောင့် ဖြစ်သည်။
ဂျပန်ကုမ္ပဏီများတွင် ဒိန်ချဉ်လုပ်ငန်း Yakult Honsha နှင့် ခေါက်ဆွဲလုပ်ငန်း Acecook တို့သည် ဈေးကွက်ဖရိုဖရဲဖြစ်ခြင်းနှင့် ကုန်ကြမ်းရရန် ခက်ခဲခြင်းတို့ကြောင့် သီလဝါတွင် ထုတ်လုပ်မှု ပြန်လည် မစတင်သေးပေ။
နိုဝင်ဘာလ ၁ ရက်နေ့အထိ သီလဝါမှ ကုမ္ပဏီ ၁၀၀ ခန့်အနက် ထက်ဝက်သည် စက်ရုံများ၏စွမ်းရည် ထက်ဝက်သာ လည်ပတ်နေကြကြောင်း သတင်းရင်းမြစ်တခုက ပြောသည်။
မြန်မာတွင် ဆက်လက်လုပ်ကိုင်မည် သို့မဟုတ် ထွက်ခွာမည်ကို ဆုံးဖြတ်ရာတွင် နိုင်ငံခြားငွေကြေး ရရှိမှုသည်လည်း အဓိကအချက်တခု ဖြစ်သည်။ နိုင်ငံခြားငွေကို မြန်မာကျပ်ငွေသို့ လဲလှယ်ရမည့် ဧပြီလက ထုတ်ပြန်သော စည်းကမ်းချက်ကို အထူးစီးပွားရေးဇုန်မှ စက်ရုံများအပေါ် ကျင့်သုံးခြင်းမရှိပေ။ သို့ရာတွင် မြန်မာတွင် ရောင်းချသောကြောင့် ရလာသော ကျပ်ငွေကို ကုန်ကြမ်းပစ္စည်း ဝယ်ရန်လိုအပ်သော ဒေါ်လာနှင့် လဲလှယ်ရန် ခက်ခဲနေသည်။
အထည်ချုပ်စက်ရုံများကဲ့သို့သော ပြည်ပပို့သည့် လုပ်ငန်းများအတွက် အားပျော့နေသည့် ကျပ်ငွေကြောင့် တွန်းအားဖြစ်စေသော်လည်း ပြည်တွင်းဈေးကွက်အတွက် ထုတ်လုပ်သူများသည် သွင်းကုန်များကိုသာ မှီခိုနေရသောကြောင့် ရုန်းကန်နေကြရသည်။
သီလဝါတွင် မော်တော်ယာဉ် တပ်ဆင်စက်ရုံရှိသော ဆူဇူကီးမော်တာ Suzuki Motor သည် စက်ပစ္စည်း အစိတ်အပိုင်းများ ဝယ်ယူရန် နိုင်ငံခြားငွေ မရှိသောကြောင့် ဇူလိုင်လတွင် လုပ်ငန်းများ ဆိုင်းငံ့ထားသည်။ တိုယိုတာသည်လည်း အလားတူ ပြဿနာများဖြင့် ရုန်းကန်နေရသည်။
ကုမ္ပဏီအများအပြားသည် ထိုင်းဘတ်ငွေဖြင့် ထိုင်းနိုင်ငံမှ ကုန်းလမ်းအသုံးပြု တင်သွင်းခြင်း ပြန်လည် စတင်နေပြီဖြစ်သည်။ ကုန်းတွင်းနယ်စပ်များတွင် ဘတ်ငွေ၊ ယွမ်ငွေများဖြင့် ကုန်သွယ်ခြင်းကို မြန်မာအာဏာပိုင်များက ယေဘုယျအားဖြင့် ခွင့်ပြုသည်။
ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းကို ကျပ်ငွေဖြင့် မလဲမနေရ စည်းမျဉ်းမှ ကင်းလွတ်ခွင့် ပေးကြောင်း ၂၀၂၂ ခုနှစ် သြဂုတ်လတွင် မြန်မာဗဟိုဘဏ်က ကြေညာသည်။ အချို့ သွင်းကုန်များသမားများသည် ပြင်ပပေါက်ဈေးဖြစ်သော တဒေါ်လာ ၂,၉၀၀ ကျပ်နှုန်း ပတ်ဝန်းကျင်ဖြင့် စတင်ရောင်းဝယ်လာကြသည်။ ထိုနှုန်းသည် တရားဝင်သတ်မှတ်ထားသည့် နှုန်းဖြစ်သည့် တဒေါ်လာ ၂,၁၀၀ ကျပ်ထက် များစွာ ပိုမို မြင့်မားသည်။
မြန်မာနိုင်ငံအခြေအနေသည် အန္တရာယ်များနေဆဲ ဖြစ်သည်။ ဝေးကွာသော ဒေသများတွင် ဒီမိုကရေစီ လိုလားသော လက်နက်ကိုင်အုပ်စုများ စစ်တပ်နှင့်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။ စစ်ကောင်စီသည် အနောက်နိုင်ငံများ၏ ပိုမိုကြီးမားနေသည့် ဖိအားပေးခံနေရသည်။ အဆင့်မြင့် စစ်အရာရှိများနှင့် စစ်တပ်နှင့် ပတ်သက်သော ကုမ္ပဏီများကို ထပ်မံ အရေးယူပိတ်ဆို့ကြောင်း အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က နိုဝင်ဘာလ ၈ ရက်နေ့တွင် ကြေညာသည်။
၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်နေသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် ဆက်လက် ဖမ်းဆီးခံထားရဆဲ ဖြစ်သည်။ ထိုရွေးကောက်ပွဲသည် စစ်ကောင်စီထိန်းချုပ်မှုတွင် ဒီမိုကရေစီ အတုအယောင်ပေးရန် အားထုတ်မှုဖြစ်သည်ဟု ဝေဖန်သူများက ပြောသည်။ အတိုက်အခံပါတီများကို ဖယ်ထုတ်ပြုလုပ်မည့် ရွေးကောက်ပွဲဖြစ်သည်။ ထိုရွေးကောက်ပွဲသည် လွတ်လပ်မျှတမည် မဟုတ်ကြောင်း အမေရိကန် ပြည်ထောင်စုကလည်း ပြောသည်။ အချို့ အရှေ့တောင်အာရှနိုင်ငံများက အမေရိကန်နှင့် သဘောမတူကြပေ။
သီလဝါတွင် လုပ်ကိုင်နေသော ကုမ္ပဏီများအတွက် စစ်ကောင်စီသည် လျစ်လျူရှုမရသော ပကတိ အခြေအနေဖြစ်သည်။ စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းသည် သီလဝါသို့ လွန်ခဲ့သောလကပင် သွားရောက်ခဲ့သည်။
လူ့အခွင့်အရေးအဖွဲ့များက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ မြန်မာတွင် တာဝန်သိသိ ရင်းနှီးမြှုပ်နှံရန် ပြောသည်။ “နိုင်ငံစုံ ကော်ပိုရေးရှင်းတွေအနေနဲ့ မြန်မာဟာ စီးပွားရေး ပြန်လည်ဖွင့်ပြီး ပုံမှန်အခြေအနေ ရောက်နေတယ်လို့ ယူဆစေနိုင်တဲ့အမှားမျိုး မလုပ်သင့်ဘူး။ လူအခွင့်အရေး အခြေအနေတွေနဲ့ယှဉ်ပြီး လုပ်ငန်းတွေကို ပြန်လည်ဆန်းစစ်ဖို့ လိုတယ်” ဟု လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့မှ အစီအစဉ်အရာရှိ တက်ပိုင်ကာဆိုင်းက ပြောသည်။
ကိုးကား။ ။ Nikkei Asia သတင်း Foreign companies in Myanmar bide their time with eye on long view
You may also like these stories:
ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သည့် နိုင်ငံခြားကားကုမ္ပဏီများ ရပ်ဆိုင်းလာ
စီးပွားရေး လုပ်ငန်းကြီးများ မြန်မာကို ကျောခိုင်းမှု တိုးလာနေ
မြန်မာနိုင်ငံရှိ ဂျပန်ကားတာယာ BRIDGESTONE ဇူလိုင်လကုန်၌ လုပ်ငန်းရပ်တော့မည်
စစ်တပ်နှင့်ပတ်သက်သည့် နိုင်ငံစုံကုမ္ပဏီများ ရှေ့ရေးခက်ခဲ