လွန်ခဲ့သော ၂ ပတ်က ကာတာနိုင်ငံမှ ကမ္ဘာ့ဖလားဘောလုံးပွဲ စတင်သောအခါ သန်းပေါင်းများစွာသော ပရိသတ်များသည် ယခုနှစ်ပြိုင်ပွဲ၏ တရားဝင် ဝတ်စုံပံ့ပိုးသူများဖြစ်သော Nike နှင့် Adidas တို့က ရောင်းသော ဒေါ်လာ ၉၀ မှ ၁၅၀ ကြား ကုန်ကျသည့် ဂျာစီအင်္ကျီများ ဝတ်ဆင်လာကြသည်။ သစ်လွင်တောက်ပြောင် အရောင်အသွေးစုံသော ဝတ်စုံများကို ဝတ်ဆင်လာသည့် ကစားသမားများသည် ဒေါ်လာ ၂၀၀ ကျော်တန်သည့် တောက်ပသော ဘောလုံးကန်ဖိနပ်၊ ရှူးဖိနပ်များ ဝတ်ဆင်ကြသည်။
သို့သော် ထိုပစ္စည်းများကို ပြုလုပ်သည့် အလုပ်သမားများ လုပ်အားခ မည်မျှ ရသနည်း။
Adidas အတွက် ဘောလုံးကန်ဖိနပ်များ ပြုလုပ်ပေးသည့် မြန်မာနိုင်ငံ၊ ရန်ကုန်ရှိ Pou Chen အုပ်စုစက်ရုံမှ အလုပ်သမား ၇,၈၀၀ အတွက် အဖြေမှာ တနေ့လျှင် ၄,၈၀၀ ကျပ် သို့မဟုတ် ၂ ဒသမ ၂၇ ဒေါ်လာသာ ဖြစ်သည်။
မြန်မာနိုင်ငံမှ ထိုစက်ရုံသည် တောင်အာရှမှ သန်း ၄၀ သော အထည်ချုပ်လုပ်သား အများအပြား၏ ရုန်းကန်မှုကို မီးမောင်ထိုးပြနေသည်။ ထိုအလုပ်သမားများသည် ဆိုးရွားသော လုပ်ငန်းခွင် အခြေအနေများနှင့် နိမ့်ကျသော လုပ်အားခများဖြင့် ရုန်းကန်နေရပြီး ထိုအခြေအနေများကို ကပ်ရောဂါက ပိုမိုဆိုးရွားစေသည်။ ယခု ကမ္ဘာတွင် အကြီးကျယ်ဆုံး အားကစားပွဲ ကျင်းပနေသောအခါ ၎င်းတို့၏ လုပ်ငန်းခွင်အခြေအနေ တိုးတက်ရေးအတွက် အလုပ်သမားအချို့၏ အားထုတ်မှုများသည် ပြင်းထန်သော ဆန့်ကျင်အပြစ်ပေးမှုများနှင့် ရင်ဆိုင်နေရသည်။
လုပ်အားခကို တနေ့လျှင် ၃ ဒသမ ၇၈ ဒေါ်လာရရန် တောင်းဆိုပြီး အောက်တိုဘာလတွင် အလုပ်သမားများ စတင်သပိတ်မှောက်ပြီးနောက် စက်ရုံမန်နေဂျာသည် စစ်သားများကို စက်ရုံသို့ ခေါ်လာပြီး အလုပ်သမား ၂၆ ယောက်ကို အလုပ်မှ ထုတ်ပယ်လိုက်သည်။ ထိုသို့ အလုပ်ထုတ်ခံရသူများတွင် စက်ရုံအလုပ်သမား သမဂ္ဂဝင် ၁၆ ဦး ပါဝင်သည်။ ၎င်းတို့သည် သပိတ်မှောက်သည့် အလုပ်သမား ၂,၀၀၀ ကျော်ကို ဦးဆောင်ခဲ့သည်ဟု ယူဆရသည်။
ယခု ကမ္ဘာတွင် အကြီးကျယ်ဆုံး အားကစားပွဲ ကျင်းပနေသောအခါ ၎င်းတို့၏ လုပ်ငန်းခွင်အခြေအနေ တိုးတက်ရေးအတွက် အလုပ်သမားအချို့၏ အားထုတ်မှုများသည် ပြင်းထန်သော ဆန့်ကျင်အပြစ်ပေးမှုများနှင့် ရင်ဆိုင်နေရသည်။
မြန်မာစစ်ကောင်စီသည် ဒီမိုကရေစီ စနစ်များကို တစစီဖျက်သိမ်းရန် ကြိုးစားနေချိန်တွင် ထိုစက်ရုံသည် စုစည်းညီညွတ်သော အလုပ်သမား လှုပ်ရှားမှုများတွင် ပါဝင်သည့် အလုပ်သမားများကို ဒဏ်ခတ်ရန် အခွင့်ကောင်းယူခဲ့ကြောင်း တွေ့ဆုံမေးမြန်းမှုများတွင် အလုပ်သမား အများအပြားက ပြောသည်။
တချိန်တည်းတွင် မြင့်မားနေသောငွေကြေးဖောင်းပွမှုနှင့် ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းတို့သည် မြန်မာပြည်သူများ၏ ဘဝများကို ဖိအားပေးနေသည်။ လွန်ခဲ့သောနှစ် အာဏာသိမ်းချိန်မှ စတင်ပြီး ကျပ်ငွေသည် ဒေါ်လာနှင့်ယှဉ်လျှင် တန်ဖိုး ၅၀ ရာခိုင်နှုန်းကျော် ကျဆင်းပြီး ကုန်ဈေးနှုန်း၊ သယ်ယူပို့ဆောင်စရိတ်နှင့် အိမ်လခများ လွန်စွာမြင့်တက်ကုန်သည်။ မိတ်ဆွေအလုပ်သမားများက အစားအသောက်လာပေးချိန်တွင် အစာမစားရသည်မှာ ၃ ရက်ကြာပြီဖြစ်ကြောင်း ကျန်းမာရေး ချည့်နဲ့နေသည့် အလုပ်သမ တဦးက ပြောသည်။
အလုပ်ပြန်ရရန် မျှော်လင့်နေသည့် အသက် ၂၂ နှစ်အရွယ် အလုပ်သမ တဦးက အလုပ်ရှင် လက်စားချေမည် စိုးသောကြောင့် အမည်မဖော်ပြဘဲ မေးခွန်းများကို ဖြေသည်။ “အိမ်လခ ပေးဖို့နဲ့ မိသားစုရှင်သန်ရေးအတွက် ငွေပြန်ပို့ဖို့အတွက်ကို အရမ်းပူပန်နေရတယ်။ အရင်ကတည်းကကို ကျပ်တည်းနေတာ။ အဲဒါကြောင့် လုပ်အားခ တိုးတောင်းနေတာ။ အခု အလုပ်မရှိတော့ အရမ်းခက်ခဲတယ်။ အစားအသောက်တောင် မတတ်နိုင်တော့ဘူး” ဟု သူက ပြောသည်။
ထိုင်ဝမ်ရှိ Pou Chen ဌာနချုပ်မှ အီးမေးလ်ဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ၎င်းတို့ ကုမ္ပဏီသည် အလုပ်သမားများ၏ လုပ်အားခနှင့် ဝန်ထမ်းရေးရာများကို ကိုင်တွယ်ရာတွင် မြန်မာဥပဒေ လုပ်ထုံးလုပ်နည်းများကို လိုက်နာကြောင်းနှင့် အလုပ်သမားများ စုပေါင်းညှိနှိုင်း ဆွေးနွေးတောင်းဆိုရေး အခွင့်အရေးကို လေးစားလိုက်နာကြောင်း ဖော်ပြထားသည်။
“မိမိတို့သည် တိုင်ကြားသူများနှင် ပတ်သက်သည့် ခုံသမာဓိ လုပ်ငန်းစဉ်ကို မြန်မာဥပဒေ လုပ်ထုံးလုပ်နည်းများ အတိုင်း လုပ်ကိုင်နေသည်” ဟုလည်း အလုပ်ထုတ်ခံရသည့် အလုပ်သမားနှင့် ပတ်သက်ပြီး ထိုအီးမေးလ်တွင် ဖော်ပြထားသည်။
Adidas ကလည်း ကြေညာချက်တစောင် ထုတ်ပြန်သည်။ “Adidas သည် ထိုသို့ အလုပ်မှ ထုတ်ပယ်ခြင်းများကို အပြင်းအထန် ရှုတ်ချပြီး ထိုလုပ်ရပ်သည် မိမိတို့၏ လုပ်ငန်းခွင် စံနှုန်းများနှင့် အလုပ်သမားများ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်ကို အလေးထားရန် မိမိတို့၏ ကာလကြာမြင့်ပြီ ဖြစ်သော ကတိကဝတ်ကို ချိုးဖောက်သည်” ဟု ထိုကုမ္ပဏီက ပြောသည်။ “မိမိတို့ထံ ပစ္စည်းပေးသွင်းသူ၏ ဥပဒေမဲ့လုပ်ရပ်များကို မိမိတို့ စုံစမ်းစစ်ဆေးနေပြီး အလုပ်ဖြုတ်ထားသည့် အလုပ်သမားများကို ချက်ခြင်းပြန်ခန့်ရန် Pou Chen ကို တောင်းဆိုသည်” ဟုလည်း ဖော်ပြထားသည်။
အနောက်တိုင်း ဖက်ရှင်နှင့် အားကစားဝတ်စုံ အမှတ်တံဆိပ်များသည် စက်ရုံများကို ပိုင်ဆိုင်ခြင်း မရှိဘဲ အများအားဖြင့် တတိယကမ္ဘာမှဖြစ်သော သီးခြားစက်ရုံများနှင့် ကုန်ပစ္စည်းပေးသွင်းသူများကို ၎င်းတို့အတွက် ပစ္စည်းများ ထုတ်လုပ်ပေးရန် ကန်ထရိုက်ပေးသည်။ ထို့ကြောင့် ၎င်းတို့သည် ထိုစက်ရုံများမှ အလုပ်သမားများ၏ အလုပ်ရှင်များ မဟုတ်ကြဘဲ အလုပ်သမားစံနှုန်းများ သို့မဟုတ် လူ့အခွင့်အရေးများ ကျင့်သုံးရေးအတွက် ဥပဒေအရ တာဝန်မရှိကြပေ။
အနောက်တိုင်း ဖက်ရှင်နှင့် အားကစားဝတ်စုံ အမှတ်တံဆိပ်များသည် စက်ရုံများကို ပိုင်ဆိုင်ခြင်း မရှိဘဲ အများအားဖြင့် တတိယကမ္ဘာမှဖြစ်သော သီးခြားစက်ရုံများနှင့် ကုန်ပစ္စည်းပေးသွင်းသူများကို ၎င်းတို့အတွက် ပစ္စည်းများ ထုတ်လုပ်ပေးရန် ကန်ထရိုက်ပေးသည်။ ထို့ကြောင့် ၎င်းတို့သည် ထိုစက်ရုံများမှ အလုပ်သမားများ၏ အလုပ်ရှင်များ မဟုတ်ကြဘဲ အလုပ်သမားစံနှုန်းများ သို့မဟုတ် လူ့အခွင့်အရေးများ ကျင့်သုံးရေးအတွက် ဥပဒေအရ တာဝန်မရှိကြပေ။
H&M, Adidas နှင့် Nike ကဲ့သို့သော အချို့ကုမ္ပဏီများသည် ၎င်းတို့၏ အဝတ်အထည်များအတွက် ပေးသွင်းသော စက်ရုံဆိုင်ရာ သတင်းအချက်အလက်များကို ထုတ်ပြန်ခြင်းဖြင့် ကုန်စည်ပေးသွင်းမှု ကွင်းဆက်အချို့ကို ပိုမိုပွင့်လင်းမြင်သာအောင် လုပ်ဆောင်ပြီး Adidas က ကမ္ဘာဖလားဝတ်စုံ ပေးသွင်းသူများစာရင်းကို သီးခြားထုတ်ပြန်သည်။ အမေရိကန်၊ အင်္ဂလန်နှင့် ဘရာဇီးလ် အပါအဝင် ကမ္ဘာ့ဖလားအသင်း ၁၃ သင်းအတွက် ဝတ်စုံများ ပံ့ပိုးသည့် Nike သည် ကမ္ဘာ့ဖလားအတွက် ကုန်စည်ပေးသွင်းသူများစာရင်းကို သီးခြားထုတ်ပြန်ခြင်း မရှိသောကြောင့် ထိုပစ္စည်းများကို မည်သည့်နိုင်ငံတွင် ထုတ်လုပ်သည်ကို ခြေရာခံရန် ပိုမိုခက်ခဲသည်။
ကုန်စည်ပေးသွင်းသူနှင့် ပတ်သက်သည့် ပွင့်လင်းမြင်သာမှုသည်ပင် ဖက်ရှင်အဝတ်အထည် ပေးသွင်းမှု ကွင်းဆက်တခုလုံးအတွက် တာဝန်ခံမှုကို အာမခံနိုင်ခြင်း မရှိပေ။ ထိုကွင်းဆက်တလျှောက်တွင် သမဂ္ဂ ဖြိုခွဲမှု အများအပြား ရှိနေတတ်သည်။ အလုပ်သမား သမဂ္ဂများ ဖွဲ့စည်းခြင်းကို တားမြစ်ဟန့်တားခြင်း သို့မဟုတ် အဖွဲ့ဝင်တိုးချဲ့ခြင်းကို တားမြစ်ဟန့်တားခြင်းများ ရှိနေသည်။
အလုပ်သမား ၂,၈၀၀ ရှိပြီး Adidas အတွက်သာမက ဗြိတိန်မှ မန်ချက်စတာ ယူနိုက်တက်အသင်း အတွက်ပါ ဝတ်စုံများ ထုတ်လုပ်ပေးသည့် ကမ္ဘောဒီးယားမှ Trax Apparel သည် လုပ်ငန်းခွင် အခြေအနေ ပိုမိုကောင်းမွန်ရေးအတွက် အလုပ်သမား သမဂ္ဂဖွဲ့ရန် ကြိုးစားသည့် အလုပ်သမား ၈ ဦးကို ၂၀၂၀ ပြည့်နှစ်တွင် အလုပ်မှ ထုတ်ပယ်သည်။
ထိုစက်ရုံကို စီမံခန့်ခွဲသူများက အလုပ်သမား သမဂ္ဂသည် အခြားသူများကို ပြန်လည်ခန့်ထားရန် သို့မဟုတ် လစာအပြည့်အဝ ပြန်ပေးရန် မတောင်းဆိုပါက အလုပ်ဖြုတ်ခံရသော အလုပ်သမား ၈ ဦးအနက် ၄ ဦးကို ပြန်လည်ခန့်ထားမည်ဟု ပြောသည်။ အလုပ်သမား သမဂ္ဂသည် အခြားရွေးစရာ မရှိသောကြောင့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးလိုက်ရပြီး အခွင့်အရေးများကို ဆုံးရှုံးခံလိုက်ရသည်။
“အလုပ်ပြန်ခေါ်တာကို စောင့်နေပေမယ့် ဘယ်တော့မှ ပြန်မခေါ်တော့ဘူး” ဟု ထိုစက်ရုံတွင် တနေ့ ၇ ဒေါ်လာဖြင့် စက်ချုပ်သူ အသက် ၄၁ နှစ်အရွယ် ဆိုဖယ်ချုံက ပြောသည်။ “အလုပ်သစ်ပြန်ရဖို့ တနှစ်ခွဲကြာတယ်။ ကျမရဲ့ကလေးငယ် ၂ ယောက်ကို စောင့်ရှောက်ဖို့ ကျမရဲ့ ညီအစ်ကိုမောင်နှမတွေကို အကူအညီတောင်းရတယ်။ အတိုးများတဲ့ချေးငွေယူပြီး အခုပြန်ဆပ်ဖို့ ရုန်းကန်နေရတယ်” ဟု သူကပြောသည်။
“ကျမတို့မှာ အကာအကွယ်လိုတဲ့အတွက် သမဂ္ဂကို ကျမ ယုံကြည်တယ်။ အခုတော့ ရက်ပေါင်းများစွာ ငိုရတယ်” ဟုလည်း ဆိုဖယ်ချုံက ပြောသည်။
ထိုင်းတွင် အခြေစိုက်သူများ ပိုင်ဆိုင်သည့် Trax Apparel က ဝေဖန်ပြောကြားပေးရန် ငြင်းဆန်သည်။
အထည်ချုပ်အလုပ်သမားများ ရင်ဆိုင်နေရသည့် အခက်အခဲများသည် ယခုနှစ် ကမ္ဘာ့ဖလားအတွင်း သိသာမြင်သာဖြစ်လာသည့် လူမှုပြဿနာများအနက် တခုဖြစ်သည်။ ကာတာဘုရင်စနစ်က လိင်တူ ချစ်ခင်နှစ်သက်ခြင်းကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ခြင်းနှင့် ရွှေ့ပြောင်းလုပ်သားများကို အခွင့်အရေး ချိုးဖောက်ခြင်း အပါအဝင် လူ့အခွင့်အရေး ပြဿနာများနှင့် ပတ်သက်၍ ကာတာနိုင်ငံကို စွပ်စွဲချက်အများအပြား ထွက်ပေါ်လာသည်။ ကာတာတွင် ရွှေ့ပြောင်းလုပ်သားများအား အခွင့်အရေး ချိုးဖောက်မှုများကို ကောင်းစွာ မှတ်တမ်းတင်ထားသည်။
အထည်ချုပ်အလုပ်သမားများ ရင်ဆိုင်နေရသည့် အခက်အခဲများသည် ယခုနှစ် ကမ္ဘာ့ဖလားအတွင်း သိသာမြင်သာဖြစ်လာသည့် လူမှုပြဿနာများအနက် တခုဖြစ်သည်။ ကာတာဘုရင်စနစ်က လိင်တူ ချစ်ခင်နှစ်သက်ခြင်းကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ခြင်းနှင့် ရွှေ့ပြောင်းလုပ်သားများကို အခွင့်အရေး ချိုးဖောက်ခြင်း အပါအဝင် လူ့အခွင့်အရေး ပြဿနာများနှင့် ပတ်သက်၍ ကာတာနိုင်ငံကို စွပ်စွဲချက်အများအပြား ထွက်ပေါ်လာသည်။ ကာတာတွင် ရွှေ့ပြောင်းလုပ်သားများအား အခွင့်အရေး ချိုးဖောက်မှုများကို ကောင်းစွာ မှတ်တမ်းတင်ထားသည်။
အင်္ဂလန်နှင့် ဂျာမနီ အပါအဝင် ဥရောပ နိုင်ငံ ၇ နိုင်ငံတို့သည် L.G.B.T အပါအဝင် လူနည်းစုကို ထောက်ခံမှု ပြသရန်အတွက် One Love ဟုရေးထိုးထားသည့် သက်တန့်ရောင် လက်ပတ်များ ဝတ်ဆင်ရန် စီစဉ်ခဲ့သည်။ သို့သော် FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ထိုလက်ပတ်များသည် လက်ရှိ ဝတ်စုံစည်းမျဉ်းကို ချိုးဖောက်သည်ဟု ဆိုသောကြောင့် ထိုအစီအစဉ် ပျက်သွားသည်။ ထိုလက်ပတ်များ ဝတ်ဆင်ခြင်းသည် လက်ရှိကစားပွဲ၏ တင်းကျပ်သော ဝတ်စုံစည်းမျဉ်းကို ချိုးဖောက်ကြောင်းနှင့် ဝတ်ဆင်သူများကို အဝါကတ် ပြမည်ဖြစ်ကြောင်း ပြောသည်။ ကစားပွဲမှ ဆိုင်းငံ့ခံရနိုင်သည့် ပြစ်ဒဏ်ဖြစ်သည်။
သို့သော် ဂျာမန်ကစားသမားများသည် ပွဲမတိုင်မီ အသင်းလိုက် ဓာတ်ပုံရိုက်ချိန်တွင် ၎င်းတို့၏ ပါးစပ်များကို ဖုံးအုပ်ကာ ဆန္ဒဖော်ထုတ်နိုင်ခဲ့ကြသည်။ Hummel ကုန်အမှတ်တံဆိပ်သည် ကာတာကို ဆန့်ကျင်သောအားဖြင့် ဒိန်းမတ် ကစားသမားများအတွက် ပံ့ပိုးသူမဲ့ အဖြူအမည်းဝတ်စုံကို ပြုလုပ်ပေးခဲ့သည်။
ထိုသို့ ဆန့်ကျင်ကန့်ကွက်မှုများကို ထောက်ခံသူများက ကမ္ဘာ့ဖလားနောက်ကွယ်မှ အထည်ချုပ် လုပ်သားများ၏ အခက်အခဲများကိုလည်း အလားတူ အသိအမှတ်ပြုသင့်ကြောင်း ပြောသည်။
“ကာတာက ရွှေ့ပြောင်းလုပ်သားတွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို မှန်မှန်ကန်ကန် သိသိသာသာ ဖော်ပြကြပေမယ့် ကမ္ဘာ့ဖလားဝတ်စုံတွေ ထုတ်လုပ်တဲ့ အထည်ချုပ်လုပ်သားတွေ ရင်ဆိုင်ရတဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အာရုံစိုက်ဖို့ လုံးဝ ပျက်ကွက်နေတယ်” ဟု အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတခုဖြစ်သော အလုပ်သမားအခွင့်အရေး အဖွဲ့ချုပ်မှ နိုင်ငံတကာလှုပ်ရှားမှု ဒါရိုက်တာ သူလ်ဆီ နာရာယန်နာစာမိက ပြောသည်။ “သူတို့ရဲ့ စက်ရုံတွေမှာ ပိုမိုကောင်းမွန်တဲ့ အခြေအနေဖြစ်စေဖို့ အလုပ်သမားတွေ အတူတကွ ရပ်တည်နိုင်တဲ့ စွမ်းရည်ဟာ အခြေခံ လူ့အခွင့်အရေးဖြစ်တယ်” ဟုလည်း သူက ပြောသည်။
(The New York Times မှ Elizabeth Paton ၏ Who Made Your World Cup Jersey? ကို ဘာသာပြန် ဖော်ပြသည်။)
You may also like these stories:
မြန်မာ အလုပ်သမားသမဂ္ဂများ ပျောက်ကွယ်လာနေဟု ILO အစီရင်ခံ
နိုင်ငံတကာ ဖက်ရှင်ကုန်အမှတ်တံဆိပ်များ မြန်မာမှ ‘တာဝန်သိစွာ ထွက်ခွာရန်’ တိုက်တွန်းခံရ
ပျောက်ဆုံးသွားသော အလုပ်သမား အခွင့်အရေး
လုပ်ခတိုးရေး ဆန္ဒပြသည့် ခေါင်းဆောင်များ Adidas ဖိနပ်ချုပ်စက်ရုံက အလုပ်ထုတ်