ယခင်ပွင့်လင်းရာသီများက တရက်လျှင် ကုန်ကားအစီးရေ ရာချီ၍ တရုတ်နိုင်ငံနှင့်ကူးသန်းရောင်းဝယ်နေသည့် ကချင် ပြည်နယ် ဗန်းမော်မြို့နယ်ရှိ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှာ ယခုနှစ်၌ ကားအစီးရေ ဆယ်ဂဏန်းခန့်သာ သွားလာကူးသန်းရောင်းဝယ်မှု ရှိတော့ကြောင်း ယင်းနယ်စပ် ကုန်သွယ်ရေး လုပ်ငန်းရှင်များ ထံမှသိရသည်။
ထိုသို့ ဖြစ်ရခြင်းမှာ တိုင်းပြည် မငြိမ်သက်သဖြင့် လမ်းခရီးတွင် တိုက်ပွဲများ မကြာခဏဖြစ်ခြင်း၊ စက်သုံးဆီဈေး မြင့်ကာ ပြတ်လပ်လာခြင်း၊ ပို့ကုန်သမားများ၏ ပို့ကုန်ရငွေများအပေါ် သတ်မှတ်ဈေးနှင့် ၆၅ ရာခိုင်နှုန်းကို စစ်ကောင်စီ၏ ဗဟို ဘဏ်က ဖြတ်ယူခြင်းတို့အပြင် တရုတ်နိုင်ငံက ပို့ကုန်၊ သွင်းကုန်အပေါ် ကိုဗစ်စည်းကမ်း တင်းကျပ်ထားသည့် စနစ်များ က အတားအဆီးများ ဖြစ်လာကာ ကုန်သွယ်မှု လျော့ကျလာခြင်း ဖြစ်ကြောင်း ကုန်သည်နှင့် ကုန်ကားလုပ်ငန်းရှင်များ ကထောက်ပြသည်။
လွယ်ဂျယ်နယ်စပ် ကုန်သည်လုပ်ငန်းရှင် တဦးက “ပို့ကုန်တင်ပို့မှုတွေ လျော့ကျလာတာကတော့ ပို့ကုန်ဥပဒေ ပြောင်း လဲ လိုက်တဲ့ ဒီနှစ် စက်တင်ဘာ၊ နိုဝင်ဘာ စပြီး ပိုဆိုးလာတာ၊ အရင် ကိုဗစ်ကာလက ဆိုးပေမယ့် ပို့ကုန် မူဝါဒတွေ ပြောင်းလိုက်တော့ ပိုဆိုးလာတဲ့သဘော၊ ဒီနှစ်ကတော့ အဆိုးဆုံးပေါ့။ လမ်းကြောကလည်း သွားရလာရ အဆင်မပြေ ဒီရက်ပိုင်းဆိုရင် ဒီနဲ့ စစ်ကိုင်းတိုင်း နယ်စပ်နားမှာ တိုက်ပွဲတွေ ရှိတော့ ကုန်တင်ပို့ တာတွေ၊ ခြံစိုက်တဲ့ သီးနှံတောင်သူ တွေ သယ်ယူပို့ဆောင်တာတွေ ရပ်နားထားရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ပုံမှန် ကိုဗစ်ကာလ မတိုင်ခင် ယခုလို ပွင့်လင်းရာတွင် လွယ်ဂျယ်နယ်စပ် ကုန်တင်ပို့မှာ တရက်လျှင် ကုန်ကား အစီးရေ ၁၅၀ ဝန်းကျင်သွားပြီး ကိုဗစ်ကာလအတွင်း၌ ကုန်ကားအစီးရေ ၈၀ ဝန်းကျင်သွားကြောင်း၊ ယခုနှစ် ပွင့်လင်းရာသီ ကာလတွင် အခက်အခဲမျိုးစုံကြောင့် ကုန်ကား ၁၀ စီးပင် မသွားနိုင်သည့် အခြေအနေထိ ကုန်သွယ်မှု လျော့ကျသွား ကြောင်း ၎င်းက ရှင်းပြသည်။
ဗန်းမော်ခရိုင်မှ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးတွင် ယခင်က ကုန်ကား တစီးလျှင် ကျပ် သိန်းဂဏန်း ဝန်းကျင်သာ ပေးရသော်လည်း ယခုအခါ ရှန်တိန်စနစ် အပြောင်းအလဲအပြင် အကောက်အခွန် တိုးမြှင့်မှုများကြောင့် ကျပ်သိန်း ဆယ်ဂဏန်း ဝန်းကျင်အထိ ကုန်ကျမှု ရှိနေကြောင်း ကုန်သည်များက ဆိုသည်။
ကုန်စည် သယ်ယူပို့ဆောင်နေသည့် လုပ်ငန်းရှင်တဦးက “ကုန်စည် တင်ပို့မှုနည်းတော့ ကုန်ကားအစီးရေတွေက လည်း ၁၀ ဆမှာ ၁ ဆလောက်ပဲ ရှိတယ်။ တရက်မှ ၄ စီး၊ ၅ စီး အဲဒီလောက်လေးပဲ ထွက်တော့တာ။ အခက်ခဲပေါင်း များစွာနဲ့ ဆိုတော့ မသွားနိုင်တော့ဘူး။ နောက်တခုက အကောက်အခွန်တွေ များတယ်။ လက်နက်ကိုင်အဖွဲ့အစည်း တွေလည်း များလာတယ်။ ဆောင်ရတဲ့ အကောက်ခွန်တွေကလည်း များလာတယ်။ တိုက်ပွဲတွေ ဖြစ်နေတော့ အစစ် ဆေးအမေးအမြန်းတွေကလည်း ထူလာတဲ့အခါကျတော့ ကားသမားရဲ့ လုံခြုံရေး ကုန်စည်တွေရဲ့ လုံခြုံရေး အဲဒီလို စိုးရိမ်မှုတွေကြောင့် တင်ပို့မှုတွေက လျော့ကျသွားတာ”ဟု ဧရာဝတီသို့ ပြောသည်။
ထို့ပြင် ကိုဗစ်ကပ်ရောဂါနှင့် အာဏာသိမ်းပြီးနောက်ပိုင်း အထွေထွေ စိုက်ပျိုးရေးသုံးကုန်ပစ္စည်းများ မြင့်တက်မှုများ ကြောင့်လည်း စိုက်ပျိုး လုပ်ကိုင်သူ တောင်သူများမှာ စိုက်ပျိုးမှု စရိတ်များ ဆုံးရှုံးမှု ရှိခဲ့သဖြင့် ယခုနှစ်တွင် စိုက်ပျိုး ထုတ်လုပ်မှုမှာ လျော့ကျသွားခြင်းကြောင့်လည်း ပါဝင်သည်ဟု ကုန်သည်များက မှတ်ချက်ပြုသည်။
ဆက်လက်၍ အထက်ပါ ကုန်သည်က “သွင်းကုန်ကလည်း အရင်လောက် မရှိတော့ဘူး။ အဓိကတော့ လူသုံးကုန် ပစ္စည်းတွေ တင်သွင်းတာပေါ့။ အရင်က တရက် ကား ၁၀ တင်သွင်းရင် အခု ၁ စီးလောက်ပဲ ရှိတော့တယ်။ ဘာ ကြောင့်လဲဆိုတော့ နိုင်ငံခြားငွေ ဝယ်ရတဲ့ အခက်အခဲ၊ နောက်ပြီးတော့ ပြည်တွင်းကို ဝင်တဲ့အခါမှာ အကောက်ခွန် နှုန်းထားများလာတဲ့အခါ ကုန်သည်ကလည်း တွက်ချေ မကိုက်သလို စားသုံးသူရဲ့ ဝယ်လိုအားကလဲ ဒီအချိန်မှာ လျော့ လာတော့ တင်သွင်းမှုကလည်း နည်းသွားတယ်” ဟု ရှင်းပြသည်။
လက်ရှိတွင်လည်း လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးမှ အဓိက အများဆုံး တင်ပို့နေသော ငှက်ပျောသီး ထွက်ရှိသည့် ရာသီဖြစ်နေသော်လည်း တရုတ်နိုင်ငံ၏ ပြည်နယ်များတွင် ကိုဗစ်စည်းမျည်း၊ စည်းကမ်းများ တင်းကျပ်ထား၍ သစ်သီး ဝယ်သည့် တရုတ်ကုန်သည်များ ဆင်းလာမှု နည်းပါးသောကြောင့်လည်း အသီး ရောင်းလိုအားများပြီး ဝယ်လိုအား နည်းနေကြောင်းလည်း ကုန်သည်များထံက သိရသည်။
ထို့ကြောင့် မဖြစ်မနေ အရည်အသွေးကောင်းသည့် ငှက်ပျောသီးများကိုသာ အဓိကထား တင်ပို့နေသော်လည်း တချို့ ငှက်ပျောသီးများမှာ မရောင်းရသဖြင့် ဆုံးရှုံးများ ရှိနေကြောင်း ကုန်သည်များက ပြောသည်။
ကချင်ပြည်နယ်၊ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ကိုဗစ်ကပ်ရောဂါကြောင့်၂၀၂၁ ခုနှစ် ဇူလိုင်လမှစ၍ ၅ လကျော် ပိတ်ထားရာမှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ပြန်လည် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေး ကျဆင်းလာသည်ဆိုသော ကုန်သည်နှင့် ကုန်ကားလုပ်ငန်းရှင်များ၏ ပြောဆို မှုများနှင့် ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန နယ်စပ်ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန သို့ ဧရာဝတီမှ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။
ထိုသို့ မြေပြင်တွင် ကုန်စည်တင်ပို့မှု လျော့ကျနေသည်ဟု ကုန်သည်များက ပြောသော်လည်း စစ်ကောင်စီ၏ စီးပွားရေး နှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနကမူ ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်မှ နိုဝင်ဘာလ ၂၅ ရက် အထိ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးဂိတ်မှ ကုန်သွယ်မှု စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၉ ဒသမ ၈၉၀ ကုန်သွယ်မှု ပြုလုပ်ထား ပြီး ယခုနှစ် ဧပြီ ၁ ရက်မှ နိုဝင်ဘာလ ၂၅ ရက်အထိ စုစုပေါင်း ကုန်သွယ်မှု ကန်ဒေါ်လာ သန်းပေါင်း ကုန်သွယ်မှု ပြု လုပ်ထားကြောင်း ဖော်ပြထားသည်။
You may also like these stories:
တရုတ် လော့ဒေါင်း ဖြေလျှော့၍ မြန်မာ့ ဖရဲ၊ သခွား ဈေးကွက် ပြန်ကောင်းလာ
ခရီးသည်နည်း၍ အဝေးပြေးယာဉ်လိုင်းတချို့ အစီးရေ လျှော့ချပြေးဆွဲ