တရုတ်ဈေးကွက်သို့ မြန်မာ့ပြောင်းတင်ပို့မှု ၄ နှစ်နီးပါး ပိတ်ထားခဲ့ရာမှ ယခုအခါ ပြန်လည်တင်ပို့ခွင့် ရလာသဖြင့် လာမည့် နှစ် ပြည်ပတင်ပို့မှုအတွက် အခြေအနေကောင်းများ ရှိနေကြောင်း ပြောင်းကုန်သည်များက ဧရာဝတီသို့ ပြောသည်။
တရုတ်နိုင်ငံဘက်သို့ ပြောင်းတင်ပို့သည့် မြန်မာကုမ္ပဏီများသည် GACC ခွင့်ပြုချက် မရရှိထားသောကြောင့် ၂၀၁၉ ခုနှစ်အတွင်းက တင်ပို့ခွင့်ရပ်ဆိုင်းထားခဲ့ရာမှ ယခု ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းတွင် တရုတ်နိုင်ငံဘက်မှ ပြည်တွင်းကုမ္ပဏီ ၁၁၀ ဝန်းကျင်ကို GACC လက်မှတ်ထုတ်ပေးလာ၍ ပြောင်းတင်ပို့ခွင့် ပြန်လည်စတင်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း၏ အတွင်းရေးမှူး ဒေါက်တာဖြိုးကိုကိုနိုင်က ဆိုသည်။
GACC သည် တရုတ်နိုင်ငံ၏ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ ဖြစ်ပြီး မြန်မာ့ကုန် စည်များကို တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ခွင့်ရရန်အတွက် ထိုအဖွဲ့သို့ တင်ပြရပြီး ယင်း GACC အဖွဲ့ ၏ ခွင့်ပြုချက်ရမှသာ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးမှတဆင့် တရုတ်ဈေးကွက်သို့ တရားဝင် တင်ပို့ခွင့်ရရှိမည်ဖြစ်သည်။
၎င်းက ဆက်လက်၍ “ကြီးမားတဲ့ ဝယ်လက်ဖြစ်တဲ့ တရုတ်ဘက်က ပြန်စဝယ်လာတာဖြစ်တဲ့အတွက် ပြောင်းရဲ့ လက်ရှိအလားအလာက တော်တော်လေးကောင်းပါတယ်။ ပြီးခဲ့တဲ့နှစ်တွေတုန်းကတော့ ထိုင်းကို ၈၀ ရာခိုင်နှုန်းလောက် တင်ပို့နေရတာကနေ လာမယ့်နှစ်မှာတော့ တရုတ် နဲ့ ထိုင်း မျှသွားမယ့် အခြေအနေရှိတယ် ” ဟု ပြောသည်။
မြန်မာ့ပြောင်းတင်ပို့မှုသည် နှစ်စဉ် တန်ချိန် ၂ သန်းကျော်အထိရှိပြီး အမေရိကန်ဒေါ်လာ သန်း ၆၀၀ နီး ပါးအထိ ပို့ကုန် ဝင်ငွေရရှိသော စိုက်ပျိုးရေးထွက်ကုန်ဖြစ်သည်။ လာမည့်နှစ်တွင်မူ ပြည်ပသို့ ပြောင်း တင်ပို့မှုသည် ထိုပမာဏ ထက်ပင် ပိုမိုလာနိုင်ကြောင်း ပြောင်းကုန်သည်များက ခန့်မှန်းထားကြသည်။
လက်ရှိအချိန်တွင် တရုတ်နိုင်ငံဈေးကွက်သို့ ရှမ်းပြည်နယ်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သော ချင်းရွှေဟော် နှင့် ကျင်စန်းကျော့ ဂိတ်များမှ တဆင့် ပြောင်းတန်ချိန် ၃ သောင်း နှင့် ၄ သောင်း ဝန်းကျင် တင်ပို့ထားပြီးဖြစ်ကြောင်း မြန်မာ နိုင်ငံ ပြောင်းလုပ်ငန်းအသင်းထံမှ သိရသည်။
“ အခုဆိုရင် ရှမ်းမြောက်ဘက်က ထွက်တဲ့ ပြောင်းက ရန်ကုန်ကို ဆင်းမလာတော့ဘူး။ တရုတ်ဈေးကွက်ကိုပဲသွားနေပြီ ”၎င်းက ဆိုသည်။
ယင်းကဲ့သို့ တရုတ်ပြည်သို့ ပြန်လည်တင်ပို့ခွင့် ရပြီးနောက် ပြောင်းဈေးနှုန်းမှာ ယခင်နှစ် ယခုလိုအချိန်တွင် ပြောင်း ၁ ပိဿာ ၆၅၀ ကျပ်ရှိရာမှ ယခုနှစ်တွင် ၁၁၃၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်လျက်ရှိသလို ပင်လယ်ရေကြောင်းမှ တင်ပို့ ရောင်းချသော ဈေးနှုန်းမှာလည်း ယခင်နှစ်က ပြောင်း ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၂၈၀ ဝန်းကျင်သာရှိခဲ့ရာမှ ယခုအခါ အမေရိကန်ဒေါ်လာ ၃၁၀ အထိ ရှိနေကြောင်း သိရသည်။
ထို့ပြင် ထိုင်းနိုင်ငံဘက်မှလည်း မြန်မာ့ပြောင်းတင်ပို့မှုကို ဖေဖော်ဝါရီလမှ ဩဂုတ်လအထိ အခွန် ကင်း လွတ်ခွင့်ပြုထားခြင်း ကြောင့် ထိုင်းဈေးကွက်သို့ ပြောင်းတင်ပို့မှုမှာလည်း ပြန်လည်စတင်တော့ မည်ဖြစ်ကြောင်း ပြောင်းကုန်သည်များထံမှ သိရသည်။
မြဝတီမြို့မှ ပြောင်းကုန်သည်တဦးက စစ်ကောင်စီသည် နယ်စပ်ကုန်သွယ်ရေးတွင် ပို့ကုန်တင်ပို့မည့် ပို့ကုန်တန်ဖိုးကို အမေရိကန် ဒေါ်လာ ကြိုတင်သွင်းခိုင်းထားခြင်း နှင့် ပို့ကုန်၊ သွင်းကုန်လိုင်စင်များ အတွက် လိုအပ်သည့် အချက်အလက် များကို တင်းကျပ်ထားခြင်းများကြောင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ တင်ပို့မှုများ လျော့ကျလာပြီး ပင်လယ်ရေ ကြောင်းမှ တင်ပို့မှု မြင့်တက်လာနိုင်ကြောင်း ပြောသည်။
၎င်းက“ အရင်ကဆိုရင် အခုချိန် မြဝတီကို ပြောင်းတွေ ပို့ထားနေကြပြီ။ အခုက အရင်လို လွတ်လွတ် လပ်လပ် လုပ်လို့ မရတော့ဘူး၊ မျှောစာတွေဘာတွေကလည်း လိုင်စင်ပါမှ ရမှာဆိုတော့ အခုချိန်အထိ ရန်ကုန်က ပစ္စည်းတွေ မြဝတီကို မပို့နိုင်သေးဘူး ” ဟု ဧရာဝတီသို့ ပြောသည်။
ယခင်နှစ်များက ပြည်ပပြောင်းတင်ပို့မှုအားလုံး၏ ၇၀ ရာခိုင်နှုန်းကျော်သည် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ တင်ပို့ခြင်းဖြစ်ပြီး အဓိကအားဖြင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်း မြဝတီဂိတ်မှ တင်ပို့ခြင်းဖြစ်သည်။ ယခုနှစ်တွင် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ပြောင်းတင်ပို့မှုသည် ၂၀ ရာခိုင်နှုန်းခန့် လျော့ကျသွားနိုင်ပြီး ထိုပမာဏသည် ပင်လယ်ရေကြောင်းတင်ပို့မှုဘက်သို့ ပြောင်းလဲသွားနိုင်ကြောင်း ပြောင်းကုန်သည်များက ဆိုကြသည်။
ဒေါက်တာဖြိုးကိုကိုနိုင်က “ ပြည်တွင်းပြောင်းထုတ်လုပ်မှုကတော့ နည်းနည်းကျသွားတဲ့ အခြေအနေရှိတယ်။ ဒါပေမယ့် ကျနော်တို့က ပြည်ပတင်ပို့မှုမကျသွားနိုင်ဘူးလို့ မှန်းထားတာက ပြည်တွင်းသုံးစွဲမှုလည်း ကျသွားတာ။ ပြီးခဲ့တဲ့နှစ်က တန်ချိန် ၁ သန်းသုံးခဲ့တယ်ဆိုရင် အခုက တန်ချိန် ၇ သိန်းလောက်ပဲ သုံးတာဖြစ်လာနိုင်တာ ဆိုတော့ အဲဒီက တန်ချိန် ၃ သိန်းကို ကျနော်တို့ ထပ်ပို့ရတာပေါ့ ”ဟု ပြောသည်။
ပြည်ပသို့ တင်ပို့သော အစေ့ထုတ်ပြောင်းအမျိုးအစားကို ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် အဓိက စိုက်ပျိုးခြင်းဖြစ်ပြီး စိုက်ပျိုးဧက ၇ သိန်းကျော်အထိရှိကာ စစ်အာဏာသိမ်းပြီးနောက် အမေရိကန်ဒေါ်လာလဲလှယ်နှုန်းမြင့်လာခြင်းကြောင့် သွင်းအားစုဈေးနှုန်းမြင့်တက်မှုဒဏ်ကို အခြားစိုက်ပျိုးရေးတောင်သူများကဲ့သို့ပင် ပြောင်းစိုက်တောင်သူများလည်း ကြုံတွေ့နေရလျက်ရှိသည်။
တနှစ်လျှင် ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ဝန်းကျင်ရရှိနေသော ဆန်တင်ပို့မှု ပြီးပါက မြန်မာ့ပြောင်းသည် ပို့ကုန်ဝင်ငွေ ဒုတိယအများဆုံးရရှိသော စိုက်ပျိုးရေးသီးနှံတခု ဖြစ်သည်။
You may also like these stories:
ပြည်ပသို့ ပြောင်းတင်ပို့မှု ရပ်တော့မလား
ထိုင်းသို့ ပြောင်းတင်ပို့မှု ရုတ်တရက် ပိတ်လိုက်သဖြင့် ကုန်သည်များ အခက်ကြုံ
နိုင်ငံခြားငွေကြေး သတ်မှတ်ချက်ကြောင့် ပို့ကုန်သီးနှံဈေးကွက် မတည်ငြိမ်
တရုတ်နယ်စပ်လည်း ဒေါ်လာနှင့် ကုန်သွယ်ရန် စစ်ကောင်စီ ပြန်သတ်မှတ်