ကမ္ဘာ့ဘဏ်အဖွဲ့ဝင်ဖြစ်သော နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) သည် စစ်တပ်နှင့် ပတ်သက်နေသည့် ရိုးမဘဏ်နှင့် လုပ်ငန်းများကို ဖော်ထုတ်ခံရပြီးနောက် ထိုဘဏ်မှ ရင်းနှီးမြှုပ်နှံမှုများကို ရောင်းချလိုက်ကြောင်း Justice For Myanmar (JFM) က ဖော်ပြသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများမှ ပုဂ္ဂလိကကဏ္ဍကို အာရုံစိုက်သည့် အကြီးမားဆုံး ကမ္ဘာ့ဖွံ့ဖြိုးရေး အင်စတီကျူးရှင်း ဖြစ်သော IFC က ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများကို ပြောင်းလဲမြှုပ်နှံခြင်းမှာ ရိုးမဘဏ်သည် စစ်တပ်နှင့်သာမက စစ်တပ်နှင့် ပတ်သက်သော လုပ်ငန်းစုများနှင့်ပါ ပူးပေါင်း လုပ်ကိုင်နေကြောင်း JFM က ဖော်ထုတ်လိုက်ပြီးနောက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများနှင့် စွပ်စွဲခံထားရသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမီး ခင်သီရိသက်မွန် ပိုင်ဆိုင်သည့် Pinnacle Asia သို့ ၂၀၂၀ ပြည့်နှစ်တွင် ရိုးမဘဏ်သည် ချေးငွေ ထုတ်ပေးခဲ့သည်။ ထိုချေးငွေသည် စစ်တပ်ပိုင် ဆက်သွယ်ရေးလုပ်ငန်း Mytel အတွက် ဆက်သွယ်ရေးတာဝါများ တည်ဆောက်ရန် Pinnacle Asia ကို ငွေကြေးထောက်ပံ့သည်။
IFC သည် ယခုအခါ ရိုးမဘဏ်မှ ၎င်း၏ ရှယ်ယာ ၄ ဒသမ ၅ ရာခိုင်နှုန်းကို FMI သို့ အမေရိကန် ဒေါ်လာ ၅ သန်းဖြင့် ရောင်းချလိုက်သည်။ ထိုငွေသည် IFC က ၂၀၁၄ ခုနှစ်တွင် ရိုးမဘဏ်ကို ချေးငွေအဖြစ် ထုတ်ပေးပြီး ၂၀၁၉ ခုနှစ်တွင် ရှယ်ယာ ခွဲဝေယူရန် သဘောတူညီခဲ့ခြင်း ဖြစ်သည်။
IFC သည် FMI နှင့် ရှယ်ယာရောင်းချမှု သဘောတူညီချက်ကို ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် လက်မှတ်ရေးထိုးကြောင်း JFM က ဖော်ပြသည်။ ရိုးမဘဏ်နှင့် IFC ဆက်သွယ်ရေး အကြီးအကဲများက ဖုန်းမကိုင်သောကြောင့် ထိုကိစ္စကို ဧရာဝတီက သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
ပြည်သူကို အကြမ်းဖက် စစ်ဆင်နေသော စစ်တပ်စီးပွားရေး လုပ်ငန်းများနှင့် ရိုးမဘဏ် မပတ်သက်အောင် မတားဆီးနိုင်သောကြောင့် IFC က ၎င်း၏ ရှယ်ယာများကို ရောင်းချလိုက်ခြင်းသည် အပြုသဘောဆောင်သည့် ခြေလှမ်းဖြစ်ကြောင်း JFM က ဖော်ပြသည်။
IFC အနေဖြင့် ရိုးမဘဏ်နှင့် တာဝန်သိသိ လမ်းခွဲရန်၊ စင်ပြိုင်အရပ်သား အစိုးရဖြစ်သော အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်ပင်ဆွေးနွေးရန်လည်း JFM က တိုက်တွန်းသည်။
“IFC အနေဖြင့် ၎င်းတို့၏ ရှယ်ယာရောင်းချသည့် အစီအမံများ၊ လူ့အခွင့်အရေးဆိုင်ရာ လုပ်ဆောင်မှုများနှင့် ရိုးမဘဏ်နှင့် စစ်တပ်၊ စစ်တပ်နှင့်ပတ်သက်သည့် လုပ်ငန်းများနှင့် အဆက်အသွယ်များကို တားဆီးရန် အားထုတ်မှုများကို ပွင့်လင်းမြင်သာစွာ လုပ်ကိုင်သင့်သည်” ဟု JFM ပြောခွင့်ရသူ မရတနာမောင်က ပြောသည်။
၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်က ရိုဟင်ဂျာများကို လူမျိုးတုံးသတ်ဖြတ်မှုအပြီး IFC သည် ရိုးမဘဏ်မှ ရှယ်ယာများကို ရယူခဲ့ကြောင်း၊ ထိုစဉ်က မြန်မာစစ်တပ်၊ ၎င်းနှင့် ပတ်သက်သည့် စီးပွားရေးလုပ်ငန်းများ၊ ကြံရာပါများကို ရိုးမဘဏ်က ထောက်ပံ့မှုများအား အထိုက်အလျောက် လုံ့လစိုက်ထုတ် စုံစမ်းစစ်ဆေးသင့်ခဲ့ကြောင်း မရတနာမောင်က ပြောသည်။
ရိုးမဘဏ်က စစ်တပ်စီးပွားရေးနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်မိသားစု စီးပွားရေးကို မထောက်ပံ့အောင် IFC က မတားဆီးနိုင်ခဲ့ခြင်းသည် ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ပြီး IFC သည် မြန်မာတွင် ဆက်လက် လုပ်ကိုင်ရန် ရည်ရွယ်ပါက စုံစမ်းစစ်ဆေး အမှားပြင်ရန် လိုအပ်သည်ဟု JFM က ထောက်ပြသည်။
IFC အနေဖြင့် အမေရိကန် ပြည်ထောင်စုက အရေးယူထားသည့် စစ်ထောက်ချုပ်ရုံးမှ ငှားထားသောမြေတွင် တည်ဆောက်ထားသော ဆူးလေစကွဲယားတွင် ရုံးခန်းငှားခြင်း ရပ်ဆိုင်းရန်နှင့် စစ်ကောင်စီ၊ ၎င်း၏ လုပ်ငန်းစုများ၊ စီးပွားဘက်များနှင့်ပတ်သက်သည့် ကျန်လုပ်ငန်းများ ရပ်ဆိုင်းရန်လည်း JFM က တောင်းဆိုသည်။
“ရိုးမဘဏ်မှ ကျန်နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများဖြစ်သည့် Norfund နှင့် GIC တို့အနေဖြင့်လည်း ၎င်းတို့၏ နိုင်ငံတကာ လူ့အခွင့်အရေး တာဝန်များနှင့်အညီ ရိုးမဘဏ်နှင့် စစ်ကောင်စီ၊ ၎င်း၏လုပ်ငန်းစုများနှင့် စီးပွားဘက်များ အဆက်အသွယ် ပြတ်အောင်လုပ်ရန် သို့မဟုတ် ရှယ်ယာများကို တာဝန်သိသိရောင်းချရန် တောင်းဆိုသည်” ဟု ဒေါ်ရတနာမောင်က ပြောသည်။
You may also like these stories:
ကမ္ဘာ့ဘဏ် အထောက်အပံ့ရ ရိုးမဘဏ်နှင့် စစ်တပ်ပိုင် Mytel တို့ ပူးပေါင်းဆောင်ရွက်နေ
ပုဂ္ဂလိကဘဏ်များတွင် နိုင်ငံခြားသား ဝန်ထမ်း ခန့်အပ်မှု ဗဟိုဘဏ် ကန့်သတ်
ရိုးမဘဏ် ငွေလွှဲဝန်ဆောင်ခ ကောက်ခံမှု ရပ်ဆိုင်း
FMI ရှယ်ယာ အမြတ်ဝေစု ယခုနှစ်တွင် ခွဲပေးမည် မဟုတ်