တရုတ်အာဏာပိုင်များက ကိုဗစ်-သုည မူဝါဒ၏ နောက်ဆုံးအဓိကကျသည့် အချက်များကို ရုတ်သိမ်းလိုက်သောအခါ နိုင်ငံတဝန်း ဆေးရုံများ မနိုင်မနင်းဖြစ်နေသော်လည်း တရုတ်ပြည်သူများသည် ပြည်ပလေကြောင်းခရီး ကြိုတင်မှာယူမှုများ အလုအယက် ပြုလုပ်နေသည်။
တရုတ်ပြည်သို့ ပြည်ပမှ လာရောက်သူများသည် ကွာရန်တင်း ဝင်ရန် မလိုတော့ကြောင်း ကျန်းမာရေး အာဏာပိုင်များက ဒီဇင်ဘာလ ၂၆ ရက်နေ့တွင်ကြေညာပြီး နောက်တနေ့တွင် လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များက တရုတ်ပြည်မကြီးမှ လူများ ပြည်ပသို့ သွားလာရန် ဇန်နဝါရီလ ၈ ရက်နေ့မှစတင်ပြီး ဗီဇာ ပြန်လည် ထုတ်ပေးမည်ဖြစ်ကြောင်း ကြေညာသည်။
တရုတ်နိုင်ငံတွင် ၂၀၁၂ ခုနှစ်က သမ္မတ ရှီကျင့်ဖျင် အာဏာရပြီးနောက် တရုတ်ပြည်မကြီးတွင် အကြီးမားဆုံး လူထုမကျေနပ်ချက် ထုတ်ဖော်မှုများ နိုဝင်ဘာလတွင် ဖြစ်လာပြီးနောက် ၂၀၂၀ ပြည့်နှစ် အစောပိုင်းကတည်းက ချမှတ်ထားသော တင်းကျပ်သည့် ကိုဗစ်ထိန်းချုပ်မှုများကို တရုတ်နိုင်ငံက ရုတ်တရက် ရုတ်သိမ်းလိုက်သည်။
ဒေါ်လာ ၁၇ ထရီလီယံရှိသည့် စီးပွားရေးကို အကြီးအကျယ် ထိခိုက်စေသည့် ကိုဗစ် ကန့်သတ်ချက်များကို သမ္မတ ရှီက ရုတ်တရက် ပြောင်းပြန်လှန်လိုက်ခြင်းသည် လူဦးရေ ၁ ဒသမ ၄ ဘီလီယံ ရှိသော နိုင်ငံတဝန်းတွင် ဗိုင်းရပ်စ်များ အဟန့်အတားမရှိ ပျံ့နှံ့ခြင်းဟု ဆိုနိုင်သည်။
နေ့စဉ် ကိုဗစ်အချက်အလက်များ ထုတ်ပြန်ခြင်းကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အမျိုးသားကျန်းမာရေး ကော်မရှင် (NHC) က လွန်ခဲ့သော သီတင်းပတ်ကုန်က ကြေညာခဲ့ပြီး တရားဝင်စာရင်းများအရ တနင်္လာနေ့အထိ ၇ ရက်အတွင်း ကိုဗစ်ကြောင့်သေဆုံးမှု တခုသာရှိကြောင်း ကြေညာလိုက်သောကြောင့် ကျန်မာရေး ကျွမ်းကျင်သူများနှင့် ဒေသခံများက အစိုးရ စာရင်းဇယားများကို သံသယ ဖြစ်လာကြသည်။ ထိုအချက်အလက်များသည် တရုတ်ထက် လူဦးရေ လွန်စွာနည်းသော နိုင်ငံများတွင်ပင် ကိုဗစ်ကန့်သတ်ချက်များ ရုတ်သိမ်းပြီးနောက် တွေ့ရသည့် စာရင်းများထက် ပိုမိုလျော့နည်းနေသည်။
သတင်းများအရ တရုတ်နိုင်ငံတဝန်း ဆေးရုံများတွင် လူနာများဖြင့် မနိုင်မနင်းဖြစ်နေပြီး ကိုရိုနာဗိုင်းရပ်စ်သည် ရှေ့တန်း ကျန်းမာရေးလုပ်သားများ အကြားတွင်လည်း ပျံ့နှံ့နေသည်ဟု ဆိုသည်။
၎င်းတို့ အလုပ်လုပ်နေသည့် ဆေးရုံများသည် သာမန်ထက် လူနာ ၆ ဆ ပိုများနေကြောင်း၊ လူနာများမှာ အထူးသဖြင့် သက်ကြီးရွယ်အိုများဖြစ်ကြောင်း ဆရာဝန်များက ဒီဇင်ဘာ ၂၇ ရက်နေ့တွင် Reuters သတင်းဌာနသို့ ပြောသည်။
ကိုဗစ်ကြောင့် သေဆုံးသူအရေအတွက် မြင့်မားနေသည့် လက္ခဏာအဖြစ် ဘေဂျင်းမှ ပီကင်း တက္ကသိုလ်နှင့် ရှန်းဟွာတက္ကသိုလ်များသည် လွန်ခဲ့သောလအတွင်း အသက်အရွယ်ကြီးရင့်သည့် ဝန်ထမ်းများ၊ ဆရာများ သေဆုံးသည့်အတွက် ဝမ်းနည်းသည့် အမှတ်တရများ ပိုမိုရေးသားလာကြောင်း ပြည်တွင်း သတင်းမီဒီယာက ဖော်ပြသည်။
ကမ္ဘာ့ ဒုတိယအကြီးမားဆုံး စီးပွားရေးဖြစ်သည့် တရုတ်နိုင်ငံက အချက်အလက် ပွင့်လင်းမြင်သာမှု မရှိဘဲ နယ်စပ်များကို ဖွင့်ပေးသည့် ဆုံးဖြတ်ချက်ကြောင့် တရုတ်၏ အိမ်နီးချင်းနိုင်ငံအချို့ကို စိုးရိမ်သောက ဖြစ်စေသည်။
ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ယာယီအရေးပေါ် အစီအမံအဖြစ် တရုတ်နိုင်ငံမှ လာရောက်သော ဧည့်သည်များအနေဖြင့် ဒီဇင်ဘာလ ၃၀ ရက်နေ့မှ စတင်ပြီး ကိုဗစ်စစ်ဆေးမှု ခံယူရန် လိုအပ်မည်ဖြစ်ကြောင်း ကြေညာသည်။ ရောဂါကူးစက်ခံထားရကြောင်း တွေ့ရသူများအနေဖြင့် သတ်မှတ်နေရာများတွင် ၇ ရက် ကွာရန်တင်းဝင်ရမည်ဖြစ်ပြီး ၎င်းတို့ထံမှ ရယူထားသည့် စစ်ဆေးမှုနမူနာများကို မျိုးဗီဇပြောင်းလဲမှု စစ်ဆေးမည်ဖြစ်ကြောင်း ပြောသည်။ တရုတ်သို့ လေကြောင်းခရီးစဉ် တိုးမြှင့်သည့် လေကြောင်းလိုင်းများကိုလည်း ကန့်သတ်မည်ဖြစ်ကြောင်း ဂျပန်အစိုးရက ပြောသည်။
“ဂျပန်မှာ စိုးရိမ်မှု မြင့်မားနေတယ်” ဟု မစ္စတာ ကီရှီဒါက ပြောသည်။ “အခြေအနေကို တုံ့ပြန်ဖို့ ယာယီအရေးပေါ် အစီအစဉ်တွေလုပ်ဖို့ ကျနော်တို့ ဆုံးဖြတ်လိုက်တယ်” ဟု ၎င်းကပြောသည်။
တရုတ်နိုင်ငံဘက်မှ သတင်းအချက်အလက် မရခြင်းနှင့် ပွင့်လင်းမြင်သာမှု မရှိခြင်းကြောင့် လုံခြုံရေး အစီအစဉ်များ ပြုလုပ်ရန် ခက်ခဲနေသည်။ ဗဟိုနှင့် ဒေသဆိုင်ရာ အစိုးရများအကြား၊ အစိုးရနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများအကြား အချက်အလက်ကွာဟမှု အကြီးအကျယ် ဖြစ်နေသည်ဟု မစ္စတာ ကီရှီဒါက ပြောသည်။
တရုတ်နိုင်ငံ ခရီးသွားလုပ်ငန်းစာမျက်နှာ Ctrip မှ အချက်အလက်များအရ ဒီဇင်ဘာလ ၂၆ ရက်ည ကွာရန်တင်း ရုတ်သိမ်းမှု စတင်ပြီး နာရီဝက်အတွင်း လူသိများသော နယ်စပ်ဖြတ်ကျော် ခရီးစဉ်များကို ရှာဖွေမှု ၁၀ ဆ တိုးလာကြောင်း သိရသည်။ မက္ကာအို၊ ဟောင်ကောင်၊ ဂျပန်၊ ထိုင်းနှင့် တောင်ကိုရီးယားတို့သည် ရှာဖွေမှု အများဆုံး ခရီးစဉ်များဖြစ်ကြောင်း ထိုအင်တာနက်စာမျက်နှာက ဖော်ပြသည်။ Trip.com မှ အချက်အလက်များတွင်လည်း ပြည်ပသို့ ထွက်ခွာသည့် ခရီးစဉ်များသည် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ယခင်တရက်ကထက် ၂၅၄ ရာခိုင်နှုန်း တိုးလာကြောင်း ဖော်ပြထားသည်။
ခရီးသွားလာမှု ကန့်သတ်ချက်များကို တရုတ်နိုင်ငံမှလူအများစုက ပျော်ရွှင်စွာ ကြိုဆိုသော်လည်း ကိုဗစ်ကို ရင်ဆိုင်ရန် ဆေးဝါးများကို အလုအယက် ဝယ်ယူနေသူ အများအပြားလည်း ရှိသည်။ အာဏာပိုင်များသည် ဆေးဝါးများ ထုတ်လုပ်မှုကို အရေးပေါ်နေရာများတွင် ထုတ်လုပ်ခြင်း အပါအဝင် ဆေးဝါးရင်းမြစ်များကို စနစ်တကျ ဖြန့်ကြက်ထားရန် အစီအစဉ်များ လုပ်ဆောင်နေသည်။
ဖျားနာနေသော ဆရာဝန်များနှင့် သူနာပြုများကို အလုပ်ဆင်းရန် ညွန်ကြားထားသလို ကျေးလက်ဒေသမှ အငြိမ်းစား ကျန်းမာရေးဝန်ထမ်းများကိုလည်း အကူအညီပေးရန် ပြန်လည် ခေါ်ယူထားသည်ဟု နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။ “ဒေသတချို့က ဆေးရုံအရေးပေါ်ဌာနတွေနဲ့ အထူးကြပ်မတ်ကုသမှု ဌာနတွေမှာ ဖိအားအရမ်းများနေတယ်” ဟု အမျိုးသားကျန်းမာရေး အရာရှိတဦးက သတင်းထောက်များကို ပြောသည်။
ကပ်ရောဂါအတွင်း အထိခိုက်ဆုံးဖြစ်သော အစားအသောက် ဝန်ဆောင်မှုနှင့် ခရီးသွားလုပ်ငန်းမှ အသေးစားနှင့် ပုဂ္ဂလိက အလတ်စား စီးပွားရေး လုပ်ငန်းများအတွက် ဘဏ္ဍာရေးအကူအညီ ပိုမိုပေးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ဘဏ်လုပ်ငန်းနှင့် အာမခံလုပ်ငန်း စည်းမျဉ်းချုပ်ကိုင်သူများက ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ပြောသည်။
တရုတ်နိုင်ငံတွင် ကိုဗစ်နှင့် ပတ်သက်သည့်ဆေးဝါး မလုံလောက်မှုကြောင့် အိမ်နီးချင်း ထိုင်ဝမ်တွင် အကိုက်အခဲပျောက်ဆေးများ အလုအယက် ဝယ်ယူမှု ဖြစ်စေသည်။ ဘေဂျင်းနှင့် ရှန်ကျန်းတွင် အလုပ်လုပ်ပြီး တိုင်ပေသို့ အားလပ်ရက်ပြန်လာသည့် ထိုင်ဝမ်သား နှစ်ဦးက ၎င်းတို့ ပြည်မကြီးသို့ ပြန်သောအခါ Panadol နှင့် ဆက်စပ်ဆေးဝါးများကို ရက်သတ္တပတ် အတန်ကြာ သိုလှောင်ထားမည်ဟု Guardian သို့ ပြောသည်။
ဝယ်လိုအား မြင့်မားနေသောကြောင့် ထိုင်ဝမ်အစိုးရသည် အချို့ အကိုက်အခဲပျောက်ဆေးများ အများအပြား ဝယ်ယူခြင်းကို ကန့်သတ်ရန် စဉ်းစားခဲ့သော်လည်း အာဏာပိုင်များသည် ဆေးတိုက်များနှင့် လက်လီ အရောင်းဆိုင်များမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီးနောက် ထိုသို့ ထိန်းချုပ်မှု လုပ်မည်မဟုတ်ကြောင်း ထိုင်ဝမ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန အကြီးအကဲက သတင်းထောက်များကို ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ပြောသည်။
ကိုးကား ။ ။ The Guardian သတင်း Rush to book flights as China scraps Covid travel restrictions
တရုတ် လော့ဒေါင်း ဖြေလျှော့၍ မြန်မာ့ ဖရဲ၊ သခွား ဈေးကွက် ပြန်ကောင်းလာ
မြန်မာကို ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ထိုင်းက နယ်စပ်ဖြတ်ကျော်ခွင့်ပေးပါ
တချို့က ဖြဲခြောက်တယ်၊ တချို့က လျှော့ပေါ့ပြောနေကြတယ်