တရုတ်နိုင်ငံတွင်း ကိုဗစ်ကူးစက်မှု မြင့်နေခြင်း နှင့် ထိုင်း-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ တိုက်ပွဲများကြောင့် မြန်မာဘက်က နယ်စပ်ဂိတ်များ ဖွင့်လှစ်ရန် စောင့်ကြည့်နေဆဲဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံဘက်က ဇန်နဝါရီလ ၈ ရက်နေ့မှ စ၍ ၃ နှစ်နီးပါးပိတ်ထားခဲ့သော မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဂိတ် အပါအဝင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း တရုတ်ဘက်ခြမ်း ရွှေလီမြို့ တွင် ကိုဗစ်ကူးစက်မှု မြင့်နေခြင်းကြောင့် မြန်မာဘက်က နယ်စပ်ဂိတ်များကို ဇန်နဝါရီ ၁၀ အထိ ဖွင့်လှစ်ခြင်းမရှိကြောင်း မူဆယ်နယ်စပ် ကုန်သည်များက ဧရာဝတီသို့ ပြောသည်။
ဆန်ကုန်သည်တဦးက “ မြန်မာဘက်က မူဆယ်တို့ နမ့်ခမ်းတို့ဘက်မှာက အခုက ကိုဗစ်က ဇီးရိုးလေ။ ဂိတ်ပြန်ဖွင့်လို့ လူ အဝင်အထွက် ထောင်ချီဖြစ်မှာ။ အဲဒီလိုဆိုရင် ကိုဗစ်ပိုးက ပါလာမှာပဲလေ။ ကိုဗစ်ကူးစက်မှု ပြန်ဖြစ်လာမှာကို စိုးရိမ် တဲ့ အတွက်ကြောင့် ကျန်းမာရေးကို ပထမဦးစားအဖြစ် ရှေးရှုပြီး မြန်မာဘက်က မဖွင့်တာ ” ဟု ပြောသည်။
လက်ရှိအချိန်တွင် မူဆယ်ကုန်သွယ်ရေးဇုန်ရှိ ကျင်စန်းကျော့ဂိတ်တခုကိုသာ ကုန်သွယ်ရေးအတွက် ဖွင့်ထားဆဲဖြစ်ပြီး မန့်ဝိန်း၊ နန်းတော်၊ ဆင်ဖြူနှင့် ပန်ဆန်းဂိတ် ၄ ခုကို ဆက်လက် ပိတ်ထားဆဲ ဖြစ်ကြောင်း သိရသည်။
“တရုတ်ဘက်လူတွေကလည်း နှစ်သစ်ကူးနီးလာတော့ မြန်မာဘက်ကို ဝင်လာချင်ကြတယ်။ တရုတ်ဘက်မှာ ၃ နှစ် လောက် ပိတ်မိနေတဲ့ မြန်မာတွေကလည်း ပြန်ဝင်လာချင်ကြတယ်။ ဒီဘက်ကတော့ စီးပွားရေးကို နောက်ပို့ပြီး ဆက်ပိတ် ထားဖို့ကို ဆုံးဖြတ်ခဲ့ကြတာ ” ဟု သူက ဆက်ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်နေ့က နယ်စပ်ဂိတ်ပေါက်များမှ ကုန်ဝင်ကုန်ထွက် ခွင့်ပြုရေးကိစ္စရပ်များနှင့် ပတ်သက်၍ တရုတ်ဘက်မှ ရွှေလီမြို့တော်ဝန် Mr. Shang La Brin ဦးဆောင်သော အဖွဲ့နှင့် မူဆယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုး ဦး ဆောင်သောအဖွဲ့တို့ အွန်လိုင်းမှ အစည်းအဝေး တရပ် ဆွေးနွေးခဲ့ကြသည်။
ထိုအစည်းအဝေး၌ ဇန်နဝါရီလ ၈ ရက်တွင် လူဝင်လူထွက် ခွင့်ပြုခြင်းကို တရုတ်စံတော်ချိန် နံနက် ၈ နာရီမှ ည ၉ နာရီ အထိ ဖွင့်သွားမည်ဖြစ်ပြီး၊ တရုတ်ဘက်မှ နယ်စပ်ဂိတ်ပေါက်များကို ဝင်ထွက်ခွင့်ပြုရာတွင် ၄၈ နာရီအတွင်း ကိုဗစ် ကင်းစင် ကြောင်း ဆေးစစ်ချက် အထောက်အထား တင်ပြခြင်း၊ နှာခေါင်းစည်း တပ်ဆင်ခြင်းနှင့် လူဝင်လူထွက်ခွင့်ပြုရာတွင် မြန်မာ- တရုတ် နှစ်နိုင်ငံကြား (MoU) ရေး ထိုးထားသည့် စာအုပ်အနီ ကိုင်ဆောင်သူများကိုသာ ခွင့်ပြုမည် ဖြစ်ပြီး Temporary Border Pass ကိုင်ဆောင်ထားသူများကို ဝင်ခွင့်ပြုမည် မဟုတ်ကြောင်း၊ မြန်မာနိုင်ငံအတွင်းသို့ ခရီးသွားလာခွင့်နှင့် ပတ်သက်၍ ၁၄ ရက်အတွင်း ကိုဗစ် ကာကွယ်ဆေး အပြည့်အဝ ထိုးနှံသည့်အထောက်အထားနှင့် ၄၈ နာရီအတွင်း ကိုဗစ်ပိုးမရှိကြောင်း ဆေးစစ်ချက်ကို ပြရမည်ဟု တရုတ်ဘက်က ဆိုထားသည်။
ယင်းသို့ နှစ်နိုင်ငံကြား ဆွေးနွေးထားသော်လည်း တရုတ်နိုင်ငံ ရွှေလီမြို့တွင် ကိုဗစ်ကူးစက်သူဦးရေမှာ မြို့နေလူဦးရေ၏ ၈၀ ရာခိုင်နှုန်းခန့် ကူးစက်မှု ရှိနေခြင်းကြောင့် မြန်မာဘက်မှ နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်မည့်အချိန်ကို ထပ်မံစောင့်ကြည့် နေဆဲဖြစ်ကြောင်း နှစ်နိုင်ငံကြားဆွေးနွေးမှုတွင် ပါဝင်ခဲ့သည့် ကုန်သည်များထံမှ သိရသည်။
မူဆယ်မြို့ခံကုန်သည်တဦးက “ မြန်မာဘက်ကတော့ ကိုဗစ်ကြောင့်ဆိုပြီး တိုက်ရိုက်အကြောင်း ပြတာတော့ မဟုတ်ဘူး ပေါ့။ MoU ပြန်ထိုးရမယ့် ပုံစံမျိုးပေါ့။ နယ်စပ်ဂိတ် ပြန်ဖွင့်ကို နေပြည်တော်နဲ့ ပီကင်း သဘောတူညီမှု ယူပြီးမှ Pass လုပ် မယ်ဆိုတဲ့ သဘောမျိုးရှိတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
နှစ်နိုင်ငံကြား နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ပါက ကုန်သွယ်ရေး အပါအဝင် အများပြည်သူများ ကူးလူး ဆက်ဆံရေးပိုင်း တွင် ယခုထက် အဆင်ပြေလွယ်ကူလာနိုင်သော်လည်း ကိုဗစ်ဆိုင်ရာကန့်သတ်ချက်များဖြင့် ဆောင်ရွက်နေရဦး မည်ဖြစ် ကြောင်း နယ်စပ်ကုန်သည်များက ပြောဆိုကြသည်။
လတ်တလောတွင် မူဆယ်နယ်စပ်ကုန်သွယ်ရေးတွင် မြန်မာဘက်မှ ဖရဲ၊ သခွား၊ ဆန် ၊ ဆန်ကွဲ ၊ ပဲ ၊ ပြောင်း အစရှိသော စိုက်ပျိုးရေးထွက်ကုန်များ နှင့် ရေထွက်ကုန်ကား အစီး ၁၂၀ ခန့် နေ့စဉ်တင်ပို့ လျက်ရှိပြီး တရုတ်နိုင်ငံဘက်မှလည်း လူသုံးကုန် နှင့် လုပ်ငန်းသုံးပစ္စည်းများ တင်သွင်းလာသော ကုန် ကားအစီး ၄၀ ခန့် ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ထို့အတူ ထိုင်း-မြန်မာ နယ်စပ်ဂိတ်ဖြစ်သော မြဝတီ-မဲဆောက် အမှတ် ၁ တံတားကို ထိုင်းအာဏာပိုင် များက လာမည့် ဇန်နဝါရီလ ၁၂ ရက်နေ့၊ မနက် ၉ နာရီတွင် ပြန်လည်ဖွင့်လှစ်မည်ဟု တရားဝင် ကြေညာပြီး နယ်စပ်ဂိတ်ဖွင့်ပွဲသို့ တက်ရောက်ရန် သက်ဆိုင်ရာရုံး အဖွဲ့အစည်းများထံ ဖိတ်ကြားစာများ ပေးပို့ထားကြောင်း ထိုင်းသတင်းမီဒီယာများတွင် ဖော်ပြနေသော်လည်း ဧရာဝတီမှ စုံစမ်းရရှိသည့် မြဝတီမြို့ခံ ကုန်သည်များဘက်တွင်မူ မြန်မာဘက်မှ တိကျသော မူဝါဒ မထွက်လာသေးကြောင်း သိရသည်။
မြဝတီမြို့ခံ လုပ်ငန်းရှင်တဦးက “ ပြန်ဖွင့်ဖို့က ထိုင်းဘက်ကပဲ ပြောနေတာ။ ဒီမှာက ပြန်ဖွင့်ဖို့ မဖွင့်ဖို့ကို လဝက (လူဝင်မှုကြီးကြပ်ရေး) လူတွေတောင် သေချာမသိသေးဘူး။ ကျနော်တို့လည်း ဘာမှမကြား သေးဘူး။ ကျနော်တို့တော့ ဖွင့်နိုင်ဦးမယ်မထင်ဘူး။ မြေပြင်အခြေအနေမှာကလည်း တိုက်ပွဲက မငြိမ် သေးဘူး၊ တံတား ၁ မှာကလည်း ဗုံးက ၂ ခါတောင် ပေါက်ထားတာဆိုတော့လေ ” ဟု ပြောသည်။
အဆိုပါ မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား နယ်စပ်ဂိတ်အား ၂၀၂၀၊မတ်လ အတွင်းက ကိုဗစ် ကပ်ရောဂါကြောင့် ပိတ်ထားခဲ့ရာမှ ၃နှစ်နီးပါးအကြာတွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာခြင်း ဖြစ်သည်။
အလားတူ မြဝတီမြို့ခံ ကုန်သည်တဦးကလည်း “သေချာတော့ မသိသေးဘူး၊ မီးမရသေးလို့မဖွင့်တာလို့ပြောနေကြတာပဲ” ဟုဆိုသည်။
ဒီဇင်ဘာလယ်က မြဝတီမြို့ သင်္ကန်းညီနောင်ရှိ လျှပ်စစ်ဓာတ်အားပေးစနစ်နှင့် ပင်မထရန်စဖော်မာ တိုက်ခိုက်ခံရသည့် အတွက် လတ်တလော မြဝတီမြို့တွင် လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်နေသည်။
လက်ရှိအချိန်တွင် နယ်စပ်ကုန်သွယ်ရေးကို မြဝတီ-မဲဆောက် အမှတ် ၂ တံတားမှ ပုံမှန်အတိုင်း ဆောင် ရွက်နေဆဲ ဖြစ်သော်လည်း ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော အာရှလမ်းမကြီးတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ကုန်စည် သယ်ယူပို့ဆောင်ရေး အခက်အခဲရှိပြီး ကုန်စည်တချို့ပြတ်လပ်ခြင်း ကြုံတွေ့နေရကြောင်း သိရသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့များ နှင့် စစ်ကောင်စီတပ်များကြား ပြီးခဲ့သည့် ဒီဇင်ဘာလ နှင့် ယခု ဇန်နဝါရီလအစ ပိုင်းအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ ကြောင့် အာရှလမ်းမကြီးပေါ်ရှိ တံတား ၃ စင်း ပျက်စီးသွား ခဲ့ပြီး ကုန်စည်စီးဆင်းမှုများမှာလည်း လက်ရှိအချိန်အထိ ကြန့်ကြာလျက်ရှိသည်။
ထို့ပြင် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဖြစ်သည့် မြဝတီနယ်စပ်ကုန်သွယ်ရေးမှာ လမ်းခရီး တ လျှောက်တွင် စစ်ကောင်စီ၏ စစ်ဆေးမှုများ တင်းကျပ်သောကြောင့် နှောင့်နှေးကြန့်ကြာခြင်း၊ ပေး ဆောင်ရသည့် ဝန်ဆောင်ခ များခြင်း၊ ကုန်သွယ်ရေးနှင့် သက်ဆိုင်သည့် သွင်းကုန်ပို့ကုန်မူဝါဒများ ဖြစ်သည့် ပို့ကုန်ရငွေများကို ၆၅ ရာခိုင်နှုန်း ဖြတ်ယူခြင်း၊ ပို့ကုန်တင်သွင်းသည့် ပမာဏနှင့် ညီမျှသည့် သွင်းကုန်ကိုသာ တင်သွင်းခွင့်ပြုခြင်း စသည့် အခြေအနေများကြောင့်လည်း ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေးတွင် အခက်အခဲများဖြစ်ပေါ်နေလျက်ရှိကြောင်း ကုန်သည်များက ပြောကြသည်။
မြန်မာ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ် နှင့် ထိုင်းနိုင်ငံတို့သည် ကိုဗစ်ကြောင့် ကျဆင်းခဲ့သော စီးပွားရေးကို ပြန်လည်အရှိန်မြှင့်တင်ရန် နှစ်နိုင်ငံနယ်စပ်ဂိတ်များကို ပြန်လည်ဖွင့်လှစ်လိုသော ဆန္ဒရှိနေကြကြောင်း ကုန်သည်များက သုံးသပ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၅ရက် မြန်မာနိုင်ငံဆိုင်ရ ထိုင်းသံအမတ်ကြီး Mr. Mongkol Visitstump နှင့် ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီး ဒေါက်တာကံဇော်တို့ နေပြည်တော်တွင် တွေ့ဆုံကာ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှု နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများ ဆွေးနွေးကြောင်း စစ်ကောင်စီသတင်းစာက ဖော်ပြသည်။
မြန်မာ့ပို့ကုန်၏ ၈၀ ရာခိုင်နှုန်းခန့်ကို တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံ ဈေးကွက်သို့ အဓိကတင်ပို့နေလျက်ရှိပြီး အများစုမှာ နယ်စပ်ကုန်သွယ်ရေးမှဖြစ်ကာ ကမာ္ဘ့ကပ်ရောဂါ ကိုဗစ် ၁၉ ဖြစ်ပွားလာချိန်တွင် နယ်စပ်ကုန်သွယ်ရေးနှင့် ကူးလူးဆက် ဆံမှု များကို ကန့်သတ်လိုက်ပြီးနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနစာရင်းများအရ တရုတ်-မြန်မာ ကုန်သွယ်မှုတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်နှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အတွင်း အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော် ကျဆင်းခဲ့ကြောင်း သိရသည်။
You may also like these stories:
နယ်စပ် ကုန်သွယ်ရေး စည်းကမ်းတချို့ တရုတ် ပြန်လည် ဖြေလျှော့ရန်ရှိ
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ရပ်လုနီးပါး ဖြစ်နေ
အာရှလမ်းပိတ်ထား၍ မြဝတီနယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းလုနီးပါးဖြစ်
တရုတ်-မြန်မာနယ်စပ်ဂိတ်များ လာမည့်နှစ်ဆန်း၌ ပြန်ဖွင့်မည်
လာတော့မည့် တရုတ်ခရီးသည်များအား ကာကွယ်ဆေးထိုးပေးရန် ထိုင်းခရီးသွားဝန်ကြီး တောင်းဆို