စီးပွားရေး

ရွှေတကျပ်သား ၂၇ သိန်းထက် ပိုရောင်းပါက လိုင်စင်ပိတ်မည်ဟု သတိပေး

ပြည်တွင်းဈေးကွက်တွင် ရွှေတကျပ်သားကို ကျပ်၂၇ သိန်းထက်ပို ရောင်းပါက ဆိုင်ပိုင်ရှင်များအား လိုင်စင် ပိတ် သိမ်းကာ အမည်ပျက်စာရင်းသွင်းမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ လက်အောက်ခံ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင် များအသင်း (YGEA) က ဇန်နဝါရီ ၁၁ ရက်တွင် သတိပေးချက်တစောင် ထုတ်ပြန်ထားသည်။

ရွှေဈေးကွက်အတွင်း ဈေးကစားခြင်း၊ ဈေးဆွဲတင်ခြင်းများပြုလုပ်သောကြောင့် ယခုလ ၁၁ ရက်မှစတင်ကာ ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် သက်ဆိုင်သော တာဝန်ရှိ အဖွဲ့အစည်းများက ဈေးကွက်အတွင်း စစ်ဆေးမှု များကို စတင် ဆောင်ရွက်နေကြောင်းလည်း သိရသည်။

YGEA အသင်းတာဝန်ရှိသူက “ဌာနဆိုင်ရာက စစ်ဆေးတာတွေ လုပ်တော့ ဆိုင်တွေဈေးနှုန်းက ပေါက်တဲ့ဈေး၂၇ သိန်းအောက်မှာ ရှိတယ်။ အပြင်က ဈေးကစားတဲ့သူတွေ က ဆွဲတင်ပြီး အရောင်းဝယ်လုပ်ကြလို့ ထုတ်တာ၊ ဆိုင်တွေကိုတော့ မြို့တော်စည်ပင်နဲ့ ဌာနဆိုင်ရာတွေ ပူးပေါင်းပြီး တော့ ထိန်းကျောင်းနေတယ်” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိ မြန်မာ့ရွှေဈေးမှာ အကယ်ဒမီ အခေါက်ရွှေ တကျပ်သားလျှင် ကျပ်၂၈ သိန်းနှင့် ကျပ်၂၉ သိန်းကြားတွင် အရောင်းအဝယ်ဖြစ်နေပြီး စစ်ကောင်စီ၏ ထိန်းချုပ်မှုကြောင့် ရွှေဆိုင်များမှာ ကျပ်၂၇ သိန်းသာ သတ်မှတ်ပြီး ရောင်း သော်လည်း လက်ခနှင့် အလျော့တွက်ကို သတ်မှတ်ကာ ပေါက်ဈေးနှင့် ညှိယူ၍ ရောင်းချခြင်း ပြုလုပ်နေကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တဦးက “ရွှေဈေးကွက်က‌တော့ အခုလို အတင်းအကျပ် လိုက်ထိန်းချုပ်ထားတော့ လုပ်ရ ကိုင်ရ ခက်တယ်။ သူ့ပေါက်ဈေးအတိုင်း သွားမှာပဲ။ အခုလို ထိန်းချုပ်တာက ခေတ်အဆက်ဆက် လုပ်ခဲ့တာပဲ၊ တခါမှ လည်း အောင်မြင်ခဲ့တာ မဟုတ်ဘူး။ သူတို့က ၂၇ သိန်းကျော်အောင် မရောင်းနဲ့ဆို မရောင်းကြဘူးပေါ့။ ဒါပေမယ့် အလျော့တွက်ခတွေ ပိုယူကြတာပေါ့။ သူတို့ ဒီဈေးကျော်အောင် မရောင်းရဆိုတာ ထိန်းချုပ်ထားတာတော့ ကြာပါပြီ။ အရေးယူမယ်ဆိုတာတော့ အခုမှ ထုတ်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။

ယခုလို ဈေးကွက်ကို ထိန်းချုပ်ထားခြင်းကြောင့်လည်း လက်ရှိတွင် ဈေးကွက်အတွင်း မှောင်ခိုသာ အရောင်းအဝယ် ဖြစ်နေခြင်းဖြစ်ပြီး YGEA ရုံးခန်းမှာပင် အရောင်းအဝယ်လုပ်သည့် ရွှေကုန်သည်မှာ မရှိသည့် အခြေအနေဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဆက်လက်၍ ၎င်းက “အခု ကမာ္ဘ့ ရွှေဈေးက တော်တော်တက်သွားတာ။ ဒီရက်ပိုင်းအတွင်းမှာပဲ တအောင်စကို အမေရိကန်ဒေါ်လာ ၁၉၀၀ နီးပါးလောက်ထိ တက်သွားတာ။ ပြည်တွင်းရွှေဈေးကလည်း ကမာ္ဘ့ရွှေဈေးတက်တော့ တက်သွားတာ။ လိုက် တက်တာပေါ့။ ကမာ္ဘ့ရွှေဈေးတက်တာကတော့ အမေရိကန် စီးပွားရေးအခြေအနေတွေ၊ ကြေညာချက်တွေကြောင့် တက်သွားတာပါပဲ” ဟု လက်ရှိ ရွှေဈေးကွက် တက်နေသည့် အခြေအနေကို ရှင်းပြသည်။

စစ်ကောင်စီသည် ထိန်းချုပ်မှုများ မည်သို့ပင် လုပ်နေစေကာမူ ဈေးကွက်အတွင်း မှောင်ခိုဈေးကွက် ကြီးထွားလာ ခြင်းနှင့် ရွှေဝယ်သူများ နစ်နာသည့် ကိစ္စရပ်များသာ ဖြစ်လာပြီး ရွှေဝယ်သူများ အနေဖြင့်လည်း မိမိဝယ်ယူမည့် ရွှေဈေးအလျော့တွက်နှင့် လက်ခ မည်မျှယူသည် အစရှိသည်တို့ကို သေချာစွာ မေးမြန်း ဝယ်ယူသင့်ကြောင်း ၎င်းက အကြံပြုပြောဆိုသည်။

ရန်ကုန်မြို့ရှိ ရွှေဆိုင်ပိုင်ရှင် တဦးက “ရွှေဝယ်ရင် ဈေးကတော့၂၇ သိန်းပေါ့။ ဒါပေမယ့် အလျှော့တွက်မှာ အရင် ၁ ပဲ သားဖိုး ပိုယူနေတာက အခု ၂ ပဲသားဖိုး ပိုယူရင် ဝယ်သူက မေးရမယ် ဘာကြောင့်ပိုယူလဲ ရွှေပြန်ရောင်းရင် ဒါက ပေါင်းထည့်ပေးမှာလားပေါ့။ အဲဒီတော့မှ ဆိုင်က သူပိုယူတဲ့ တပဲသားပိုး ပေါင်းထည့်ပေးမယ် ရေးပေးရင် ပိုစိတ်ချရ တာပေါ့။ အဲဒီလို မရေးပေးထားရင်တော့ ပြန်လာရောင်းတဲ့အခါ ဝယ်သူက နစ်နာနိုင်တယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အထိ ကမာ္ဘ့ရွှေဈေးနှုန်းမှာ တအောင်စလျှင် အမေရိကန် ၁၈၂၃ ဒေါ်လာ နှင့် မြန်မာ့ရွှေဈေးမှာ အကယ်ဒမီအခေါက်ရွှေတကျပ်သား ကျပ်၂၆ သိန်း ၉ သောင်းကျော်ရှိခဲ့ရာမှ ယခု ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်တွင် ကမာ္ဘ့ရွှေ တအောင်စ ၁၈၉၈ ဒေါ်လာနှင့် မြန်မာ့အကယ်ဒမီအခေါက်ရွှေ တကျပ်သား ကျပ် ၂၈ သိန်းမှ၂၉ သိန်း ကြားဝန်းကျင်ထိ ဈေးတက်လာကြောင်း သိရသည်။

ယင်းသို့ ဈေးနှုန်းများ မြင့်တက်လာခြင်းမှာ ကမာ္ဘ့ရွှေဈေးမြင့်တက်မှုကြောင့် မြန်မာ့ရွှေဈေး လိုက်ပါမြင့်တက်လာခြင်း ဖြစ်သည်ဟု ရွှေကုန်သည်များက ပြောသော်လည်း YGEA အသင်းကမူ ရွှေဈေးများ မြင့်တက်နေခြင်းမှာ ကောလဟ လသတင်းများဖြန့်ပြီး ဈေးကစားရန် ကြိုးပမ်းမှုများကြောင့် ဖြစ်ကြောင်း၊ သို့ဖြစ်၍ ဈေးကစားရန် ကြိုးစားသူများကို ဖော်ထုတ်အရေးယူသွားမည်ဟုလည်း ထုတ်ပြန်ထားခြင်း ဖြစ်သည်။

YGEA အသင်းရုံးမှာပင် ဒီဇင်ဘာလ ၃၁ ရက်က ၂၁ သိန်း ၄ သောင်းသာ ရှိခဲ့သော မြန်မာ့ရွှေဈေးမှာ ယခု ဇန်နဝါရီလ ၁၃ ရက်တွင် ကျပ်၂၂ သိန်း ၃ သောင်းကျော်ထိ ကျပ် ၁ သိန်းဝန်းကျင် မြင့်တက်လာကြောင်း ၎င်းတို့၏စာရင်းများ တွင် ဖော်ပြထားချက်အရ သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဘဏ်စနစ် ယိုယွင်းကာ ငွေကြေး ဖောင်းပွလာသလို ပြည်တွင်းရွှေဈေးနှုန်းမှာလည်း စံချိန်တင်ဈေးထိ မြင့်တက်နေခြင်းကြောင့် ရွှေဈေးကွက်ကို ထိန်းချုပ်ရန်အတွက် ယခုနှစ်အတွင်း စစ်ကောင်စီက နည်း မျိုးစုံဖြင့် လုပ်ဆောင်လာနေသည့်တိုင် ပြည်တွင်းရွှေဈေးမှာ အမြင့်ဈေး၌သာ ဆက်လက်ရှိနေကြောင်း ရွှေလုပ်ငန်းရှင် များထံမှ သိရသည်။

Loading