မန္တလေးတိုင်း မိုးကုတ်မြို့နယ်ရှိ ကျောက်မျက်လုပ်ကွက်များကို တော်လှန်ရေးရန်ပုံငွေနှင့် သယံဇာတ စနစ်တကျတူးဖော် ထုတ်ယူသုံးစွဲနိုင်ရေး အတွက် ပြည်တွင်း ပြည်ပ စီးပွားရေးလုပ်ငန်းရှင်များကို ၁၀နှစ်နှင့် အထက်လုပ်ကိုင်ခွင့်များ ချပေးရန် စီစဉ်နေကြောင်း ဇန်နဝါရီ ၁၅ရက်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံရေး ဝန်ကြီးဌာန သတင်းစာ ရှင်းလင်းပွဲတွင် ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။
“စီးပွားရေးဆိုင်ရာ ခေတ်အဆက်ဆက် အာဏာရှင် လူတစုက လက်ဝါးကြီးအုပ်ထားတာကို တရားမျှတမှု ရရှိအောင် ပြန် လည်ပြီးတော့ ဆောင်ရွက်တာဖြစ်ပါတယ်။ စစ်အာဏာရှင်တွေရဲ့ အကျိုးစီးပွားတွေကိုသာ အထောက်အကူပြုခဲ့တဲ့ ဒီလုပ် ငန်းတွေကို ဒီအချိန်မှာ ကျနော်တို့က ပြန်လည်ပြီးတော့ ပြည်သူလူထုအကျိုးစီးပွားရေးကို ဦးတည် ဆောင်ရွက်တာ ဖြစ်ပါ တယ်။ ဒီကာလမှာ ပြန်လည်တည့်မတ်ပြီးတော့ ပြည်သူလူထုအတွက် နိုင်ငံတော်အတွက် ရသင့်ရထိုက်တာတွေ ရအောင် ပြန်လည် စီမံအကောင်အထည် ဖော်ရတာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
NUG ၏ ပြည်ထောင်စုအဆင့် သယံဇာတ စီမံအုပ်ချုပ်ရေးအဖွဲ့ကလည်း မိုးကုတ်ရတနာမြေ လုပ်ကွက်များကို စိတ်ဝင် စားသည့် ပြည်တွင်း၊ ပြည်ပစီးပွားရေး လုပ်ငန်းရှင်များကို ဖိတ်ခေါ် မည်ဖြစ်ကြောင်း ဝန်ကြီး ဦးတင်ထွန်းနိုင်က ဆိုသည်။
ယင်းစီမံချက်မှာ NUG အစိုးရ၏ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှ ၂၀၂၃ ခုနှစ် စက်တင်ဘာလ အထိ တော်လှန်ရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်မည့် စီမံကိန်းများထဲက တခုလည်း ဖြစ်ပြီး တော်လှန်ရေးအလွန်ကာလ အကောင်အထည် ဖော်ရန် စီစဉ်ထားကြောင်း သိရသည်။
မိုးကုတ် ကျောက်မျက်လုပ်ကွက်များကို အကောင်အထည်ဖော်ရန် NUG အစိုးရ၏ ပြည်ထောင်စုအဆင့် သယံဇာတ အစီအမံအုပ်ချုပ်ရေးမှ တဆင့် ကျွမ်းကျင်ပညာရှင်များ၊ ဥပဒေပညာရှင်များနှင့် နိုင်ငံတကာမှ လုပ်ထုံးလုပ်နည်းများကို လေ့လာ၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
NUG ၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းက ယင်းကျောက်မျက်လုပ်ကွက်များကို ယခင်က အာဏာပိုင်များနှင့် ဆက်စပ်သူများကိုသာ ရက်တို၊ နှစ်တိုဖြင့် လုပ်ပိုင်ခွင့်ပေးခဲ့ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စနစ်တကျ တူးဖော် ရေးများကို လုပ်ဆောင်ခြင်းမရှိဘဲ လုပ်ကိုင်ခဲ့ကြကြောင်း ဆိုသည်။
ဆက်လက်၍ ၎င်းက “တော်လှန်ရေးအတွက် ရန်ပုံငွေ ဖြည့်တင်းဖို့ ဖြစ်သလို သယံဇာတကို စနစ်တကျ တူးဖော် လုပ်ကိုင်ဖို့ ဖြစ်ပါတယ်” ဟုပြောသည်။
ထို့ပြင် နိုင်ငံတကာ အကြံပေးပုဂ္ဂိုလ်များကလည်း ကျောက်မျက်လုပ်ကွက်များကို နှစ်ရှည်ပေးသင့်သည်ဟု အကြံပြု ပြောဆိုကြောင်း၊ ထိုမှသာ အချိန်ယူကာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိအောင် စနစ်တကျ ထုတ်ယူနိုင်မ ည်ဖြစ်ကြောင်း ဦးစိုးသူရထွန်းက ပြောသည်။
ယင်းစနစ်မျိုးကို တော်လှန်ရေးတွင် ပါဝင်နေသည့် ပြည်သူများနှင့် အတူဆောင်ရွက်သင့်သည်ဟု ဆိုကာ မိုးကုတ် ရတနာမြေ စီမံကိန်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်ပြီး ယခုစီမံကိန်းတွင် အစိုးရမှ ၅၁ ရာခိုင်နှုန်းနှင့် လုပ်ငန်းရှင်ဘက်မှ ၄၁ ရာခိုင်နှုန်း ရရှိမည့် ရှယ်ယာစနစ်ဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
လုပ်ကိုင်နိုင်မည့် ကျောက်မျက်တူးဖော်ရေး လုပ်ကွက်များကိုလည်း သေချာစိစစ်ရွေးချယ်ထားသလို လုပ်ကွက်များကို ဧက ၃၀၊ ဧက ၅၀ စသည်ဖြင့် လက်တွေ့ကျသည့် နည်းလမ်းဖြင့် လုပ်ဆောင်ရန် စဉ်းစားထားပြီး တဆင့်ငှားရမ်းခွင့်များ၊ အခွန် ကောက်ခံခွင့်များနှင့် အငြင်းပွားမှုများ မရှိအောင်လည်း ဥပဒေပိုင်းအရ စီစဉ်ထားကြောင်း သိရသည်။
ဆက်လက်၍ ဝန်ကြီး ဦးစိုးသူရထွန်းက “ငွေရေးကြေးရေးအရ ပြောမယ်ဆိုရင် ၁၀ နှစ်အကြာမှာ ဒေါ်လာ ၁၀ သန်းရနိုင်တဲ့ လုပ်ကွက် တခုကို ၂ ဒသမ ၃ ရာခိုင်နှုန်းလောက်ပဲ ကျနော်တို့က အခုချိန်မှာ ကောက်ခံထားတာ ဖြစ်ပြီး ကျန်တဲ့ငွေက နောင်တချိန်မှာ အမြတ်ထွက်လာမှာလည်း ဖြစ်တယ်။ ဖက်ဒရယ်နိုင်ငံစနစ် ဖြစ်လာရင် ဖက်ဒရယ်ယူနစ်တွေ မူဝါဒတွေနဲ့ ခွဲဝေသွားမှာဖြစ်ပါတယ်။ ဥပဒေအရဆိုရင် ကျောက်မျက်လုပ်ကွက်တွေကို တော်လှန်ရေး အလွန်ကာလမှာ စတင်လုပ် ဆောင်သွားရမှာ ဖြစ်တယ်”ဟု ပြောသည်။
အထက်မြန်မာပြည် အခြေစိုက် ကျောက်မျက် လုပ်ငန်းရှင်တဦးက လက်ရှိတွင် မိုးကုတ်၌ နယ်မြေအေးချမ်းမှုနှင့် ဥပဒေ စိုးမိုးမှု အားနည်းနေသောကြောင့် တရားဝင်လုပ်ကိုင်နေခြင်းမရှိဘဲ တပိုင်တနိုင် လက်ကျင်းဖြင့် တူးဖော်နေခြင်းမျိုးသာ ရှိကြောင်း ပြောသည်။
၎င်းက “ဒါကတော့ အနာဂတ်စီမံကိန်းပေါ့နော်။ အစပျိုး လုပ်ကြရမှာပေါ့နော်။ အခု ခွင့်ပြုမိန့်ချ အခုလုပ်လို့ ရတာလည်း မဟုတ်သေးတော့လေ။ အခုကတော့ ကျောက်မျက် လုပ်ငန်းရှင် တော်တော်များများကိုက မြို့မှာ မနေကြဘူး။ တပိုင်တနိုင် လက်ကျင်းတွေတော့ တူးစားနေကြတာရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။
မိုးကုတ်မြို့ အနီးဝန်းကျင်တွင် TNLA နှင့် PDF တပ်ဖွဲ့ များရှိသော်လည်း နယ်မြေ စိုးမိုးမှု အနေဖြင့် လက်ရှိတွင် စစ်ကောင်စီ တပ်ကသာ စိုးမိုးထားနိုင်ကြောင်း မိုးကုတ်မြို့ဒေသခံများထံမှ သိရသည်။
ကျောက်မျက်လုပ်ငန်းရှင်တဦးက “မိုးကုတ်မြို့တွင်းမှာတော့ နည်းနည်းနယ်မြေစိုးမိုးမှုရှိပေမယ့် ကျောက်မျက်လုပ်ကွက် အများစုက မြို့စွန်မှာပဲရှိတော့ ကြောက်ရတယ်။ လက်နက်ကိုင် ပေါင်းစုံရှိတယ်”ဟုဆိုသည်။
မိုးကုတ်မြို့ အနီးတဝိုက် ကျောက်မျက်ရတနာ ထွက်ရှိသည့် ဒေသ(Gems-bearing Area)မှာ မိုးမိတ်၊ တွင်းငယ်၊ သပိတ်ကျင်းဒေသများဖြစ်ပြီး မိုးကုတ် ရတနာမြေမှ ပထ္တမြား၊ နီလာ၊ ကြောင်ခေါင်းစိမ်း၊ မိုးကုတ်ကျောက် အစရှိသည့် ရတနာများ ထွက်ရှိကြောင်း လုပ်ငန်းရှင်များထံက သိရသည်။
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်ကောင်စီက သိမ်းဆည်းထားသည့် အချက်အချာ ကျသော နေရာများရှိ မြေများ ကိုလည်း တန်ဖိုးသင့် တိုက်ခန်းများ၊ အဆင့်မီ ကွန်ဒိုမီနီယမ်များ ဆောက်လုပ်ကာ လစဉ်ဒေါ်လာ ၁၀၀ သွင်းပြီး အရစ်ကျ ဝယ်ယူနိုင်မည့် စီမံကိန်းများကို ဖော်ဆောင်ရန်လည်းစီစဉ်ထားကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံရေးဝန်ကြီး ဌာနမှ သိရသည်။
NUG စိုးမိုးသော နယ်မြေဒေသများတွင် အခွန်များ ခေါင်းစဉ်အောက်မှ ကောက်ခံရရှိမှုမှာ လက်ရှိအချိန်ထိ မြန်မာကျပ်ငွေ ၃ ဘီလီယံ ကောက်ခံရရှိထားသည့်အပြင် နောက်ပိုင်းတွင်လည်း စိုးမိုးနယ်မြေများတွင် မူဝါဒနှင့် အညီ ကောက်ခံသွားရန် စီစဉ်ထားကြောင်း သိရသည်။
လက်ရှိတွင် NUG အနေဖြင့် ငွေတိုက်စာချုပ်များ ရောင်းချခြင်း၊ စစ်ခေါင်းဆောင်၏ ရန်ကုန်မြို့ အင်းယားလမ်းနေအိမ် ရောင်းချခြင်းနှင့် ၆ မိုင်ခွဲနေအိမ် ရောင်းချခြင်း ရန်ကုန်၊ မန္တလေး မြို့ကြီးများတွင် စစ်ကောင်စီသိမ်းယူထားသည့် မြေများ ရောင်းချခြင်းမှ စုစုပေါင်း အမေရိကန်ဒေါ်လာသန်း ၁၀၀ ကျော်ကို ဘဏ္ဍာရန်ပုံငွေအဖြစ် ရှာဖွေထားနိုင်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံရေးဝန်ကြီးဌာနစာရင်းများအရ သိရသည်။
You may also like these stories:
စစ်တပ်ကို ဒဏ်ခတ်ပိတ်ဆို့ရေး မြန်မာ့ကျောက်မျက်လုပ်ငန်း ပစ်မှတ်ဖြစ်လာ
ကျောက်စိမ်း တူးဖော်ရေး ပြန်စမည်
ကျောက်မျက်ရတနာ ရောင်းချပြီး ငွေရှာရန် စစ်ကောင်စီ တိတ်တဆိတ်စီစဉ်နေ
စစ်ကောင်စီလက်အောက် သယံဇာတ ခွင့်ပြုမိန့်၊ လိုင်စင်များ အာမ မခံဟု NUG ဆို
တိုက်ပွဲများကြားမှ ကျောက်စိမ်းအမြတ်အစွန်းကို စစ်ကောင်စီထိန်းချုပ်ထား