စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သား ဦးအောင်ပြည့်စုံပိုင် Golden Future Linkage ကုမ္ပဏီက မန္တလေးတိုင်း၊ သာစည်မြို့နယ်တွင် ဆိုလာစီမံကိန်းတခု တည်ဆောက်ရန် ဖခင်ဖြစ်သူ ဥက္ကဋ္ဌ တာဝန်ယူထားသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ ခွင်ပြုချက်တောင်းခံထားကြောင်း သိရသည်။
ဦးအောင်ပြည့်စုံ၏ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အခြေစိုက် Golden Future Linkage ကုမ္ပဏီက တရုတ်ကုမ္ပဏီ China Energy Engineering Corporation Limited (CEEC) နှင့် ပူးပေါင်းပြီး လျှပ်စစ်ဓာတ်အား ၄၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် နေရောင် ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းကို သာစည်မြို့နယ် ညောင်ပင်သာကျေးရွာနှင့် သပြေဝကျေးရွာ အုပ်စုရှိ မြေ၂၃၀ ဧကပေါ်တွင် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း၂၀၂၂ ခုနှစ် ဩဂုတ်လက တင်ပြခဲ့ခြင်း ဖြစ် သည်။
အဆိုပါ စီမံကိန်း တည်ဆောက်ရေးကာလကို ခန့်မှန်းကြာချိန် ၉ လ သတ်မှတ်ထားပြီး စီမံကိန်းပြီးစီးပါက လျှပ်စစ်ဓာတ် အားကို 1 kWh လျှင် အမေရိကန်ဒေါ်လာ ၈ ဒသမ ၅ ဆင့် (ကျပ် ၁၄၀ ဝန်းကျင်) ဖြင့် ရောင်းချသွားမည် ဖြစ် သလို ငွေပေးချေမှုစနစ်ကိုလည်း နိုင်ငံတော်က သတ်မှတ်ထားသောစနစ်အတိုင်း လက်ခံဆောင်ရွက်သွားမည် ဖြစ် ကြောင်း ဧရာဝတီသတင်းဌာနက ရရှိထားသော ရုံးစာအရ သိရသည်။ (အမေရိကန် ဒေါ်လာနှုန်းထားသည် စစ်ကောင်စီ ဗဟိုဘဏ်က သတ်မှတ်ထားသော ၁ ဒေါ်လာ ကျပ် ၂၁၀၀ ဖြင့် တွက်ချက်ထားခြင်း ဖြစ်သည်။)
ထို့နောက် ဦးအောင်ပြည့်စုံပိုင် ကုမ္ပဏီ၏ အဆိုပြုတင်ပြခဲ့သော ဆိုလာစီမံကိန်းကို လိုအပ်သလို စိစစ်ဆောင်ရွက်နိုင်ရန် အတွက်ဟု ဆိုကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီရုံးက မန္တလေးတိုင်း အစိုးရအဖွဲ့နှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန များထံသို့ လွှဲပြောင်းပေးခဲ့သည်။
ပြည်တွင်းရှိ လျှပ်စစ်နှင့် စွမ်းအင်လုပ်ငန်းရှင်တဦးက “သူတို့ လုပ်ထုံးလုပ်နည်းကို ကြည့်ရင် ဂွင်ရိုက်မှန်း သိသာတယ်။ သာမန်ပုဂ္ဂလိက ကုမ္ပဏီတွေဆိုရင် ဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာအစိုးရကို အရင်တင်ပြရတာလေ၊ အဲဒီကမှတဆင့် စီမံကိန်း အရွယ်အစားအပေါ် မူတည်ပြီး အထက်ကို ခွင့်ပြုချက်ရဖို့ တင်ရတာ။ အခုဟာက အပေါ်ကနေ ပြန်လွှဲပေးတဲ့ သဘောမျိုး ဆိုတော့ သူ့သားကုမ္ပဏီကို ဘယ်သူက သေချာစိစစ်ရဲတော့မှာလဲ” ဟု ဧရာဝတီသို့ ပြောသည်။
ထို့ပြင် ဦးအောင်ပြည့်စုံတို့ တင်ပြလာသော လျှပ်စစ်ဓာတ်အားခနှုန်းထားသည်လည်း လျှပ်စစ်ဝန်ကြီးဌာနက ဆိုလာ စီမံကိန်းများ တင်ဒါခေါ်ယူခဲ့စဉ်က နိုင်ငံခြားကုမ္ပဏီများ တင်ပြတောင်းခံခဲ့သော နှုန်းထားထက် ပိုမိုများပြားနေကြောင်း ၎င်းက ဆိုသည်။
ဆိုလာစီမံကိန်းများတွင် တင်ဒါဝင်ပြိုင်ယှဉ်ပြိုင်ဖူးသော နိုင်ငံခြားကုမ္ပဏီများသည် ဓာတ်အားနှုန်းထားကို အမေရိကန် ဒေါ်လာ ၇ ဆင့်(ကျပ် ၇၀) သာရှိခဲ့ပြီး တရုတ်ကုမ္ပဏီတချို့ဆိုလျှင် ထိုနှုန်းထားထက်ပင် နည်းပါးသော ဓာတ်အားခနှုန်း ထားများသာ တင်ပြ တောင်းခံခဲ့ကြောင်း သိရသည်။
ယခု ဆိုလာစီမံကိန်းနှင့် ပတ်သက်ပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ခွင့်ပြုပေးလိုက်ခြင်း ရှိမရှိကို သိရှိနိုင်ရန် အတွက် အဆိုပါဝန်ကြီးဌာန၏ အမြဲတမ်း အတွင်းဝန်နှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း (EPGE) ဦးဆောင် ညွှန်ကြားရေးမှူးထံသို့ ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားပေးခြင်း မရှိပေ။
ထို့ပြင် စစ်ခေါင်ဆောင်၏ သားဖြစ်သူ ဦးအောင်ပြည့်စုံ၏ ရှယ်ယာပါဝင်နေသော Venus Essential ကုမ္ပဏီသည် နေပြည်တော်ရှိ ရေလှောင်ဆည် ၃ ခုတွင် လျှပ်စစ်မဂ္ဂါဝပ် ၃၉၀ ထုတ်လုပ်မည့် ဆိုလာစီမံကိန်းများကိုလည်း တင်ဒါ ဝင်ရောင်ယှဉ်ပြိုင်စရာ မလိုဘဲ ၂၀၂၂ခုနှစ် ဇွန်လအတွင်းက လုပ်ပိုင်ခွင့် ရရှိထားသေးသည်။
You may also like these stories:
စစ်ကောင်စီ လွတ်လပ်ရေးနေ့ပါတီပွဲသို့ ခရိုနီများတက်ရောက်
ထိုင်းသိမ်းသော ထွန်းမင်းလတ် ပိုင်ဆိုင်မှုများထဲ စစ်ခေါင်းဆောင်သားသမီးပိုင်များ ပါဟု ဆို