ပို့ကုန်သွင်းကုန်မူဝါဒ အပြောင်းအလဲ၊ ကုန်သွယ်ရေးလမ်းကြောင်း အခက်အခဲနှင့် ငွေဈေးတက်လာခြင်းတို့ကြောင့် ပြည်တွင်းသို့ တင်သွင်းနေသည့် စားသောက်ကုန်၊ လူသုံးကုန်၊ အလှကုန်နှင့် စိုက်ပျိုးရေး လုပ်ငန်းသုံး ထိုင်းကုန်ပစ္စည်း ဈေးနှုန်းများ မြင့်လာကြောင်း သိရသည်။
လက်ရှိ ငွေလဲနှုန်းမှာ ထိုင်းတဘတ် လျှင် မြန်မာငွေ ၈၆ကျပ်ခန့်ရှိသလို အဓိက ကုန်သွယ်ရေးလမ်းကြောင်း မြဝတီ- ကော့ကရိတ်လမ်းပိုင်းတွင် ပြီးခဲ့သည့် ရက်များက တိုက်ပွဲများကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့်သွားရာမှ ယခုတိုင် ချောမွေ့မှု မရှိသေးသလို လမ်းခရီးတွင် ပေးဆောင်ရသည့် အခကြေးငွေများပြားခြင်းတို့ကြောင့် ဖြစ်ကြောင်း မြဝတီမြို့ ကုန်သည်များက ပြောသည်။
မြဝတီမြို့ရှိ ကုန်သည်တဦးက “အရောင်းအဝယ်ပိုင်းမှာလည်း တအားဖြစ်လို့ ဘတ်တွေဝယ်လို့ ဘတ်ဈေး တက်တာ လည်း မဟုတ်ဘူး။ ကုန်သွယ်ရေးကလည်း ကျနေတယ်။ သူတို့ ဗဟိုဘဏ်သတ်မှတ်တဲ့ ဘတ်ဈေးက ၆၄ ဘတ်ဆို တော့ အပြင်မှာ ၂၀ ကျော်လောက် ကွာနေတယ်။ အခုက ဘတ်ဈေး က ၉၀ နားကပ်နေပြီ။ အဲဒီတော့ သွင်းကုန်ဈေး တွေက တက်လာတာပေါ့။ အရင်တုန်းက ဘတ် ၁၀၀ မှ ကျပ် ၃၀၀၀ လောက်ကနေ အခု ကျပ် ၈၀၀၀ နဲ့ ၉၀၀၀ လောက်ဖြစ်လာတော့ သွင်းကုန်ကလည်း နှစ်ဆ၊ သုံးဆလောက် ဖြစ်တာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့်၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း ထိုင်းငွေ ၁ ဘတ်လျှင် မြန်မာငွေ ၈၀ ကျပ်ဝန်းကျင်မှ ယခု၂၀၂၃ ခုနှစ် ဇန်နဝါရီလ၂၃ ရက်တွင် ၁ ဘတ်လျှင် ကျပ် ၈၆ ဘတ်အထိ မြင့်တက်လာခြင်း ဖြစ်သည်။
ထို့ပြင် ပို့ကုန်တင်ပို့သည့် ပမာဏနှင့်ညီမျှသော သွင်းကုန်ကိုသာ တင်သွင်းခွင့်ပေးခြင်း၊ ပို့ကုန်သွင်းကုန် လိုင်စင်များ ကန့်သတ်ကာ FDA (အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဌာန) ထောက်ခံချက်များ တောင်းခံလာခြင်းနှင့် နယ်စပ် ကုန်သွယ်ရေး ငွေပေးချေမှုများကို ဒေါ်လာ (သို့မဟုတ်) ဘတ်ဖြင့်သာ ပေးချေခိုင်းခြင်း၊ ဘဏ်စနစ်ဖြင့်သာ ခွင့်ပြုခြင်း အစရှိသော စည်းမျဉ်းစည်းကမ်းများဖြင့် စစ်ကောင်စီက ကန့်သတ်ထားသည်။
မြဝတီမြို့ ကုန်သည်က “မြန်မာမှာက သွင်းတဲ့ပမာဏနဲ့ ပို့တဲ့ပမာဏဆိုရင် ပို့တာက နည်းတယ်။ သွင်းရတာ များတယ်။ အဲဒီတော့ တခြားနည်း လမ်းတွေ သုံးပြီး လုပ်ရတာရှိတယ်။ အဲဒါတွေကြောင့်လည်း ဈေးတက်တာပါတယ်။ ငွေဈေး ကြောင့် တခုထဲတော့ မဟုတ်ဘူးပေါ့နော်။ ငွေဈေးက တက်တော့ ပိုတက်သွားတာပေါ့။ ကျနော်တို့ မြဝတီမှာတော့ အရမ်း မတက်ပေမယ့် ရန်ကုန်၊ မန္တလေးမှာကျတော့ ကုန်ပစ္စည်း ဈေးတွေက တအားတက်သွားတာပေါ့။ ဒီမှာ ကလေး စားတဲ့ ချိစ်ဗူးလေးတွေတောင် မြဝတီမှာ ကျပ် ၁ သောင်းကျော်ပဲ ရှိတယ်။ မန္တလေးမှာဆိုရင်တော့ ကျပ်၂ သောင်း ကျော် ရှိတယ်” ဟု ၎င်းက ဆိုသည်။
ထို့ကြောင့် နယ်စပ်ဈေးနှင့် ရန်ကုန်၊ မန္တလေးဈေးမှာ ကျပ် ၁ သောင်းနီးပါး ကွာသည်အထိ ဈေးတက်လာပြီး ဥပမာ အားဖြင့် ထိုင်းမှ တင်သွင်းသည့် ပုဇွန်နှစ်ကောင် စားဆီတံဆိပ် 5ml တဖာလျှင် ဒီဇင်ဘာလ နောက်ဆုံးပတ်က ၈၄၀၀၀ ကျပ်ရှိမှ ယခု အချိန်တွင် ၈၈၀၀၀ အထိ လက်ကားတွင် မြင့်တက်လာသဖြင့် လက်လီဈေးတွင် ပို၍ ဈေးမြင့် တက်နိုင်ကြောင်း ဈေးကွက်တွင်းမှ သိရသည်။
ရန်ကုန်မြို့ရှိ ထိုင်းစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း တင်သွင်းဖြန့်ဖြူးရောင်းချသူ တဦးက “ကျမဆီကတော့ အခု လက်ရှိတော့ ရှိပြီးသားတော့ ဈေးကမတက်သေးဘူးပေါ့နော်။ ဒါပေမယ့် အခုယူရတဲ့ အရင်းကမြင့်သွားတော့ နောက် သွင်းတဲ့ ထိုင်းနို့ဆီ၊ နို့စိမ်းဗူး တွေက ဈေးနည်းနည်းတက်နိုင်တယ်၊ မီးသွေးဖာတွေဘာတွေဆိုရင် အရင်က ဈေးတက် သွားတယ်။ ဟိုမှာယူတဲ့ အရင်းတင် တဖာ ၅၀၀၀ ကျပ် ဖြစ်သွားတယ်။ ဒီဇင်ဘာလတုန်းက တဖာမှ ၄၅၀၀ ကျပ်ပဲရှိ တာ။ ဈေးကတော့ အတိအကျ ပြောလို့မရပေမယ့် တက်ရင်တော့ ၅၀၀ ကျပ်နဲ့ ၁၀၀၀ ပေါ့”ဟု ပြောသည်။
လက်ရှိတွင် ထိုင်းနိုင်ငံမှ ယိုးဒယားအချိုမှုန့်၊ နို့ဆီ၊ နို့စိမ်း၊ မီးသွေးအစားထိုးလောင်စာထောင့် ၊ ယိုဒယားဆပ်ပြာမှုန့်၊ နှပ်လက်ဖက်ခြောက်နှင့် စားဆီများကို ယူ၍ ရောင်းချနေခြင်းဖြစ်ပြီး လက်ကားဈေးတက်သဖြင့် လက်လီဈေးမှာလည်း နောက်ပိုင်း တက်လာနိုင်ကြောင်း ၎င်းက ရှင်းပြသည်။
ပြီးခဲ့သည့်၂၀၂၂ ခုနှစ် စက်တင်ဘာလဆန်းပိုင်းကလည်း စစ်ကောင်စီ၏ ပို့ကုန်၊ သွင်းကုန်သမားများပေါ် ထိန်းချုပ်မှု များနှင့် ဒေါ်လာဈေးမြင့်တက်မှုများကြောင့် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းလာပြီး ထိုင်း ၁ ဘတ်လျှင် ၁၀၀ ကျပ် ဝန်းကျင်ထိ မြင့်တက်ခဲ့ရာ နောက်ပိုင်းတွင် စစ်ကောင်စီက မြဝတီမြို့ရှိ လက်ကြီးသမားများကို ထိန်းချုပ်အရေးယူ မှုများ ပြုလုပ်ပြီး နောက်ပိုင်း အချိန်တွင် ဘတ်ဈေးမှာ ၁ ဘတ်လျှင် ၆၅ ကျပ်ကျော်မှ ၇၀ ကျပ်ကျော် ထိပြန်ကျခဲ့ရာမှ ယခုအချိန်တွင် ၈၆ ကျပ် ထိ ပြန်လည် မြင့်တက်နေခြင်း ဖြစ်သည်။
ထိုင်း- မြန်မာ နယ်စပ်ရှိ ရေထွက်ကုန် တင်ပို့သည့် ကုန်သည်ကြီးတဦးက “အခုက အရောင်းအဝယ်ကလည်း မကောင်းဘူး။ ပတ်စပို့ရုံးတွေ ပိတ်ထားတော့ တံတားပြန်ဖွင့်ပေမယ့်လည်း အရင်လို ကုန်သည်တွေ ဘန်ကောက် တက်ဝယ်ဖို့ဘာဖို့က မလွယ်ဘူး။ ပြီးတော့ တံတားက ဖြတ်ရင်လည်း အကန့်အသတ်တွေရှိတယ်။ အရင်လို လွတ် လွတ်လပ်လပ်သွားမရတော့ ထွက်တာ နည်းတယ်။ ကုန်သွယ်ရေးကလည်း ကျနေတယ်။ အဲဒီအထဲမှာမှ ဘတ်ဈေးက တက်နေတာ” ဟု ဧရာဝတီသို့ ပြောသည်။
ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်ရေးသည် မြန်မာပို့ကုန်များထက် သွင်းကုန်တင်ပို့မှုက ပိုမိုများသည့်အတွက် စစ် ကောင်စီ၏ ကန့်သတ်ချက်များအပြင် ထိုင်းငွေ ဈေးတက်နေခြင်းကြောင့်လည်း ပြည်တွင်း ဈေးကွက်တွင် ထိုင်းကုန် စည်များ ပစ္စည်းပြတ်လပ်ခြင်းနှင့် ဈေးနှုန်းမြင့်တက်ခြင်းများ ဖြစ်လာနိုင်ကြောင်း ကုန်သည်များထံက သိရသည်။
စစ်ကောင်စီ၏ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းကမူ ပြည်ပမှ ကုန်စည်များ တင်သွင်းရာတွင် ပို့ကုန်ဝင်ငွေ (သို့မဟုတ်) အခြားဝင်ငွေ ဝင်ရောက်မှုများအပေါ် တင်သွင်းခွင့်ပြုသည့် အခြေအနေကြောင့် မြဝတီ နယ်စပ်ကုန်သွယ်ရေးတွင် ဒီဇင်ဘာလအတွင်း သွင်းကုန်လိုင်စင်လျှောက်ထားမှုမှာ သိသိ သာသာ ကျဆင်းသွားသော်လည်း တဖက်နိုင်ငံ၏ ချစ်ကြည်ရေးတံတားမှ ဝင်ရောက်နေသည့် သွင်းကုန် ကုန်တင် ယာဉ် အရေအတွက်မှာ ကျဆင်းသွားခြင်း မရှိကြောင်း သိရသည်ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြောဆိုထားသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက မြဝတီ- ကော့ကရိတ်လမ်းပိုင်းပေါ်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သလို တံတား ၃စင်း ပျက်စီးခဲ့ရပြီး လမ်းများပိတ်ထားကာ ခရီးသည်တင်နှင့် ကုန်တင်ယာဉ်များ သွားလာခွင့် ရပ်ထားရသောကြောင့် တခြားသော လမ်းကြောင်းများမှ သွားလာရသဖြင့် အချိန်ကြန့်ကြာမှု အပါအဝင် ကုန်ကျစရိတ်များစွာ ရှိခဲ့သလို ကုန်စည်စီးဆင်းမှုလည်း ရပ်တန့်လု နီးပါး ဖြစ်သွားခဲ့သည်။
ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက် မှ ဇန်နဝါရီလ ၁၃ ရက်အထိ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး၏ အကြီးဆုံးစခန်းဖြစ်သည့် မြဝတီနယ်စပ်ကုန်သွယ်ရေးတွင် အမေရိကန်ဒေါ်လာ ၁၆၃၉ ဒသမ ၇၄၉ သန်းနှင့် ပြီးခဲ့သည့် ကာတူတွင် ဒေါ်လာ ၁၉၂၆ ဒသမ ၉၆၈ သန်း ကုန်သွယ်ထားကြောင့် စုစုပေါင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၈၇ ဒသမ ၂၁၉ သန်း လျော့ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး စာရင်းများအရ သိရသည်။
You may also like these stories:
အာရှလမ်းပိတ်ထား၍ မြဝတီနယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းလုနီးပါးဖြစ်
ရက်ပိုင်းအတွင်း ပြည်တွင်း ဆန်ဈေး အတက်ကြမ်းနေ
ကိုဗစ်နှင့် လုံခြုံရေးကြောင့် နယ်စပ်ဂိတ်များ ဖွင့်ရန် မြန်မာစောင့်ကြည့်နေဆဲ