ထိုင်းအစိုးရပိုင် ရေနံ နှင့် စွမ်းအင်ကုမ္ပဏီ PTT Exploration & Production (PTTEP) က မြန်မာနိုင်ငံ တွင် သဘာဝဓာတ်ငွေ့တူးဖော်ရေးမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအထိ ပါဝင် ပေါင်းစပ်ပေးမည့် စီမံကိန်းသစ်တခုကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်သည်။
ထိုင်းအခြေစိုက် ဘန်ကောက်ပို့စ်သတင်းဌာနက ဖော်ပြချက်အရ အဆိုပါ စီမံကိန်းသည် အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံရမည်ဖြစ်ပြီး မုတ္တမပင်လယ်ကွေ့ရှိ ကမ်းလွန်လုပ်ကွက် M-3 (အောင်စင်ခ) မှ တူးဖော်ရရှိသော သဘာဝဓာတ်ငွေ့အရင်းအမြစ်များကို အသုံးပြုကာ မဂ္ဂါဝပ် ၆၀၀ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ကျိုက်ကလတ်တွင် တည်ဆောက်ရေးနှင့် လှိုင်သာယာသို့ ပို့ဆောင်ရန် ပိုက်လိုင်းတည်ဆောက်ရေးတို့ ပါဝင်မည့် တည်ဆောက်ရေး စီမံကိန်း ဖြစ်သည်။
ယင်းစီမံကိန်းဆောက်လုပ်ခွင့်ကို PTTEP က မြန်မာထံမှ ၂၀၂၀ ခုနှစ်တွင် ရရှိထားပြီး ဖြစ်သည်။
ပြီးခဲ့သော ဒီဇင်ဘာလအတွင်း PTTEP ၏ မိခင်ကုမ္ပဏီ PTT လုပ်ငန်းစု၏ လက်လီအရောင်းကုမ္ပဏီ PTT Oil and Retail Business (PTTOR) ကလည်း မြန်မာခရိုနီ ဦးအောင်ကိုဝင်းပိုင်ဆိုင်သည့် ကမ္ဘောဇလုပ်ငန်းစု KBZ နှင့် သဘောတူညီထားသော ဆီလှောင်ကန်ဆောက်လုပ်ရေးနှင့် ဆီဆိုင်များ တည်ဆောက်ရေးများကိုလည်း ရက်အကန့်အသတ် မရှိ ရွှေ့ဆိုင်းခဲ့သေးသည်။
ယခုလို PTTEP က စီမံကိန်းဆောက်လုပ်မှု အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ခြင်းသည် မြန်မာ စစ်အာဏာသိမ်းကောင်စီအား ရေနံနှင့် သဘာဝဓာတ်ငွေ့မှ ရနေသော ဝင်ငွေ ပိတ်ဆို့ဖြတ်တောက်ရေး တောင်းဆိုမှုများ မြင့်တက်နေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
သို့သော်လည်း မြန်မာနိုင်ငံအတွင်း လက်ရှိ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုစီမံကိန်းများကို ဆက်လက်လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း PTTEP ၏ ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်က ထုတ်ပြန်ထားသည်။
“မြန်မာနိုင်ငံ လျှပ်စစ်မီးပေးနေမှုရဲ့ တဝက်နဲ့ ထိုင်းနိုင်ငံရဲ့ ၂၀ ရာခိုင်နှုန်းအတွက် ကျနော်တို့ ထုတ်လုပ်ပေးနေပါတယ်။ ဒေသခံ ပြည်သူလူထုတွေ ဒုက္ခရောက်မှာ မဟုတ်ပါဘူး”ဟု PTTEP အမှုဆောင်အရာရှိချုပ် Montri Rawanchaikul က Bangkok Post သတင်းစာကို ပြောဆိုသည်။
ဧရာဝတီတိုင်း အောက်ဘက် မြန်မာ့ကမ်းလွန်ပင်လယ်ရှိ လုပ်ကွက် M-3 ကို PTTEP က ရှယ်ယာ ၈၀ ရာခိုင်နှုန်း ထည့်ဝင်ထားပြီး အော်ပရေတာ အဖြစ် ဆောင်ရွက်ခြင်းဖြစ်ကာ ဂျပန်ရေနံကုမ္ပဏီ Mitsui Oil Exploration Co ltd က ရှယ်ယာ ၂၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံထားခဲ့သည်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလကုန်ပိုင်းတွင် ဂျပန်ကုမ္ပဏီက ထိုစီမံကိန်းမှ နုတ်ထွက်သွားခဲ့သည်။
ထိုနောက် PTTEP က ထိုစီမံကိန်းကို ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံသူဖြစ်လာခဲ့သည်။
လတ်တလောတွင် M-3 လုပ်ကွက်စီမံကိန်းကို ရွှေ့ဆိုင်းလိုက်သော်လည်း ရတနာ၊ ရဲတံခွန်နှင့် ဇောတိကစီမံကိန်းများကို ဆက်လက်လုပ်ကိုင်နေလျက်ရှိပြီး ထိုစီမံကိန်းများမှ သဘာဝဓာတ်ငွေ့ကို ထိုင်းသို့ တင်ပို့နေကြောင်း၊ ထိုလုပ်ငန်းမှ အကျိုးအမြတ်များကို စစ်ကောင်စီက ရရှိနေသဖြင့် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုများကို အထောက်အပံ့ဖြစ် နေကြောင်း Justice For Myanmar က ထောက်ပြထားသည်။
မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး နိုင်ငံစုံကုမ္ပဏီကြီးများဖြစ်သော ပြင်သစ်ကုမ္ပဏီ Total ၊ အမေရိကန် ကုမ္ပဏီ Chevron၊ ဩစတြေးလျကုမ္ပဏီ Woodside ၊ မလေးရှား Petronas အစရှိသော ကုမ္ပဏီများက မြန်မာရှိ ၎င်းတို့၏ လုပ်ငန်းများ ရပ်ဆိုင်းပြီး ထွက်ခွာထားကြသည်။
You may also like these stories:
ခရိုနီ ဦးတေဇကို စစ်ကောင်စီက စားအုန်းဆီ တင်သွင်းခွင့်ပေး
အသက်ငင်နေဆဲ မြန်မာ့စီးပွားရေးနှင့် တကျော့ပြန် ခရိုနီဝါဒ
ထိုင်း-မြန်မာကုန်သွယ်ရေး ဆက်တိုက် ကျဆင်း
ဖွံ့ဖြိုးမှု ၃ ရာခိုင်နှုန်း တိုးနိုင်သော်လည်း မြန်မာ့စီးပွားရေး ပျက်ယွင်းဆဲ