ပို့ကုန်ရငွေ ၆၅ ရာခိုင်နှုန်းအား ဗဟိုဘဏ်သတ်မှတ်ဈေးဖြင့် လဲလှယ်သည့် စစ်ကောင်စီ၏ ပို့ကုန်မူဝါဒတွင် ယခင် ကင်းလွတ်ခွင့်ပေးထားသည့် ဆန်နှင့် ဆန်ကွဲကိုပါ ထည့်သွင်းရန် ပြင်ဆင်နေကြောင်း ကုန်သည်များထံမှ သိရသည်။
ယခင် နယ်စပ်ကုန်သွယ်ရေး၌ တခြားသော လယ်ယာထွက်ကုန်များဖြစ်သည့် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်း၊ ရာဘာ နှင့် ရေထွက်ကုန်ပစ္စည်းများကိုသာ ပို့ကုန်မူဝါဒ ကန့်သတ်ထားသော်လည်း လာမည့် မတ် ၁ ရက်မှစ၍ ဆန်နှင့်ဆန်ကွဲ ကိုပါ ထည့်သွင်း လုပ်ဆောင်တော့မည်ဟု တရုတ်- မြန်မာနယ်စပ် မူဆယ်ဒေသခံ ကုန်သည်များက ဆိုသည်။
မူဆယ်ဒေသခံ ကုန်သည်ကြီးတဦးက “ဆန်ရောင်းရတဲ့ ၁၀၀ ရာခိုင်နှုန်းကို အရင်က လွတ်လွတ်လပ်လပ် သုံးစွဲခွင့်ရှိ တယ်။ ဆန်ရောင်းလို့ ယွမ်ငွေ ၁၀၀ ရရင် အဲဒီပိုက်ဆံကို လိုင်စင်ရတဲ့ ပုဂ္ဂလိက ဘဏ်တွေမှာ လဲမယ်ဆိုရင် ၁၀၀ လုံး ကို ကျပ် ၄၂၀ ကျော်နဲ့ လဲလို့ရတယ်။ ဒါပေမယ့် အခုလကုန်ကစပြီး ၆၅ ရာခိုင်နှုန်း၊ ၃၅ ရာခိုင်နှုန်း သတ်မှတ်လိုက် တော့ ရောင်းလိုက်တဲ့ ယွမ် ၁၀၀မှာ ဗဟိုဘဏ်က ၆၅ ရာခိုင်နှုန်းကို ၃၀၈ ကျပ်နဲ့ လဲရမယ်။ ဒီတော့ ဆန်တအိတ် ကို ပျမ်းမျှ ကျပ် ၁ သောင်းလောက် နစ်နာသွားမယ်”ဟု ဧရာဝတီသို့ ပြောသည်။
ကုန်သည်အနေဖြင့် ငွေလဲသည်ဖြစ်စေ မလဲသည်ဖြစ်စေ ဘဏ်အကောင့်ထဲတွင် ဒေါ်လာသို့မဟုတ် ယွမ်ငွေဝင်လာ သည်နှင့် စစ်ကောင်စီ၏ ဗဟိုဘဏ်က ဖြတ်ယူထားသဖြင့် ပို့ကုန်တင်ပို့သူများမှာ စစ်ကောင်စီ သတ်မှတ်နှုန်းနှင့် ပြင်ပ နိုင်ငံခြားငွေ လဲလှယ်နှုန်း ကွာဟချက် ကြီးမားသောကြောင့် အချို့ ကုန်စည်များမှာ အရှုံးရှိသလို တချို့ကုန်စည်များမှာ အမြတ်နည်းသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီ၏ မူဝါဒ ပြောင်းလဲ သတ်မှတ်ချက်မှာ သေချာသလောက် ဖြစ်နေပြီး ထိုသို့ သတ်မှတ်ပါက ပြင်ပ ငွေလဲနှုန်းနှင့် ကွာဟသဖြင့် ပြည်ပတင်ပို့သည့် ဆန်၊ ဆန်ကွဲဈေးနှုန်းမှာ ကျနိုင်သည့်အတွက် တရုတ်-မြန်မာ နယ်စပ် တွင် လုပ်ကိုင်နေကြသည့် ဆန်၊ ဆန်ကွဲ ကုန်သည်များအနေဖြင့် အလောတကြီး မဝယ်ကြရန် ဆန်ကုန်သည်များက သတိပေးပြောဆိုကြသည်။
လက်ရှိတွင် မူဆယ်နယ်စပ်မှ တရုတ်နိုင်ငံဘက်သို့ နေ့စဉ် ဆန်နှင့်ဆန်ကွဲ ကုန်ကားအစီးရေ ၅၀ မှ ၆၀ ဝန်းကျင်ခန့် တင်ပို့မှုများ ရှိနေကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီဘက်မှ တရားဝင် စာမထွက်သေးသဖြင့် ကုန်သည်များမှာ ပြင်ပပေါက်ဈေးနှင့် လဲလှယ်ခွင့် ရနေသေးပြီး စစ်ကောင်စီ၏ ဗဟိုဘဏ်က ၁ ဒေါ်လာလျှင် ၂၁၀၀ ကျပ်၊ ၁ ယွမ်လျှင် ၃၀၈ ကျပ် သတ်မှတ်ထားကာ ပြင်ပတွင် ၁ ဒေါ်လာလျှင် ၂၈၆၅ ကျပ်နှင့် ၁ ယွမ်လျှင် ၄၂၀ ကျပ်ကျော် ရှိနေသည်။
ယင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မူဆယ်နယ်စပ် ကုန်သွယ် ရေး ဦးစီးဌာနရှိ ညွှန်ကြားရေးမှူးနှင့် ဒုညွှန်ကြားရေးမှူးထံသို့ ဧရာဝတီမှ ဆက်သွယ်မေးမြန်းရာတွင် ပြန်လည် ဖြေဆို ခြင်း မရှိပေ။
၂၀၂၂ ခုနှစ် ဧပြီလမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်အထိ မြန်မာ့ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှာ ၁ ဒသမ ၉ သန်း တင်ပို့ ရောင်းချခြင်းမှ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ခန့် ရရှိထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ စာရင်းများ အရ သိရသည်။
You may also like these stories:
သီးနှံစိုက်တောင်သူများ ဘိန်းပြောင်းစိုက်လာ
ထိုင်း-မြန်မာကုန်သွယ်ရေး ဆက်တိုက် ကျဆင်း