စီးပွားရေး

ပြည်ပလုပ်ငန်းများ ထွက်ခွာသောကြောင့် သဘာဝဓာတ်ငွေ့ဝင်ငွေ ကျပ်တည်းလာ

ပြည်ပစွမ်းအင်ကုမ္ပဏီများ မြန်မာဓာတ်ငွေ့လုပ်ငန်းများမှ တခုပြီးတခု ထွက်ခွာနေသောကြောင့် အလားအလာရှိသော ဝင်ငွေကျဆင်းမှုကို စစ်ကောင်စီ ရင်ဆိုင်နေရပြီး စစ်ကောင်စီ၏ အခြေခံကျသည့် နိုင်ငံခြားငွေရင်းမြစ် ကျပ်တည်းလာနေသည်။

ထိုင်းအစိုးရ ကျောထောက်နောက်ခံပြု စွမ်းအင်ကုမ္ပဏီ PTT ၏ လုပ်ငန်းခွဲ PTT Exploration and Production (PTTEP) သည် ဓာတ်အားထုတ်လုပ်မှု အပါအဝင် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂ ဘီလီယံအထိရှိမည့် စီမံကိန်းမှ ရင်းနှီးမြှုပ်နှံမှုများကို ဆိုင်းငံ့ထားသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေး လှုပ်ရှားသူများ၏ တွန်းအားကြောင့် အပါအဝင် အခြားအကြောင်းများကြောင့် Chevron အပါအဝင် အနောက်နိုင်ငံများမှ ကုမ္ပဏီများသည် မြန်မာမှ လုံးဝထွက်ခွာသွားပြီ ဖြစ်သည်။

PTTEP သည် M3 Block ဟုခေါ်သည့် ကမ်းလွန် ဓာတ်ငွေ့လုပ်ကွက်မှ အဓိကကျသည့် ဓာတ်ငွေ့ထုတ်လုပ်ရေး စီမံကိန်းတခုဖြစ်သည်။ အာဏာမသိမ်းမီက မြန်မာအစိုးရနှင့် သဘောတူထားသည့် ထိုဆိုင်းငံ့ထားသော စီမံကိန်းတွင် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံနှင့် မြေပြင်သို့ဓာတ်ငွေ့ပို့မည် ပိုက်လိုင်းများ တည်ဆောက်ခြင်းလည်း ပါဝင်သည်။

“မြန်မာနိုင်ငံ ပြည်တွင်းအခြေအနေကြောင့်” ထိုစီမံကိန်းကို ဆိုင်းငံ့မည်ဖြစ်ကြောင်း M3 Block ၏ တဦးတည်းသော ရှယ်ယာရှင် PTTEP က ရင်းနှီးမြှုပ်နှံသူများအတွက် ထုတ်ပြန်သည့် အစီရင်ခံစာ တစောင်တွင် ဖော်ပြသည်။ PTT Oil and Retail Business ကလည်း မြန်မာတွင် လောင်စာသိုလှောင်သည့် လုပ်ငန်းများကို ဆိုင်းငံ့မည်ဖြစ်ကြောင်း PTT က ဒီဇင်ဘာလတွင် ကြေညာခဲ့သည်။

PTT ကို ထိုင်းအစိုးရက ၅၁ ရာခိုင်နှုန်းပိုင်သော်လည်း ရှယ်ယာများကို ထိုင်းစတော့အိတ်ချိန်းတွင် ရောင်းဝယ်သောကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ ဆန္ဒကို လျစ်လျူရှုမရပေ။

သို့သော် ထိုင်းနိုင်ငံသည် သဘာဝဓာတ်ငွေ့ လိုအပ်ချက်၏ ၁၅ ရာခိုင်နှုန်းအတွက် မြန်မာကို မှီခိုရသောကြောင့် တင်သွင်းမှုအားလုံး ချက်ချင်း ရပ်ဆိုင်းရန် ခက်ခဲသည်။

အနောက်နိုင်ငံကုမ္ပဏီများတွင် Chevron သည် မြန်မာမှ အကြီးမားဆုံး ရတနာ ကမ်းလွန် သဘာဝဓာတ်ငွေ့ လုပ်ကွက်မှ ရှယ်ယာ ၄၁ ဒသမ ၁ ရာခိုင်နှုန်းကို ကနေဒါမှ MTI Energy သို့ ထုတ်ပြန်ကြေညာခြင်း မပြုသည့် ဈေးနှုန်းဖြင့် ရောင်းချခဲ့သည်။

“ဝန်ထမ်းများကို အကာအကွယ်ပေးရန်နှင့် စနစ်တကျ ဘေးကင်းလုံခြုံစွာ လွှဲပြောင်းမှုပြုလုပ်မည့် ကတိကဝတ်ကို ဆက်လက် ဖြည့်ဆည်းမည်ဖြစ်ကြောင်း” Chevron က ကြေညာချက်တစောင်တွင် ဖော်ပြသည်။ ရတနာ စီမံကိန်းတွင် ထိပ်တန်းရင်းနှီးမြှုပ်နှံသူ ပြင်သစ်မှ TotalEnergies ကလည်း ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို စွန့်လွှတ်ခဲ့သည်။

PTTEP နှင့် တောင်ကိုရီးယား ကုန်သွယ်ရေးလုပ်ငန်း POSCO International တို့သည်သာ မြန်မာတွင် ကျန်ရစ်သည့် အဓိက နိုင်ငံခြားကုမ္ပဏီများဖြစ်သည်။ နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) သည် ကမ်းလွန်ဓာတ်ငွေ့လုပ်ကွက် လေးခုလုံးတွင် ရှယ်ယာပါသော်လည်း ထိုလုပ်ကွက်များကို တဦးတည်း ထုတ်လုပ်လည်ပတ်နိုင်သည့် စွမ်းရည်မရှိဟု ယူဆရသည်။

အခြေအနေကို ပိုမိုဆိုးရွားစေသည်မှာ MOGE သည် ၎င်းနှင့် အမှုဆောင်များကို အနောက်နိုင်ငံများက အရေးယူပိတ်ဆို့ထားသောကြောင့် ငွေကြေးလည်ပတ်ရေး ရုန်းကန်နေရခြင်းပင်။

နိုင်ငံခြားငွေရင်းများ ခန်းခြောက်နေသောကြောင့် မြန်မာသည် အဓိကကျသည့် နိုင်ငံခြားငွေရင်းမြစ်တခု ဆုံးရှုံးနိုင်ပြီး ဓာတ်ငွေ့လုပ်ကွက်များ လုပ်ငန်းလည်ပတ်မှု တုံ့ဆိုင်းသွားနိုင်သည်။ စစ်အာဏာသိမ်းပြီးနောက် ကျပ်ငွေတန်ဖိုး ကျဆင်းမှုအခြေအနေ ဆိုးရွားနေသည့်ကြားတွင် ကုန်ကြမ်းများ တင်သွင်းမှုစရိတ် မြင့်မားခြင်းနှင့် အစိုးရက အတင်းအကျပ် နိုင်ငံခြားငွေများ လဲလှယ်စေခြင်း အပါအဝင် မြန်မာတွင် စီးပွားရေးလုပ်ကိုင်ရန် အခက်အခဲများ ပိုမိုများပြားလာနေသည်။

မြန်မာမှ ထုတ်လုပ်သည့် ဓာတ်ငွေ့ ၆၀ မှ ၇၀ ရာခိုင်နှုန်းအထိကို ထိုင်းနှင့်တရုတ်သို့ ပိုက်လိုင်းများဖြင့် တင်ပို့သည်။ ဓာတ်ငွေ့သည် မြန်မာမှ ပို့ကုန်အားလုံး၏ ၂၀ ရာခိုင်နှုန်းရှိသည်။

၂၀၂၂ ခုနှစ်တွင် သဘာဝဓာတ်ငွေ့နှင့် ရေနံဓာတ်ငွေ့ အပါအဝင် ထိုင်းနိုင်ငံ၏ မြန်မာမှ ဓာတ်ငွေ့တင်သွင်းမှု တန်ဖိုးသည် လွန်ခဲ့သော တနှစ်ကထက် ၅၅ ရာခိုင်နှုန်းတိုးလာပြီး ၈၅ ဒသမ ၁ ဘီလီယံ ဘတ် (ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ) သို့ ရောက်လာကြောင်း၊ တရုတ်က မြန်မာမှ ဓာတ်ငွေ့တင်သွင်းမှုသည် ၅ ရာခိုင်နှုန်းတိုးလာပြီး ၉ ဒသမ ၆ ဘီလီယံ ယွမ် (ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ) သို့ တိုးလာကြောင်း ထိုနိုင်ငံများမှ အကောက်ခွန်စာရင်းများအရ သိရသည်။

ထိုင်းနှင့် တရုတ်သို့ မြန်မာမှ ဓာတ်ငွေ့တင်ပို့မှု

သဘာဝဓာတ်ငွေ့ တင်ပို့မှုကြောင့် ရငွေ ၅၀ ရာခိုင်နှုန်းခန့်သည် မြန်မာအစိုးရ ဘဏ္ဍာတိုက်သို့ ရောက်ကြောင်း Japan Organization for Metals and Energy Security (JOGMEC) ၏ အဆိုအရ သိရသည်။ JOGMEC ၏ တွက်ချက်မှုများသည် ထုတ်လုပ်မှုခွဲဝေရေး သဘောတူစာချုပ်အရ အစိုးရ၏ အကျိုးအမြတ်ဝေစု၊ MOGE ၏ ရှယ်ယာများမှ အမြတ်ငွေနှင့် ပြည်ပကုမ္ပဏီများ ပေးဆောင်သောအခွန် စသည်တို့ကို အခြေခံတွက်ချက်ခြင်း ဖြစ်သည်။

သဘာဝဓာတ်ငွေ့သည် စစ်ကောင်စီ၏ အကြီးမားဆုံးသော နိုင်ငံခြားငွေ ရင်းမြစ်ဖြစ်သောကြောင့် ဒီမိုကရေစီလိုလားသူများက နိုင်ငံခြားကုမ္ပဏီများ ထွက်ခွာရန် ဖိအားပေးမှုကိုဖြစ်စေသည်။

စစ်ကောင်စီအတွက် အခြေအနေ ပိုမိုဆိုးရွားစေသည့် အချက်မှာ လက်ရှိထုတ်လုပ်နေသည့် လုပ်ကွက်များတွင် ဓာတ်ငွေ့ကုန်ခန်းလာခြင်း ဖြစ်သည်။ JOGMEC ၏ အဆိုအရ ရတနာ ဓာတ်ငွေ့လုပ်ကွက်တွင် လုပ်ငန်းများ စတင်လည်ပတ်သည့် ၁၉၉၈ ခုနှစ်က ဓာတ်ငွေ ၆ ဒသမ ၄ ထရီလီယံကုဗပေ၏ ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း သိရသည်။

လာမည့် ငါးနှစ်အတွင်း ဓာတ်ငွေ့ထုတ်လုပ်မှု ပိုမိုကျဆင်းမည်ဟု မျှော်လင့်ရသည်။ ရတနာ ဓာတ်ငွေ့လုပ်ကွက်သည် မြန်မာ၏ သဘာဝဓာတ်ငွေ့ တင်ပို့မှု၏ ၄၀ ရာခိုင်နှုန်း ရှိသောကြောင့် စစ်ကောင်စီအတွက် ဝင်ငွေကျဆင်းမည် ဖြစ်သည်။

အခြား ဓာတ်ငွေ့လုပ်ကွက်များသည်လည်း အလားတူပင်ဖြစ်သည်။ ရဲတံခွန်လုပ်ကွက်မှ ထုတ်လုပ်မှုသည် ၂၀၂၀ ပြည့်နှစ်မှ စတင်ပြီး အကြီးအကျယ် ကျဆင်းကာ ၎င်း၏ကနဦး ရင်းနှီးမြှုပ်နှံသူများဖြစ်သည့် မလေးရှားနိုင်ငံပိုင် ရေနံလုပ်ငန်း Petronas, PTTEP နှင့် စွမ်းအင်လုပ်ငန်း ENEOS အပါအဝင် ဂျပန်ရင်းနှီးမြှုပ်နှံသူများအုပ်စုသည် ၂၀၂၂ ခုနှစ်တွင် ဆုတ်ခွာကြောင်း ကြေညာခဲ့သည်။ ရဲတံခွန်လုပ်ကွက်ကို Petronas စီမံခဲ့သည်။

တရုတ်ပြည်သို့ အကြီးအကျယ်တင်ပို့သည့် ရွှေသဘာဝဓာတ်ငွေ့လုပ်ကွက်ကို ၂၀၁၃ ခုနှစ်ကမှ စတင်လည်ပတ်ပြီး နောက်ထပ်ရင်းနှီးမြှုပ်နှံမှုဖြင့် တိုးချဲ့နိုင်သည်။ သို့သော် ထိုင်းနိုင်ငံသည် စွမ်းအင်အတွက် မြန်မာအပေါ် မှီခိုမှုကို လျှော့ချလာသောကြောင့် ပို့ကုန်ဝင်ငွေ သိသိသာသာတိုးရန် မျှော်လင့်ချက်နည်းသည်။

သဘာဝဓာတ်ငွေ့စီမံကိန်းများ တုံ့ဆိုင်းနေခြင်းသည် နိုင်ငံအတွင်း ဓာတ်အားပြတ်တောက်မှုကို ပိုမို ဆိုးရွားစေနိုင်သည် / AFP

ဓာတ်ငွေ့လုပ်ကွက်သစ်များ ဖော်ထုတ်ရန် အလားအလားလည်း နည်းနေသည်။ လုပ်ကွက် Block A6 မှ ဓာတ်ငွေ့သိုက်ကို အတည်ပြုနိုင်သော်လည်း ထိုနေရာတွင် ရှယ်ယာ ၄၀ ရာခိုင်နှုန်းစီ ပိုင်ဆိုင်သော TotalEnergies နှင့် သြစတြေးလျမှ Woodside Energy Group တို့သည် စစ်အာဏာသိမ်းပြီးနောက် ဆုတ်ခွာသွားကြသည်။ ထိုနေရာသည် ရေနက်ပိုင်းဖြစ်သောကြောင့် ပြည်တွင်း ကုမ္ပဏီများသည် ထိုလုပ်ကွက်ကို မဖော်ထုတ်နိုင်ကြပေ။

မြန်မာအစိုးရသည် ကမ်းလွန်တူးဖော်ခြင်း ဒေသများအတွက် ကမ်းလှမ်းမှုများကို ၂၀၁၃ ခုနှစ်တွင် လုပ်ကိုင်ခဲ့ပြီး Woodside, TotalEnergies, Shell နှင့် အီတလီမှ Eni စသည့် ပြည်ပ ကုမ္ပဏီများ ရှာဖွေခွင့်ရကြသည်။ သို့သော် Nikkei က ဆက်သွယ်သောအခါ ၎င်းတို့အားလုံးက မြန်မာတွင် လုပ်ကိုင်ခွင့် မကျန်တော့ကြောင်း ပြောသည်။

မြန်မာအာဏာပိုင်များသည် လုပ်ပိုင်ခွင့်များ ထပ်မံကမ်းလှမ်းရန် စဉ်းစားနေကြောင်း ထင်ရှားသော်လည်း မကြာသေးမီက ဖြစ်ပေါ်တိုးတက်မှုများအရ လေလံအောင်မည့် အလားအလာနည်းကြောင်း လေ့လာသူများက ပြောသည်။

သဘာဝဓာတ်ငွေ့စီမံကိန်းများ တုံ့ဆိုင်းနေခြင်းသည် နိုင်ငံအတွင်း ဓာတ်အားပြတ်တောက်မှုကို ပိုမို ဆိုးရွားစေနိုင်သည်။ ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဓာတ်ငွေ့ကို မြန်မာနိုင်ငံ ဓာတ်အားထုတ်လုပ်မှု ၄၉ ရာခိုင်နှုန်း အတွက် သုံးရသည်။ ရေအားလျှပ်စစ်ကို နိုင်ငံတွင် ဓာတ်အားထုတ်လုပ်မှု၏ ၄၃ ရာခိုင်နှုန်းအတွက် သုံးသည်။ အခြားရင်းမြစ်ဖြစ်သည့် ကျောက်မီးသွေးကဲ့သို့သော ရင်းမြစ်များမှာ အကန့်အသတ်ရှိနေသည်။

သဘာဝဓာတ်ငွေ့တင်ပို့မှုကို ဦးစားပေးနေရသောကြောင့် နိုင်ငံတွင် စက်ရုံများနှင့် စီးပွားရေး အဆောက်အအုံများကို လည်ပတ်နေသည့် ကုမ္ပဏီများသည် ဓာတ်အားကို ၎င်းတို့ဖာသာ ထုတ်လုပ်ရပြီး ကုန်ကျစရိတ် ပိုမိုများပြားလာနိုင်သည်။

ကိုးကား ။ ။ Nikkei Asia သတင်း Myanmar’s natural gas income in jeopardy as foreign firms exit

You may also like these stories:

လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံစေရန် အခွန်ကင်းလွတ်ခွင့်ပေး၍ စစ်ကောင်စီ ဆွဲဆောင်

Chevron ထွက်ပြီးနောက် MOGE ကိုအရေးယူရန် တောင်းဆိုမှု အားကောင်းလာ

မြန်မာက စီမံကိန်းသစ်ကို ထိုင်းကုမ္ပဏီ PTTEP ရွှေ့ဆိုင်း

MOGE နှင့် အနောက်နိုင်ငံများ၏ ဆန်ရှင်

အနောက်နိုင်ငံများက စစ်အုပ်စုကို အရေးယူပိတ်ဆို့မှုများ ထပ်တိုး

Loading