စီးပွားရေး

စင်ကာပူကုမ္ပဏီ Keppel Land က မြန်မာမှ ပြန်ထွက်

စင်ကာပူကုမ္ပဏီ Keppel Land နှင့် ၎င်း၏လုပ်ငန်းခွဲ Double Peak Holdings တို့သည် မြန်မာပြည်တွင် ပြုလုပ်မည့် Green Field ဆောက်လုပ်ရေးစီမံကိန်းတခုမှ ၎င်းတို့ပိုင် အစုရှယ်ယာ ၁၀၀ ရာခိုင်နှုန်းဖြစ်သော အမေရိကန်ဒေါ်လာ ၅၇ ဒဿမ ၄ သန်းကို ပြန်လည်နုတ်ယူကြောင်း ထုတ်ပြန်ကြေညာသည်။

အဆိုပါ စီမံကိန်း မည်သည့်နေရာတွင် ရှိကြောင်း အသေးစိတ် မထုတ်ပြန်သော်လည်း ရန်ကုန်မြို့ရှိ နာမည်ကျော် ဆီဒိုးနားဟိုတယ်ကို တည်ဆောက် ပိုင်ဆိုင်ထားသော Straits Greenfield ကုမ္ပဏီက ရာနှုန်းပြည့် ပိုင်ဆိုင်သည်။ Straits Greenfield ကို စင်ကာပူနှင့် မြန်မာနိုင်ငံသားများ ၁၉၉၄ တွင် ပူးတွဲကာ စတင်တည်ထောင်ခဲ့ပြီး ဆီဒိုးနားဟိုတယ်ကို ဆောက်လုပ်ခဲ့သည်။

နောက်ပိုင်းတွင် Keppel Land သည် ဆီဒိုးနားဟိုတယ်ကို ကွပ်ကဲနေခဲ့ပြီး ၂၉ ထပ်မြင့်သော ဟိုတယ်အဆောက်အဦးသစ်ကိုလည်း ၂၀၁၆ ခုနှစ်တွင် တည်ဆောက်ပြီးစီး ဖွင့်လှစ်နိုင်ခဲ့သည်။

သို့သော် ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း အပြီးသတ်ရန် မျှော်မှန်းထားသော Keppel Land ၏ ယခု နုတ်ထွက်မှုကြောင့် Straits Greenfield ကုမ္ပဏီသည် ရင်းနှီးမြှုပ်နှံသူအသစ် ရှာဖွေရတော့မည် ဖြစ်သည်။

ထိုသို့ စင်ကာပူကုမ္ပဏီ၏ နုတ်ထွက်မှုသည် မြန်မာနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း အနာဂတ် မည်မျှ ကံဆိုးမိုးမှောင်ကျနေသည်ကိုလည်း တဖက်တလမ်းက ဖော်ပြနေသည်။ ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာ့ခရီးသွားလုပ်ငန်း ရပ်တန့်လုနီးပါးဖြစ်နေရာက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုကြောင့် အခြေအနေ ပိုဆိုးရွားသွားသည်။

မြန်မာမှ ပြန်နုတ်ယူသွားသော အရင်းအနှီးကို အိန္ဒိယနိုင်ငံ မွန်ဘိုင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း Spring Blossom Ventures သို့ ထည့်ဝင်မည်ဟု Keppel က ကြေညာထားသည်။

Keppel Land သည် မြန်မာနိုင်ငံတွင် ဟိုတယ် ဆောက်လုပ်ရေးလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံရန် Straits Greenfield ကို ငွေကြေးထည့်ဝင်သည်သာမက ရွှေတောင်အုပ်စုနှင့်လည်း အကျိုးတူပူးပေါင်းပြီး ဂျန်းရှင်းစီးတီးတာဝါစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံသည်။ ဂျန်းရှင်းစီးတီးတာဝါစီမံကိန်းတွင် ၄၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံထားသည်။

You may also like these stories:

ပြည်ပလုပ်ငန်းများ ထွက်ခွာသောကြောင့် သဘာဝဓာတ်ငွေ့ဝင်ငွေ ကျပ်တည်းလာ

ရွှေပြည်သာမှ စက်ရုံနှစ်ရုံ ပိတ် လူ ၂၀၀၀ ကျော် အလုပ်လက်မဲ့ဖြစ်

ရွှေဘိုမြို့နယ်ရှိ ရက်ကန်းရုံ ရာနှင့်ချီ မီးရှို့ ဖျက်ဆီးခံရ

အဝေးပြေးလမ်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်များ အကြီးအကျယ် ငွေညှစ်

မြန်မာသို့ လက်နက်မရောင်းသည်မှာ ကြာပြီဟု စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးပြော

မြန်မာက စီမံကိန်းသစ်ကို ထိုင်းကုမ္ပဏီ PTTEP ရွှေ့ဆိုင်း

Loading