စစ်ကောင်စီလက်အောက် လျှပ်စစ်မီးရရှိမှု အလွန်နည်းပါးလာသည့်အတွက် ရန်ကုန်မြို့ရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှုပိုင်းတွင် ကုန်ကျစရိတ်မြင့်တက်လာခြင်း၊ အချိန်မီထုတ်လုပ်နိုင်မှုမရှိခြင်းတို့ကြောင့် လုပ်ငန်းဆက်လက်ရပ်တည်ရန် အခက်အခဲများကြုံနေရကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
လက်ရှိတွင် စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဖြန့်ဖြူးရေးဌာနက အချိန်ကန့်သတ်ချက်ဖြင့်ပင် လျှပ်စစ်မီး မှန်အောင် မပေးနိုင်သလို မီးလာချိန်၌လည်း အားမပြည့်ခြင်း၊ ၅/၁၀ မိနစ်ခြား ပျက်နေခြင်းတို့အပြင် လုပ်ငန်းရှင်များကိုလည်း ဧပြီ ၂၃ ရက်မှစတင်ပြီး အရေးပေါ်ဝန်အားလျှော့ချနေရသဖြင့် ရပ်ကွက်များနှင့် ရောနှောသုံးစွဲနေရသော လုပ်ငန်းရှင်များ အား နေ့စဉ် ညနေ ၅ နာရီမှ နံနက် ၅ နာရီထိ လျှပ်စစ်မီးမသုံးစွဲရန် ထုတ်ပြန်တားမြစ်ထားသည်။
ယင်းတားမြစ်ချက်အား ဖောက်ဖျက်ပါက အရေးယူသွားမည်ဟုလည်း ပါရှိသောကြောင့် ရပ်ကွက်၊ ကျေးရွာများအတွင်း ရှိ လုပ်ငန်းရှင်များအနေဖြင့် နေ့ပိုင်းတွင်လျှပ်စစ်မီးမမှန်သလို ညပိုင်း၌ပါ လျှပ်စစ်မီးသုံးစွဲခွင့်မရသည့်အတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ နှောင့်နှေးလာသည့်အပြင် တချို့လုပ်ငန်းများမှာ ရပ်နားလာသည်အထိ ရှိနေကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ မွေးမြူရေးလုပ်ငန်းရှင်တဦးက “ကျနော်တို့ အစာစပ်စက်ရုံတွေဆိုရင် တနေ့တနေ့ ပျက်တဲ့အချိန်ကများ တော့ အသေးစားစက်ရုံလေးတွေတောင် မီးစက်တွေနဲ့သုံးရတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကုန်ကျစရိတ်ပိုများတာ ပေါ့။ ကုန်ထုတ်လုပ်မှုစရိတ်တွေက တက်လာတယ်။ နောက်ပြီး ကြက်သားပေါက်ထုတ်လုပ်မှုပေါ့။ အလုံပိတ်စနစ်နဲ့ မွေးမြူထားရတဲ့ ကြက်တွေဆိုတော့ ၂၄ နာရီ မီးပေးရတယ်။ အခု လုံးဝကို မီးမရတဲ့သဘောဖြစ်တယ်။ သတ်မှတ်တဲ့ အချိန် မီးဖြတ်တော့လည်း မီးစက်သုံးရတယ်။ လာတော့လည်း စာထုတ်ပြီးတားမြစ်တယ်။ အဲဒီတော့ ကျနော်တို့မှာ ဘာဖြစ်လဲဆို ရှိလည်းမသုံးရဘူး၊ မရှိလည်းမသုံးရဘူး” ဟု ဧရာဝတီကို ပြောသည်။
ထို့ပြင် အစာစပ်လုပ်ငန်းများအနေဖြင့် တရက်လျှင် စက်သုံးဆီဖိုး ကျပ် ၄ သိန်းခွဲမှ ၅ သိန်းကျော်ထိ ကုန်ကျမှုများ ရှိနေသလို အလုံပိတ်စနစ်ဖြင့်မွေးမြူသော ကြက်သားပေါက်ထုတ်လုပ်မှုတွင်လည်း သားပေါက်တကောင်လျှင် ကျပ် ၁၅၀ ထိ အပိုကုန်ကျစရိတ်များရှိလာကြောင်း ၎င်းက ရှင်းပြသည်။
ဆက်လက်၍ ၎င်းက လျှပ်စစ်မီးရရှိမှုနည်းပါးသောကြောင့် ယခုလို ပူပြင်းသည့်အချိန်တွင် ခြံတွင်းအပူချိန်ကို မထိန်းညှိ နိုင်သဖြင့် သေဆုံးခြင်း၊ အသားအထွက်နှုန်း၊ ဥအထွက်နှုန်း ကျဆင်းခြင်းတို့အပြင် ကုန်ထုတ်လုပ်မှုစရိတ်မြင့်တက်လာမှုကြောင့် တွက်ခြေကိုက်မှု နည်းပါးလာသဖြင့် လုပ်ကိုင်သူလည်း လျော့နည်းလာသည်ဟု ဆိုသည်။
ကုန်ထုတ်လုပ်မှုစရိတ် ကြီးမြင့်မှုနှင့်အတူ ကုန်ချောဈေးနှုန်းများလည်း မြင့်တက်လာရာ လက်ရှိတွင် ကြက်ခြံတွင်း ဝယ် သည့် ကြက်ဥ ၁ ပိဿာ (အလုံးရေ ၂၆ လုံးခန့်) ကျပ် ၆,၀၀၀ (တလုံးလျှင် ၂၂၆ ကျပ်၊ ပြား ၄၀) ရှိပြီး ပြင်ပလက်လီ ဈေးတွင် ကြက်ဥတလုံးလျှင် ကျပ် ၃၀၀ နှင့်အထက် ရှိလာကြောင်း သိရသည်။
လျှပ်စစ်မီး အချိန်ကြာမြင့်စွာပျက်ခြင်းကြောင့် လုပ်ငန်းကြီးများသာမက အသေးစားနှင့်အလတ်စားလုပ်ငန်းများ၊ အိမ်တွင်းလုပ်ငန်းများထိ ရိုက်ခတ်မှုများရှိနေသလို လျှပ်စစ်မီးကို ဖြတ်ချင်သည့်အချိန်ဖြတ်၊ လာချင်သည့်အချိန် လာနေသည့် အခြေအနေများကြောင့်လည်း လုပ်ငန်းများတွင် သုံးစွဲနေသည့် လျှပ်စစ်ပစ္စည်းများ ပျက်စီးဆုံးရှုံးရမှုနှင့်လည်း ရင်ဆိုင်နေရသည်။
ထို့ပြင် လျှပ်စစ်မီးမရသည့်အတွက် စက်သုံးဆီ ဝယ်ယူသုံးစွဲရာတွင် ဈေးနှုန်းကြီးမြင့်သည့်အပြင် အကန့်အသတ်နှင့်သာ ဝယ်ယူရသောကြောင့် ကုန်ထုတ်လုပ်ငန်းများတွင်လည်း အခက်အခဲများရှိနေကြောင်း လုပ်ငန်းရှင်များက ဆိုသည်။
တောင်ဥက္ကလာပမြို့နယ်နေ ဖိနပ်လုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတဦးက “ကျမတို့က အသေးလေးဆိုတော့ မီးလာတဲ့ အချိန်လုပ်ပြီး ကျန်တဲ့တချို့တဝက်နဲ့ တန်းလန်းထားထားရတာပေါ့။ မီးက မနက် ၉ နာရီကနေ နေ့လယ် ၁ နာရီ လာတယ်။ အဲဒီကနေပျက်ပြီးတော့ ညနေ ၅ နာရီမှ လာတယ်ပေါ့။ အဲဒီလိုလာပေမယ့်လည်း ကြားမှာပျက်တာက ရှိသေးတယ်။ ဖိနပ် တနေ့ အရံ ၁၀၀ ကျော်လောက် လုပ်ရတယ်။ အခုကတော့ အရံ ၇၀ ပြီးဖို့တောင် မနည်းပဲ။ တဆင့်ပြန်ယူရတဲ့ စက်ရုံကလည်း မီးမရတော့ ဖိုက်ဘာပြားတွေ ရိုက်တာနောက်ကျတော့ အခုဆို ရက်ခြားပဲ လုပ်ရတော့တယ်။ အဲဒီတော့ ဝင်ငွေလျော့တာပေါ့” ဟု ဧရာဝတီကို ပြောသည်။
ယခင်က တရက်လျှင် ဝင်ငွေ ကျပ် ၂၀,၀၀၀ ကျော် ရရှိသော်လည်း လက်ရှိတွင် ကျပ် ၁၀,၀၀၀ ကျော် ရရှိဖို့ပင် မနည်း လုပ်ကိုင်နေရသည်ဟုလည်း ၎င်းက ဆိုသည်။
တာမွေမြို့နယ်မှ သံပန်း၊ သံတံခါးလုပ်ငန်း လုပ်ကိုင်သူတဦးကလည်း “မီးက မမှန်တော့ ကျနော်တို့က မီးစက်နဲ့ပဲ လုပ်ရတာပေါ့။ ကုန်ကျစရိတ်ကလည်း ပိုလာတယ်။ တနေ့ကို မီးစက်ဖိုး ကျပ် ၄ သောင်းနဲ့ ၅ သောင်းကတော့ ပုံမှန်ကုန် တယ်။ အခုဆိုရင် မီးက တပိုင်းလာဖို့တောင် မမှန်တော့ဘူးလေ။ သူလာချင်လာ မလာချင်မလာဘူး။ စက်သုံးဆီဝယ်ရ တာလည်း တခါတလေကျ မလောက်လို့ မရောင်းတာလည်း ရှိတယ်ဗျ။ အဲဒီလို အခက်အခဲတွေ ရှိတယ်” ဟု ပြောသည်။
ထိုသို့သော အခက်အခဲများကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် စစ်တပ်အာဏာသိမ်းမှု၏ အကျိုးဆက်များကြောင့် အထိ နာနေသော အသေးစား၊ အလတ်စားနှင့် အငယ်စား လုပ်ငန်းများအနေဖြင့် တချို့မှာ ဝန်ထမ်းများခန့်ထားနိုင်ရုံ လည်ပတ်နေပြီး တချို့လုပ်ငန်းများမှာလည်း ရပ်နားလာရသည်အထိ ရှိနေကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)မှ လုပ်ငန်းရှင်တဦးကလည်း ဆိုသည်။
“မီးကို အသုံးပြုနေရတဲ့ ကွန်ပျူတာစာစီစာရိုက်လုပ်ငန်းတွေ၊ ဓာတ်ပုံဆိုင်တွေ ဒါတွေဆို မီးမလာရင် လုပ်မရဘူးလေ။ သူတို့ကျ မီးစက်သုံးမှပဲရမယ်။ သုံးဖို့ကျတော့လည်း ဒီဇယ်ကုန်ကျစရိတ်နဲ့ ကာမိမှလုပ်လို့ရတယ်။ တချို့လုပ်ငန်းတွေ မတတ်နိုင်တော့ ရပ်လိုက်တာပေါ့” ဟု ပြောသည်။
မြန်မာနိုင်ငံရှိ လုပ်ငန်းအားလုံးအနက် အသေးစား၊ အလတ်စားနှင့် အငယ်စား (MSME) လုပ်ငန်းများမှာ ၉၀ ရာခိုင်နှုန်း ကျော် ရှိကြောင်း UMFCCI ထံမှ သိရသည်။
You may also like these stories:
လျှပ်စစ်မီး လုံလောက်စွာပေးရန် အမြန်ဆုံးလိုအပ်နေဟု စက်မှုလုပ်ငန်းရှင်များ ပြော
လျှပ်စစ်မီးနှင့် ရေပြတ်လပ်မှုဒဏ် ပြည်သူများ ဆိုးရွားစွာခံနေရ
မီးအပျက်များသည့် မန္တလေး အိမ်တွင်းလုပ်ငန်းများပါ ရပ်ဆိုင်းနေရ
စစ်ကောင်စီ လျှပ်စစ်မီး မပေးနိုင်တော့
ဝမရှိဘဲ ဝိလုပ်နေသည့် စစ်ကောင်စီ၏ လျှပ်စစ်