စီးပွားရေး

ငွေကြေး မတည်ငြိမ်စေရန် လုပ်ဆောင်သူများ အရေးယူမည်ဟု ဗဟိုဘဏ် ထုတ်ပြန်

ပြည်တွင်း၌ အမေရိကန်ဒေါ်လာပေါက်ဈေး ကျပ် ၃၀၀၀ ဝန်းကျင်ဖြစ်နေချိန် ကောလဟလများလွှင့်ခြင်း၊ ဈေးကစား ခြင်းအပါအဝင် ငွေကြေးမတည်ငြိမ်မှု ဖြစ်ပေါ်စေရန် လုပ်ဆောင်သူများအား အရေးယူမည်ဟု ဗဟိုဘဏ်က ယမန်နေ့ က ထုတ်ပြန်သည်။

ဗဟိုဘဏ်၏ သတိပေးချက်တွင် ပြင်ပပေါက်ဈေးထက် ပိုမို ရောင်းဝယ်ခြင်းများကို မကြာခဏတွေ့နေရသဖြင့် ငွေကြေးစနစ် တည်ငြိမ်မှု မရှိစေရန် ပြည်တွင်းဘဏ်များ ပါဝင်ပတ်သက်ပါကလည်း အရေးယူခံရမည်ဖြစ်ကြောင်း ဆိုထားသည်။

လက်ရှိတွင် ပြည်တွင်း၌ အမေရိကန်ဒေါ်လာ ဈေးနှုန်းမှာ ၁ ဒေါ်လာလျှင်၂၈၇၀ ကျပ်ကျော်ဈေးနှင့် အချိန်အတော်ကြာ ရှိနေရာမှ ယခု မေလတတိယပတ်အတွင်းမှ စ၍ ၂၉၀၀ မှ ၃၀၀၀ ကျပ်ဝန်းကျင်အထိ ဈေးပြန်တက်လာခဲ့သည်။

ယင်းသို့ လဲလှယ်နှုန်းများ ပြန်လည်မြင့်တက်လာခြင်းမှာ ဈေးကွက်အတွင်း ဒေါ်လာငွေ ဝယ်လိုအားရှိနေခြင်း၊ ပို့ကုန် တင်ပို့မှု ကျဆင်းနေခြင်းတို့ ကြောင့် ပို့ကုန်ရငွေမှာလည်း တရားဝင်ဈေးကွက်သို့ ဝင်ရောက်မှု နည်းနေသဖြင့် ဝယ်လို အားနောက် မလိုက်နိုင်၍ မြင့်တက်လာခြင်းဖြစ်ကြောင်း ငွေကြေး အရောင်းအဝယ်လုပ်ကိုင်သူများက သုံးသပ်ပြောဆို သည်။

ရန်ကုန်မြို့ရှိ ဒေါ်လာငွေကြေးလဲလှယ်ရေး ကိုယ်စားလှယ်တဦးက “အခုက ပို့ကုန်ကလည်း ကျသွားတယ်။ ပို့ကုန် ပိုက် ဆံ အားလုံးကလည်း မဝင်ဘူး။ ဘာလို့ဆို ဟိုတဝက် ဒီတဝက်ပေါ့။ ၆၅ ရာခိုင်နှုန်း လဲရမယ်ဆိုတာက ကိုက်မှ မကိုက် တာ။ ဒီတော့ကိုက်အောင် ဗဟိုဘဏ်ကို မလဲဘဲ ငွေကို အပြင်မှာထား။ အပြင်ကဟာ အပြင်မှာရောင်းဆိုတော့ တရားဝင် ဒေါ်လာငွေက ရှားလာတယ်။ အဘက်ဘက်က ပို့ကုန်ငွေသုံးစွဲတာ ပျောက်သလို ဖြစ်လာတယ်။ အမှန်က စကစ ဆီသာ မရောက်တာ။ ဒီဘက်မှာတော့ သူ့ဟာနဲ့သူလည်နေတာပဲ။ တရားဝင် အတင်းလိုက်ပြီးဆွဲ တဲ့အခါ တရားဝင်လုပ်လိုတဲ့သူတွေက ပြေရာပြေကြောင်း လုပ်ဖို့ လိုက်ဝယ်တော့ ဈေးတက်တာ” ဟု လက်ရှိအခြေ အနေကို ဧရာဝတီသို့ ပြောသည်။

ဗဟိုဘဏ် သတ်မှတ်ဈေးမှာ ၁ ဒေါ်လာလျှင် ၂၁၀၀ ကျပ်ဖြစ်သဖြင့် ပို့ကုန်သမားများ ရောင်းရေငွေတချို့ကို ဗဟိုဘဏ်သို့ မရောင်းချဘဲ ပြင်ပတွင်သာ ပြင်ပပေါက်ဈေးဖြင့် လဲလှယ်ရောင်းချခြင်းများ ရှိနေကြောင်း သိရသည်။

စစ်ကောင်စီ၏ ဗဟိုဘဏ်က ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် လိုင်စင်ခွင့်ပြုချက်နှင့်အညီ ဘဏ်စနစ်နှင့်သာ ပေးချေမှုများ ဆောင်ရွက်ရမည်ဖြစ်ပြီး၊ ကျပ်နှင့် နိုင်ငံခြားငွေ ရောင်းဝယ်ခြင်း၊ Trade Financing များကို ဘဏ်များက တဆင့် ရယူနိုင်ကြောင်း၊ မလိုအပ်ဘဲ ဝယ်ယူစုဆောင်းခြင်း မပြုရန်၊ ပို့ကုန်သမားများအနေဖြင့် သတ်မှတ်ကာလ အတွင်း ဘဏ်များသို့ ရောင်းချနိုင်ခြင်း မရှိပါက အရေးယူမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်သတိပေးထားသည်။

ယခု မေလ ၁ ရက်က အမေရိကန် ၁ ဒေါ်လာမှာ၂၈၆၅ ကျပ် ဝန်းကျင်သာ ရှိခဲ့ရာမှ မေလ၂၆ ရက်တွင် ၁ ဒေါ်လာ လျှင်၂၉၅၀ ကျပ်ကျော်ထိ ဈေးပြန်တက်လာသောကြောင့် ရက်ပိုင်းအတွင်း ၉၀ ကျပ် ဝန်းကျင် ဈေးတက်လာခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီအနေနှင့် ပို့ကုန်ရငွေကြွေးကျန်များကို ပြန်သွင်းရန်အတွက် အတင်းတောင်းနေခြင်းများ ကြောင့်လည်း ဈေးကွက်အတွင်း ဝယ်လိုအားရှိလာသဖြင့် ဒေါ်လာလဲလှယ်နှုန်း ပြန်တက်လာခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းသို့ ဒေါ်လာငွေဈေးများ မြင့်တက်လာခြင်းကြောင့်လည်း စစ်ကောင်စီက ဈေးကွက်အတွင်းရှိ Money Changer ကုမ္ပဏီများကို စစ်ဆေးခြင်း၊ အရောင်း/အဝယ် မှတ်တမ်းများ ကျန်အောင် လုပ်ဆောင်ခိုင်းခြင်း၊ ယင်းတို့ကို တောင်းယူ ကြည့်ရှုခြင်းများကို ပြုလုပ်နေသည်များလည်း ရှိကြောင်း နိုင်ငံခြားငွေ အရောင်းအဝယ်လုပ်ကိုင်သူ တဦးက ဆိုသည်။

ဆက်လက်၍ ၎င်းက “လောလောဆယ်တော့ ကုမ္ပဏီတွေမှာပဲ စစ်ဆေးတာတွေ လုပ်နေတယ်။ တအားကြီးလည်း မလုပ်ဘူး။ သူတို့(စကစ) လိုချင်တာလေးတွေ စစ်တယ်၊ ကုမ္ပဏီတွေကို ဆက်ပြီး အလုပ်လုပ်ခိုင်းတယ်။ ဝယ်/ ရောင်း မှတ်တမ်း ကျန်အောင် သတိပေးတယ်။ တောင်းကြည့်တယ်။ ဆိုလိုချင်တာကတော့ သူတို့ ချထားတဲ့ ဥပဒေ အောက်မှာ တရားဝင် ပုံမှန်လေး ဖြစ်စေချင်တဲ့သဘောပေါ့။ ဒါတွေကလည်း ဈေးတက်ရတဲ့ အကြောင်းအရင်းထဲ ပါတာပေါ့”ဟု ပြောသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြင့်တက်လာသော ကုန်ဈေးနှုန်းနှင့် ဒေါ်လာငွေလဲလှယ်နှုန်းများကို ထိန်းရန်နှင့် ပိုကုန်ပိုငွေပြစေရန်အတွက် အကြောင်းအမျိုးမျိုးဖြင့် ပို့ကုန်ရငွေများကို ၎င်းတို့ သတ်မှတ်ဈေးနှင့် ၆၅ ရာခိုင်နှုန်း ဖြတ် ယူခြင်းတို့ကြောင့်လည်း ကုန်သည်များတွင် တွက်ချေကိုက်မှုနည်းပါးလာသဖြင့် မှောင်ခိုဈေးကွက်ကို အသုံးပြုလာ ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ပြုလုပ်နေချိန်တွင် ပို့ကုန်ရငွေ ကြွေးကျန်များကို တောင်းခြင်းကြောင့်လည်း လတ်တလော ပြင်ပဈေးကွက်တွင် ဝယ်လိုအားများကာ ဈေးတက်လာခြင်း ဖြစ်ကြောင်း သိရသည်။

ဒေါ်လာ ငွေလဲလှယ်ရေး လုပ်ကိုင်သူ တဦးက “သူတို့(စကစ)ရဲ့ အမိန့်ထုတ်တာတွေက ဈေးကွက်နဲ့ မကိုက်ညီတဲ့အခါ ကမောက်ကမတွေ ဖြစ်ကုန်တဲ့ သဘောပါပဲ။ အဓိကတော့ ဈေးကွက်မှာ လည်ပတ်မှု အဆင်မပြေတော့ ဈေးကတော့ တက်နေဦးမှာပဲ” ဟု ဧရာဝတီသို့ ပြောသည်။

ပြည်တွင်း ရွှေဈေးမှာလည်း ဒေါ်လာဈေးမြင့်တက်လာသောကြောင့် လိုက်ပါမြင့်တက်လာပြီး မေလ တတိယအပတ် အတွင်း ငွေကျပ်၂၉၈၀၀၀၀ ကျော် ရှိခဲ့ရာမှ ယခုအချိန်တွင် ၃၀၇၀၀၀၀ ကျပ်အထိ မြင့်တက်လာသဖြင့် ကျပ် ၁ သိန်း ကျော်ဝန်းကျင် မြင့်တက်လာသည်။

ရန်ကုန်မြို့ရှိ ရွှေဆိုင်ပိုင်ရှင် တဦးက “ရွှေဈေးကတော့ ဒေါ်လာဈေးတက်လို့ တက်တာ။ ကမာ္ဘ့ရွှေဈေးကတော့ ကျပါ တယ်။ အရောင်းအဝယ် အခြေအနေကတော့ ရွှေဆိုင်တွေက ပုံမှန်ရောင်းနေရပေမယ့် အတုံး၊ အခဲ အရောင်းအဝယ် ကတော့ ဖမ်းမှာဆီးမှာတွေ ကြောက်တယ်။ စစ်ဆေးတာတွေလည်း များနေတော့ မရှိသလောက်ပါပဲ တော်တော်ကြာ ပါပြီ။ ဒေါ်လာဈေး ဆက်တက်ရင်တော့ တက်ဦးမှာပါ။ ကျသွားရင်တော့ ပြန်ကျလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကမာ္ဘ့ဈေးက တော်တော်ပြန်ကျနေတယ်လေ” ဟု လက်ရှိအခြေအနေကို သုံးသပ်ပြောဆိုသည်။

စစ်ကောင်စီ ထိန်းချုပ်ထားသော ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းရုံးတွင် အကယ်ဒမီအခေါက်ရွှေ ၁ ကျပ် ၂၃၀၄၄၀၀ ကျပ်သာ ရှိသော်လည်း ပြင်ပ အကယ်ဒမီအခေါက်ရွှေဈေးမှာ တကျပ်သားလျှင် ကျပ် ၃၀၇၀၀၀၀ ကျော်ထိ မြင့်တက်နေသဖြင့် YGEA သတ်မှတ်ဈေးနှင့် နှိုင်းယှဉ်လျှင် ကျပ် ၇ သိန်းကျော် ကွာဟနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

မြန်မာနိုင်ငံသည် စားသုံးဆီ၊ စက်သုံးဆီ အပါအဝင် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးကုန်ကြမ်း ပစ္စည်းများ စသည်တို့ကို ပြည်ပနိုင်ငံအသီးသီးမှ တင်သွင်းနေရသည့်၊ သွင်းကုန်ကို အဓိက အားထားနေရသည့် အတွက်ကြောင့် နိုင်ငံခြားငွေ လဲလှယ်နှုန်းများ မြင့်တက်လာသည်နှင့်အမျှ ကုန်ဈေးနှုန်းများလည်း မြင့်တက်လျက် ရှိ သည်။

ယင်းနှင့် ပတ်သက်ပြီး ပြည်တွင်းရှိ စီးပွားပညာရှင်တဦးက “စီးပွားရေး ကျတယ်ဆိုတာထက်တောင် ပိုနေတာပေါ့။ အဲဒီ လိုကျတဲ့အခါ ကုန်ဈေးနှုန်းတွေ ကမောက်ကမ ဖြစ်မှာပဲ။ လက်ရှိ ရလဒ်ကတော့ ဈေးနှုန်းတွေ တက်တယ်။ ဈေးနှုန်း တွေက စစ်အာဏာသိမ်းပြီး တနှစ်အတွင်းမှာ ၅၀ ရာခိုင်နှုန်း ဒါမှမဟုတ် ၁ ဆ၊ ၂ ဆ ဒီလို တက်ခဲ့တာရှိတယ်။ ဒါက အခုထိလည်း တက်နေတုန်း ဆီဈေးတွေလည်း တက်တယ်။ ဒေါ်လာဈေးကလည်း ၂၈၀၀ ကျပ် အကျော်မှာ တော် တော်ကြာကြာ ငြိမ်နေရာကနေ အခု ၂၉၀၀ ကျပ် ကျော်သွားပြီဆိုတော့ သိသိသာသာတက်လာတယ်။ အားလုံး က တိုင်းပြည်ရဲ့ စီးပွားရေး နိုင်ငံရေးအခြေအနေအရ ဖြစ်လာတဲ့ အဆိုးသံသရာရဲ့ ဂယက်ရိုက်တာပဲ” ဟု ဧရာဝတီသို့ သုံးသပ် ပြောဆိုသည်။

You may also like these stories:

ဆန်စပါး သိုလှောင်ပါက မှတ်ပုံတင်ရမည်ဟု စစ်ကောင်စီထုတ်ပြန်

မုန်တိုင်းကြောင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ ယာယီ ရပ်တန့်

Loading