တရုတ်က နယ်ကျော်ဥပဒေဖြင့် သိမ်းဆည်းလိုက်သည့် မြန်မာကုန်သည်များပိုင် ပဲမျိုးစုံနှင့် နှမ်း၊ နနွင်း၊ မန်ကျည်းသီး၊ ဇီးသီးနှင့် ပရဆေး အပါအဝင် ကာလတန်ဖိုး ကျပ်သိန်းပေါင်း သုံးသိန်းဖိုးခန့်ရှိ ပစ္စည်းများကို ရွှေလီအကောက်ခွန် ဌာနက လေလံတင်ရောင်းချရန် စီစဉ်နေသည်။
ယူနန်ပြည်နယ် ကူမင်းအကောက်ခွန်ဌာန လက်အောက်ရှိ ရွှေလီအကောက်အခွန်ဌာနမှ အဆိုပါပစ္စည်းများကို လေလံတင်ရောင်းချမည်ဟု မေ ၃၁ရက်က တရုတ်ကုမ္ပဏီများအား ဖိတ်ခေါ်ခဲ့ကြောင်း ဇွန်လကုန်ပိုင်းတွင် လေလံ စတင်မည်ဖြစ်ကြောင်း သိရသည်။
လေလံတင်မည့် ကုန်ပစ္စည်းများမှာ မြန်မာကုန်သည် ၂၀ ခန့်က ပိုင်ဆိုင်ပြီး၊ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ အတွင်း ကိုဗစ် ကြောင့် တရားဝင်နယ်စပ်ဂိတ်များ တရုတ်က မဖွင့်သေးသဖြင့် ရောင်းမရသည့်အတွက် ဝမ်တိန်ရှိ ဂိုဒေါင်များထဲတွင် ထားလိုက်ရသည့် ကုန်စည်များဖြစ်၍ မြန်မာကုန်သည်တို့အဖို့ များစွာ နစ်နာရကြောင်း မူဆယ်နယ်စပ်ရှိ ကုန်သည် ကြီးတဦးက ပြောသည်။
“ကျနော်တို့ ပဲကုန်သည်တွေကွမ်ကျိုးတို့ ဘာတို့ပို့တာ ကြာပြီ ၁၀ စုနှစ်တခုလောက် ရှိနေပြီ။ ဝမ်တိန်ဂိတ်မှာ အခွန် အပြည့်အဝပေးပြီး သွားတယ်။ အခုမှ သူတို့က နယ်ကျော်ဥပဒေနဲ့ ဖမ်းပြီးသိမ်းတယ်၊ ဒါတွေကတော့ လုံးဝမဖြစ်သင့် ဘူး၊ ပဲတွေကို ယူနန် ပြည်နယ်အတွင်းမှာပဲ ဒေသသုံးကုန်အဖြစ် ရောင်းချရမယ်ဆိုပြီး ဥပဒေ ထုတ်ထားတယ်လို့ ဆိုတယ်၊ ဒီဥပဒေက ထုတ်ပြန်ထားတယ်ဆိုတာလည်း အခုမှသိတာ အရင်တုန်းက မသိဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ တရုတ်က ဖမ်းသဖြင့် ယခုအခါ မူဆယ်နယ်စပ် ကုန်သွယ်ရေးတွင် ပဲတင်ပို့မှုမှာ မရှိသလောက် ဖြစ်သွားပြီး တခြားကုန်စည်တင်ပို့မှုများမှာလည်း နှေးကွေးသွားပြီဖြစ်ကြောင်း ၎င်းက ပြောသည်။
မေလ ၃၀ ရက်က မန္တလေးမြို့ ကုန်စည်ဒိုင်တွင် လုပ်ငန်းရှင်များက သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး ဝမ်တိန်တွင် ချိပ် ပိတ်ခံထားရသည့် ကုန်စည်များမှာ မြန်မာကုန်သည်များပိုင် အများဆုံး ဖြစ်ကာ ကျပ်သိန်းပေါင်း ၃ သိန်းဖိုးအထိ ဆုံးရှုံးမှု ကြီးမားကြောင်း ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း ဥက္ကဋ္ဌ ဦးသက်တင်က ပြောဆိုသည်။
အဆုံးအရှုံး ကြီးမားသဖြင့် ကုန်သည်များက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မန္တလေးရှိ တရုတ် ကောင်စစ်ဝန်ရုံး၊ တက်ဟုန်းပြည်နယ် ကုန်သည်ကြီးများအသင်း တို့ထံသို့ စာဖြင့် တင်ပြထားကြောင်းသိရသည်။
မြန်မာကုန်သည်များအနေဖြင့် တရုတ်နိုင်ငံသို့ နယ်စပ်မှတဆင့် ပဲမျိုးစုံ၊ နှမ်း အစရှိသည်တို့ကို တင်ပို့ရောင်းချရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ED form အထောက်အထားများ၊ ဝမ်တိန်ဂိတ်တွင် တရားဝင် အခွန်ဆောင်၍ ဝမ်တိန်ဂိုဒေါင်သို့ ရောက်ခြင်းဖြစ်ကြောင်း ကုန်သည်များက ပြောသည်။
ထိုသို့ တရားဝင် အခွန်ဆောင်ကာ အထောက်အထားအပြည့်အစုံဖြင့် တင်ပို့သည့် မြန်မာကုန်သည်တို့၏ ပစ္စည်းများကို တရုတ်အကောက်အခွန်က သူ့တို့နိုင်ငံ၏ ဥပဒေအရဆိုကာ သိမ်းဆည်းသည့်အတွက် ကုန်သွယ်ရေးစနစ်ကို ပြောင်း လဲရန် လိုကြောင်း မန္တလေးမြို့မှ ပဲကုန်သည်များက ထောက်ပြသည်။
“ဒါကတော့ အစိုးရချင်း ဖြေရှင်းပေးရမှာပေါ့။ နောက်တခုက ကုန်သွယ်မှုစနစ် ပုံစံပြောင်းမယ်။ FOB စနစ်နဲ့ ၁၀၅ မိုင်မှာပဲ ရောင်းမယ်။ ဒီလိုမျိုး တရုတ်ပြည်ထဲသွင်းပြီးမှ ရောင်းချရတဲ့စနစ်ကို ပြောင်းလဲရမယ်၊ ဘာကြောင့်ဆို ဒါက တရုတ်ပြည်ထဲကို သွားပြီး သူတို့ဂိုဒေါင်မှာ အပ်ပြီးတော့ ရောင်းရတဲ့အနေအထား ဖြစ်သွားတဲ့အခါ ဒီပြဿနာဖြစ်တာ။ တကယ်လို့သာ ၁၀၅ မိုင်မှာ ရောင်းမယ်။ သူတို့ကားနဲ့ သူတို့လာသယ်မယ်ဆိုရင် သွင်းတာ၊ ထုတ်တာ သူတို့ ပြဿနာ သူတို့ ရှင်းတော့လေ။ ကျနော်တို့ဘက်က ပြဿနာ မရှိတော့ဘူးပေါ့” ဟု အဆိုပါ မန္တလေးမှ ပဲကုန်သည်ကြီးတဦးက ဧရာဝတီသို့ ပြောသည်။
မေလ၂၆ ရက်က နေပြည်တော်တွင် ကျင်းပသည့် မြန်မာ- တရုတ် စီးပွားရေး ကုန်စည်ပြပွဲတွင် စစ်ကောင်စီ ဒုဝန်ကြီး ချုပ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးဝင်းရှိန်က မြန်မာပို့ကုန်များ ဈေးကွက် ရရှိရေး အကန့် အသတ်များ အတားအဆီးများ လျှော့ပေးစေလိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် H.E.Mr Chen Hai ကို ပြောဆိုထားသည်။
မြန်မာကုန်သည်တို့ပိုင် ပဲမျိုးစုံနှင့်အတူ အရောင်းကိုယ်စားလှယ် ၂ဦးကိုပါ ဧပြီ ၁၄ရက် ဝမ်တိန်တွင် တရုတ်တို့က ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး၊ အဆိုပါကိုယ်စားလှယ်နှစ်ဦးကို ပြီးခဲ့သည့်ရက်ပိုင်းက ပြန်လွှတ်ပေးခဲ့ကြောင်း မူဆယ် ကုန်သည်များထံမှ သိရသည်။
ထိုသို့ တရုတ်တို့၏ လုပ်ရပ်ကြောင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးကို အဟန့်အတားများ ဖြစ်စေပြီး မြန်မာကုန် ပစ္စည်းများကို မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အတွင်း၌သာ နှစ်ဖက်အရောင်းအဝယ်ဖြစ်အောင် လုပ်ရန် ကုန်သည်များက သုံးသပ် ပြောဆိုသည်။
“မကြာမကြာ အခုလို ဆုံးရှုံးမှုတွေ ဖြစ်နေမယ် ဆိုရင်တော့ နယ်စပ်စီးပွားရေးက တိုးတက်မလာဘူး၊ နှေးကွေးသွား မယ်လို့ သုံးသပ်တယ်။ ကုန်သွယ်မှုက ရိုက်ခတ်တာ ရှိတာပေါ့။ ပဲသမား ပဲကုန်သည်၊ နှမ်းကုန်သည်က မသွားရဲ သလောက် ဖြစ်သွားပြီ” ဟု လက်ရှိအခြေအနေကို အထက်ပါ ကုန်သည်တဦးက ပြောပြသည်။
တရုတ်နိုင်ငံဘက်သို့ မြန်မာနိုင်ငံမှ ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ နှမ်း၊ ဖရဲ၊ သခွား၊ ရော်ဘာ၊ ရေထွက်ပစ္စည်း၊ ငရုတ်သီး အစရှိ သည့် ကုန်ပစ္စည်းများ တင်ပို့နေပြီး တရုတ်ဘက်မှ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ စား သောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် ဆေးဝါးများကို တင်သွင်းနေခြင်း ဖြစ်သည်။
You may also like these stories:
မြန်မာပဲတီစိမ်းအိတ် သိန်း ၂၀ ကျော်နှင့် ကုန်သည် ၃ ဦးကို တရုတ်ကဖမ်းထား
ဆန်စပါး သိုလှောင်ပါက မှတ်ပုံတင်ရမည်ဟု စစ်ကောင်စီထုတ်ပြန်