ဧရာဝတီတိုင်းအတွင်း စိုက်ပျိုးစရိတ်ချေးငွေ ယူထားပြီး ပြန်မဆပ်သေးသော လယ်သမားများကို လာမည့် အောက် တိုဘာနှင့် နိုဝင်ဘာလနောက်ဆုံးထား ပြန်ဆပ်ရန် မဆပ်ပါက လယ်ယာမြေ သိမ်းဆည်းခြင်းသို့မဟုတ် တရားစွဲ ထောင်ချခြင်း လုပ်သွားမည်ဟု စစ်ကောင်စီက ဖိအားပေးနေကြောင်း သိရသည်။
ယခုရက်ပိုင်း ကျူံပျော်၊ ဘိုကလေးမြို့နယ်တို့ရှိ ကျေးရွာများမှ လယ်သမားများကို စိုက်ပျိုး စရိတ်ချေးငွေ ပြန် ဆပ်ရန် စစ်ကောင်စီခန့် မြို့နယ်၊ ကျေးရွာအလိုက် အုပ်ချုပ်ရေးမှူးများ၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ် တာဝန်ရှိသူ များ၊ စစ်သားနှင့် ရဲများ ပါဝင်သည့်အဖွဲ့များက လိုက်လံဖိအားပေး တောင်းနေကြောင်း သိရ သည်။
ဘိုကလေးမြို့နယ်ရှိ ဒေသခံလယ်သမားတဦးက “စိုက်စရိတ်ချေးငွေတွေက တချို့ကလည်း ပြန်မဆပ်နိုင်တာ နှစ် မနည်းတော့တာတွေ ရှိတယ်။ အရင် ၁ သိန်းလောက် ချေးထားတဲ့သူက ပြန်မဆပ်နိုင်တဲ့နှစ်မနည်းတော့ အခု ပြန် ဆပ်ရင်၂ သိန်းလောက် ဆပ်ရမယ်။ အဲဒီတော့ လယ်သမားတဦးက ကျပ် ၁၀ သိန်းလောက် စိုက်စရိတ်ထုတ်ထားရင် အခု သိန်း၂၀ လောက် ဆပ်ရမယ်။ အဲဒီလို ပြန်ဆပ်ဖို့ကိုလည်း ဖိအားအမျိုးမျိုးပေးတော့ လယ်သမားတွေ အခု ဆပ် ဖို့ကို တော်တော် စိုင်းပြင်းနေရတယ်။ အပေါ်ကလည်းဆပ်ဖို့ ဖိအားပေးပေမယ့် ဆပ်ဖို့ကလည်း မရှိဘူး။ အခု နောက်ပိုင်း ဘယ်လို အသံထွက်လာလဲဆိုတော့ အာဏာပိုင်ဘက်က ဒီဟာ မကျေရင် တရားဥပဒေအရ အရေးယူ ထောင်ချမယ်လို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လာမည့် ဆောင်းဦးပေါက်ရာသီ ဖြစ်သည့် အောက်တိုဘာနှင့် နိုဝင်ဘာလတွင် စိုက်ပျိုးစရိတ်ချေးငွေများ အပြီး ဆပ်ရန် ဘိုကလေးမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီက ပြောဆိုထားကြောင်း၊ လက်ရှိတွင် လယ်သမားများမှာ ချေးငွေ မဆပ်နိုင်သဖြင့် လယ်သိမ်းခံရမည်ကိုလည်း စိုးရိမ်နေရကြောင်း ၎င်းက ပြောသည်။
ဆက်လက်၍ ၎င်းက “ဒီလပိုင်းထဲမှာ ပြန်ဆပ်ဖို့ ဖိအားတွေ ပြင်းပြင်းထန်ထန် သတိပေးလာတာမျိုး ရှိတယ်။ ဒီလေးလ ဆောင်းဦးပေါက်ကိုမှ မကျေရင် တရားဥပဒေအရ တရားစွဲပြီး ထောင်ချမယ်လို့ ပြောတယ်။ ကျနော်တို့ဒေသမှာ ပြန် မဆပ်နိုင်တဲ့ လယ်သမားက ၇၅ ရာခိုင်နှုန်းလောက်ရှိတယ်။ ဒါကြောင့် တော်တော်လေးတော့ အခက်ကြုံနေရတယ်” ဟု ပြောသည်။
ယခု စစ်ကောင်စီမှ ပြန်ဆပ်ရန် တောင်းယူနေသော စိုက်ပျိုးစရိတ်ချေးငွေများမှာ စစ်တပ် အာဏာမသိမ်းမီ NLD အစိုးရလက်ထက် လယ် ၁ ဧကလျှင် ကျပ် ၁၅၀၀၀၀ နှုန်းနှင့် ထုတ်ချေးထားသည့်ငွေများကို ပြန်တောင်းခြင်း ဖြစ် ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က စစ်ကောင်စီ၏ စစ်သား၊ ရဲများကို ခေါ်ယူ၍ တောင်းနေသောကြောင့် တချို့လယ်သမားများကလည်း မိမိပိုင်လယ်ယာတချို့ကို ရောင်းချ၍ ဆပ်ရန်ပြုလုပ်ခြင်းများ ရှိနေသလို တချို့ လယ် သမားများကလည်း ပြင်ပမှ အတိုးကြီးကြီးရှာပြီးဆပ်ရန် လုပ်ဆောင်နေရကြောင်း လယ်သမားများက ပြောသည်။
ကျုံပျော်မြို့နယ် စပါးကုန်သည်သူတဦးက “စိုက်စရိတ်ချေးငွေတွေကတော့ တောင်းနေတယ်။ မကျေတဲ့ လယ်သမား ဆိုရင် လယ်သိမ်းမယ်ပြောတယ်။ အဲဒီတော့ အကုန်လုံးက ရှာဖွေပြီးတော့ ဆပ်ကြရမှာပေါ့။ လယ်မသိမ်းရင်လည်း ရွာထဲက ဆပ်နိုင်တဲ့သူကို ဒီလယ်ကို ပြန်ရောင်းပြီး သူတို့အကြွေးယူမယ်ပေါ့။ လာရင်တော့ ရဲတွေပါပါတယ်။ တောင်း တာ။ ကျနော်တို့ ဒေသကိုတော့ ၆ လပိုင်းလောက်ထဲက တောင်းနေတာ” ဟု ဧရာဝတီသို့ ပြောသည်။
ယခုအချိန်တွင် ဧရာဝတီတိုင်း ပေါ်ဆန်းစပါးဈေးမှာ ကျပ်သိန်း ၂၀ ဝန်းကျင်ရှိပြီး ဧည့်မထ စပါးဈေးမှာ ၁၆ သိန်း ၇ သောင်းဝန်းကျင်တွင်ရှိ၍ ဈေးမြင့်သည်ဟု ဆိုနိုင်သော်လည်း အခြေခံစားသောက်ကုန် ဈေးနှုန်းများ မြင့်တက်ခြင်း၊ စိုက်ပျိုးစရိတ်များမြင့်တက်ခြင်း၊ လုပ်သမားခများ မြင့်တက်ခြင်းများကြောင့် ရရှိလာသည့် ဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင် ယခုနှစ်တွင် ဈေးကောင်းသော်လည်း လယ်သမားများအတွက် အမြတ်များသည်ဟု မဆိုနိုင်ကြောင်း ၎င်းက ဆိုသည်။
“တချို့လယ်သမားတွေ ရှုံးတာလည်း ရှိပါတယ်။ စိုက်ပျိုးစရိတ်က ကြီးလို့။ သူတို့ (စကစ)က အကုန်တောင်းတာ နွေသီးနှံ၊ ဆောင်းသီးနှံ၊ မိုးသီးနှံ အကုန် စုတောင်းတာ။ လယ်သမားကလည်း ဒါပဲ လုပ်စားရတဲ့ သူဆိုတော့ သူ့ လယ်လေးမရောင်းချင်၊ သိမ်းမှာကြောက် ရှာကြံပြီး ဆပ်ရတာပေါ့။ မိုးက သိပ်မကောင်းတော့ ထွန်ပြီး အခြောက်ကြဲ တာ အခုနောက် စရိတ်ဖြစ်တဲ့ ပိုးသတ်ဆေးဖြန်းရတယ်။ မနိုင်ရင် မြက်ကောက်ရတယ်။ အရင်က မြက်ကောက်တဲ့သူ ကျပ် ၃၀၀၀ လောက် ပေးရတယ်။ အခုက ကျပ် ၅၀၀၀ က အနည်းဆုံး၊ ယောက်ျားလေး အလုပ်သမား တယောက်ဆို ကျပ် ၈၅၀၀ က အနည်းဆုံး ပေးရတယ်”ဟု လယ်စိုက်ပျိုးမှု အခြေအနေကို ပြောပြသည်။
ယခုအချိန်တွင် စိုက်ပျိုးထားဆဲဖြစ်သောကြောင့် ကုန်ကျစရိတ်အသေးစိတ်ကို ပြော၍ မရသေးသော်လည်း ပိုးသတ် ဆေး၊ မြေဩဇာ၊ အလုပ်သမားခ အစရှိသည်ဖြင့် ကုန်ကျစရိတ်များက တက်နေသည့် အခြေအနေ ရှိကြောင်း သိရ သည်။
လက်ရှိတွင် ကျုံပျော်မြို့တွင် စပါးလှောင်ထားသည့်သူများကို အခွန်ကောက်မည် ဖြစ်ကြောင်း စစ်ကောင်စီက ဆိုသဖြင့် ကုန်သည်အများစုမှာ ရသည့် ဈေးနှင့် စပါးများကိုရောင်းချနေကြကြောင်း စပါး ပွဲစားများက ပြောသည်။
ထို့ပြင် ကျုံပျော်မြို့နယ်တွင် ဆိုင်ကယ်နှင့် ဘေးတွဲများကို နေ့စဉ်ဖမ်းဆီးနေပြီး ဆိုင်ကယ်တစီးလျှင် ကျပ် ၃ သိန်းနှင့် ဘေးတွဲ တစီးလျှင် ၄ သိန်းပေးရကြောင်း ပိုက်ဆံမပေးပါက သိမ်းယူခြင်းများကို စစ်ကောင်စီတပ်များက ပြုလုပ် ကြောင်း သိရသည်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ သီးနှံအထွက်နှုန်း ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေး စိုက်ပျိုး သီးနှံအလိုက် လိုအပ်သည့် “မျိုး၊ မြေ၊ ရေ၊ နည်း” ဆိုသည့် မျိုးကောင်းမျိုးသန့်ရရှိရေး၊ လိုအပ်သည့် သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာနှင့် မြေပြု ပြင်မှုများဆောင်ရွက်ခြင်း၊ စိုက်ပျိုးရေလုံလောက်စွာရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး တို့ကို ဆောင်ရွက်ရမည်၊ စွမ်းအားပြည့်စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးမြေ အားလုံး သီးထပ်စွမ်းအားပြည့် စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရမည်ဟု ပြီးခဲ့သည့် ရက်ပိုင်းနေပြည်တော်အစည်းအဝေးတွင် ပြောဆိုခဲ့သည်။
You may also like these stories:
မန္တလေးတွင် အဝါရောင်မပြောင်းသည့် မီနီအိုးဝေ အငှားယာဉ်များ အရေးယူခံရ
ဒေါ်လာဈေးကြောင့် ဆေးဝါးနှင့် စက်သုံးဆီဈေးများလည်း တက်လာ
ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျသဖြင့် ရွှေနှင့် အိမ်ခြံမြေ ဝယ်စုသူ ပိုများလာ