ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ဟောင်ကောင်အခြေစိုက် Vpower ကုမ္ပဏီက ရင်းနှီးမြှုပ်နှံတည်ဆောက်ထားသော သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံ ၃ ခုစလုံး ရပ်ဆိုင်းသွားပြီ ဖြစ်ကြောင်း သိရသည်။
ကျောက်ဖြူရေနက် ဆိပ်ကမ်းစီမံကိန်းအနီး တည်ဆောက်ထားသော ထိုစက်ရုံ ၃ ခုသည် စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်လာသော နိုင်ငံရေးမတည်ငြိမ်မှုနှင့် စီးပွားရေးအကျပ်အတည်းများကြောင့် ပြီးခဲ့သည့် ၂၀၂၂ အတွင်း၌ စက်ရုံ အမှတ် ၁ နှင့် ၂ သည် အပြီးရပ်ဆိုင်းခဲ့ပြီး ကျန်ရှိသော စက်ရုံအမှတ် ၃ သည်လည်း သဘာဝဓာတ်ငွေ့ လုံလောက်စွာ မရှိမှုကြောင့် အပြည့်အဝ မလည်ပတ်နိုင်တော့ဘဲ ယခုတွင် အပြီးရပ်ဆိုင်းသွားခြင်းဖြစ်ကြောင်း ကျောက်ဖြူလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖိုးစံက ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်လက်၍ “ စက်ရုံအမှတ် ၃ ကလည်း ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလလောက်ကတည်းက ပြတ်တောင်းပြတ်တောင်း လည်နေတာ အခုကတော့ အပြီးရပ်ဆိုင်းသွားပြီ။ ဒါပေမယ့် သူတို့ စက်ရုံကိုတော့ မဖျက်သေးဘူး။ အရှေ့က ၂ ရုံကတော့ သူတို့အကုန်ဖျက်ပြီး ပြန်သယ်သွားပြီ” ဟု ပြောဆိုသည်။
ယခုရပ်ဆိုင်းသွားသော လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံများပါဝင်သော VPower ကုမ္ပဏီ၏ ကျောက်ဖြူ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းကို လတ်တလောဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေးအခြေအနေများကြောင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မတ်လမှ စတင်ပြီး စာချုပ်သက်တမ်း အသစ်ထပ်မံ ချုပ်ဆိုသွားတော့မည် မဟုတ်ကြောင်း ၂၀၂၁ ခုနှစ် နှစ် ကုန်ပိုင်းတွင် ထိုကုမ္ပဏီက ကြေညာခဲ့သည်။
ကျောက်ဖြူမြို့နယ်တွင် Vpower ကုမ္ပဏီ ရင်းနှီးမြှုပ်နှံထားသည့် လျှပ်စစ် မဂ္ဂါဝပ် ၁၅၀ ထုတ်လုပ်နိုင်မည့် လျှပ်စစ်ဓာတ် အားစက်ရုံ ၃ ရုံနှင့် လျှပ်စစ်မဂ္ဂါဝပ် ၁၃၅ ထုတ်လုပ်နိုင်မည့် တရုတ်အစိုးရပိုင်လုပ်ငန်း Power China Resources နှင့် ပြည် တွင်းကုမ္ပဏီ Supreme Group တို့၏ လျှပ်စစ်ဓာတ်အားစက်ရုံ ၁ ရုံ ရှိသည်။
ယခုတွင် ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင်မှ စတင်လည်ပတ်ကာ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေသော တရုတ် အစိုးရပိုင် Power China နှင့် Superme ကုမ္ပဏီတို့၏ စက်ရုံသာ ကျန်ရှိတော့မည်ဖြစ်သည်။
ဦးဖိုးစံက “ဒီစီမံကိန်းတွေ ရပ်ဆိုင်းသွားပြီးကတည်းက ကျောက်ဖြူမှာက လျှပ်စစ်ဓာတ်အားက ပုံမှန်မရတော့ တော်တော် ကြာပြီ တနေ့ ၄၊ ၅ နာရီလောက်ပဲ ရတော့တာ။ လျှပ်စစ်မီး မရတော့ ရေခဲစက်တို့ဘာတို့ ရေလုပ်ငန်းနဲ့ပတ်သက်တဲ့ အသေးစားလုပ်ငန်းတွေလည်း လုပ်ရကိုင်ရခက်ကုန်တာပေါ့။ နောက်ပြီးတော့ ဒီမှာက အိမ်သုံးရေကို မော်တာနဲ့ တင်ကြရ တာဆိုတော့ မီးမလာရင် ဒေသခံတွေ တော်တော်ဒုက္ခရောက်ကြရတယ်” ဟု ပြောဆိုသည်။
စစ်အာဏာသိမ်းမှု၏ အကျိုးဆက်တခုဖြစ်သော ဘဏ်လုပ်ငန်းအကျပ်အတည်းကြောင့် ငွေသားလည်ပတ်စီးဆင်းမှု အခက်အခဲသည်လည်း နိုင်ငံခြားကုမ္ပဏီများအတွက် ကြီးမားသည့် ပြဿနာတခု ဖြစ်ခဲ့သလို လတ်တလော လျှပ်စစ် ဓာတ်အား ထုတ်ပေးနေသော စီမံကိန်းများအတွက် လျှပ်စစ်ဓာတ်အားခကို စစ်ကောင်စီ၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနက အပြည့်အဝ မရှင်းပေးနိုင်သည့် အခြေအနေများကြောင့် Vpower ကုမ္ပဏီက မြန်မာမှလုပ်ငန်းများကို ရပ်ဆိုင်း လိုက်ခြင်းဖြစ်ကြောင်း ပြည်တွင်းလျှပ်စစ်ထုတ်လုပ်ရေး ကုမ္ပဏီတခု၏ ဒါရိုက်တာတဦးက ပြောသည်။
၎င်းက ဆက်လက်၍ “လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းတွေက ရေရှည်လုပ်ငန်းတွေဖြစ်တော့ နိုင်ငံရေး၊ စီးပွားရေး တည်ငြိမ် မှုမရှိရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက် ဆက်ရပ်တည်နေဖို့ မလွယ်ဘူး။ အရင်က ဈေးနှုန်းသတ်မှတ်ထားချက်နဲ့ အခု ငွေဈေးနဲ့ကလည်း ဘယ်လိုမှ တွက်ချေမကိုက်တော့တာကြောင့်လည်း ပါတယ်” ဟု ဆိုသည်။
VPower Group သည် မြန်မာ့လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကဏ္ဍတွင်၂၀၁၅ ခုနှစ်မှ စတင်ကာ ဝင်ရောက် ရင်းနှီးမြှုပ်နှံခဲ့ သည့် ကုမ္ပဏီဖြစ်ပြီး၂၀၂၀ ပြည့်နှစ် နွေရာသီတွင် လျှပ်စစ်ဓာတ်အား မလုံလောက်မှုကို ဖြည့်တင်းရန်အတွက် မြန်မာ အစိုး ရက စီမံကိန်း ၅ ခုကို အကောင်အထည်ဖော်ရန်၂၀၁၉ တွင် တင်ဒါခေါ်ယူခဲ့ရာ VPower ကုမ္ပဏီ ဦးဆောင်သော လုပ်ငန်းစု များက စီမံကိန်း ၄ ခုကို တင်ဒါ အောင်မြင်ခဲ့သည်။
ရင်းနှီးမြှုပ်နှံထားသော စီမံကိန်းများအနက် လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၉၀၀ ထုတ်လုပ်နိုင်ပြီး အမေရိကန်ဒေါ်လာ သန်း ၈၀၀ ခန့်ကုန်ကျမည့် စီမံကိန်း ၃ ခုကို Vpower Group နှင့်အတူ တရုတ်အမျိုးသားနည်းပညာ သွင်းကုန်ထုတ်ကုန် ကော်ပိုရေး ရှင်း (CNTIC) တို့က အကျိုးတူပူးပေါင်း ရင်းနှီးမြှုပ်နှံခဲ့ကြပြီး ထိုစီမံကိန်းများမှာ လျှပ်စစ်မဂ္ဂါဝပ် ၁၅၀ ထုတ် ကျောက်ဖြူ ဓာတ်အားစီမံကိန်း၊ မဂ္ဂါဝပ် ၄၀၀ ထုတ်လုပ်နိုင်မည့် သာကေတ သဘာဝဓာတ်ငွေ့ရည် (LNG) သုံး ဓာတ်အားပေးစက်ရုံ နှင့် မဂ္ဂါဝပ် ၃၅၀ ထုတ်လုပ်မည့် သန်လျင်စီမံကိန်းတို့ ဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက် ထိုစီမံကိန်းအားလုံးသည် လုပ်ငန်းပုံမှန် မလည်ပတ်နိုင်ဘဲ ရပ်ဆိုင်းသွားခြင်းကြောင့် Vpower ကုမ္ပဏီသည် LNG ဓာတ်ငွေ့တင် သင်္ဘောကြီးသည်လည်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မတ်လကုန်ပိုင်းက မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာသွားခဲ့သည်။
You may also like these stories:
စိုက်စရိတ်ချေးငွေ ပြန်မဆပ်က ထောင်ချမည်ဟု စစ်ကောင်စီ ဖိအားပေး
ပို့ကုန်ရငွေလဲလှယ်နှုန်း လျှော့ချပေးသော်လည်း အလုပ်မဖြစ်ဟု လုပ်ငန်းရှင်များဆို