အခြေခံ စားသောက်ကုန်များအပါအဝင် ဆန်၊ ဆီဈေးနှုန်းများ အဆမတန် မြင့်တက်နေမှုကို ထိန်းချုပ်ရန် စစ်ကောင်စီ က ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီကို ဖွဲ့စည်း လုပ်ဆောင်မည်ဟု သြဂုတ်လ ၁ ရက်က ကြေညာ သည်။
ယင်းကော်မတီကို ဇွန် ၂၇ ရက်တွင် ဖွဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီစီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက ဥက္ကဋ္ဌ၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဒုဝန်ကြီးက ဒု ဥက္ကဋ္ဌနှင့် ပြည်ထဲရေး ဒုဝန်ကြီး အပါအဝင် ကျန်ဝန်ကြီးဌာနများမှ ဒုဝန်ကြီးများ၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စည်ပင်အတွင်းရေးမှူးများ၊ မြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌတို့က အဖွဲ့ဝင်များအဖြစ် ဆောင် ရွက်မည်ဖြစ်ပြီး၊ စားသုံးသူရေးရာ ဦးစီးဌာနညွှန်ချုပ်နှင့် ကုန်သွယ်ရေး ဦးစီးဌာနညွှန်ချုပ်တို့က အတွင်းရေးမှူး ဖြစ် ကြောင်း ဖော်ပြထားသည်။
ကော်မတီသည် အခြေခံစားကုန် ဆန်၊ စားသုံးဆီနှင့် မီးဖိုချောင်သုံးကုန်ပစ္စည်းများ တည်ငြိမ်ရေး ဦးစားပေးဆောင် ရွက်ရန်၊ အခြေခံစားကုန်ပစ္စည်းတမျိုးစီ၏ ပြည်တွင်းစားသုံးရန် လိုအပ်ချက်နှင့် ထုတ်လုပ်နိုင်မှု ပမာဏတို့ကို ညီညွတ် မျှတစေရေး စိစစ်ဆောင်ရွက်ရန်၊ ဒေသများအလိုက် ကုန်ဈေးနှုန်းတည်ငြိမ်စေရန် အဖွဲ့များ ဖွဲ့စည်းတာဝန်ပေး ရန်၊ အခြေခံ စားသောက်ကုန်ပစ္စည်းများကို ကုန်ဈေးနှုန်းတည်ငြိမ်မှု ပျက်ပြားစေမည့် ကိစ္စရပ်များ အား ဥပဒေနှင့်အညီ ကြီးကြပ်ဆောင်ရွက်ရန် အစရှိသည်ဖြင့် အချက် ၁၀ ချက်ကို ဆောင်ရွက်မည်ဟု ထုတ်ပြန်ထားသည်။
ထို့အတွက် လာမည့် သြဂုတ် ၇ ရက်မှစ၍ ပေါ်ဆန်းမွှေးနှင့် ဧည့်မထဆန်ကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည် ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ယမန်နေ့က ကြေညာသည်။
အခြေခံစားကုန် ဆန်ဈေးမှာ ကျပ် နှစ်သောင်းတန်ထုတ်ဝေမည်ဟု စစ်ကောင်စီ မကြေညာမီက ရွှေဘိုပေါ်ဆန်း တအိတ်မှာ အရည်အသွေးကိုလိုက်၍ ၉၆၀၀၀ ကျပ်မှ ၁၁၆၀၀၀ ကျပ် ရှိခဲ့ပြီး ဧရာဝတီပေါ်ဆန်းမှာလည်း တအိတ် ၉၃၀၀၀ ကျပ်မှ ၉၈၀၀၀ ကျပ်၊ ဆန်ကြမ်း တအိတ် ၅၂၀၀၀ ကျပ်မှ ၇၂၀၀၀ ကျပ်ရှိခဲ့သည်။
ငွေစက္ကူအသစ် ထုတ်ဝေမည်ဟု ကြေညာပြီးနောက် ရွှေဘိုပေါ်ဆန်း တအိတ်မှာ ၁၁၀၀၀၀ ကျပ်မှ ၁၄၀၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း တအိတ် ၉၅၀၀၀ ကျပ်မှ ၁၀၃၀၀၀ ကျပ်၊ ဆန်ကြမ်းတအိတ် ၆၅၀၀၀ ကျပ်မှ ၈၅၀၀၀ ကျပ်အထိ မြင့်တက်လာပြီး စားအုန်းဆီ တပိဿာလျှင် ၇၀၀၀ ကျပ်ကျော်မှ ယခုအချိန်တွင် ၁၀၀၀၀ ကျပ်ကျော်အထိ ရုတ် တရက် ခုန်တက်သွားခဲ့သည်။
ဝါးတန်းလမ်းဆန်ကုန်စည်ဒိုင်ရှိ ဆန်ကုန်သည်ကြီး တဦးက “ရွှေဘိုပေါ်ဆန်း အနိမ့်ဆုံးက တအိတ် ကျပ် ၁၁၀၀၀၀ နဲ့ အမြင့် ဆုံးက ၁၄၀၀၀၀၀ ကျပ်လောက်ရှိတယ်။ ဈေးတွေက အကုန်တက်တယ်။ ရွှေဘိုက ကျပ် ၂ သောင်းလောက် တယ်။ ဧရာဝတီပေါ်ဆန်းက ၃၀၀၀ ကျပ်နဲ့ ၄၀၀၀ ကျပ်လောက်တက်တယ်။ ဆန်ကြမ်းလဲ တက်တာပဲ တအိတ် ကျပ် ၄၀၀၀ လောက်တက်တယ်။ နှစ်သောင်းတန် ဂယက်ကြောင့် တက်လာတာပဲ။ ရှေ့တပတ်ရဲ့ ဈေးကွက်ကို စောင့်ကြည့် ရမှာပဲ” ဟု ဈေးကွက်အခြေအနေကို ဧရာဝတီသို့ ပြောသည်။
ရွှေဘိုပေါ်ဆန်းစပါးဈေးမှာ တပတ်အတွင်း တအိတ်လျှင် ကျပ် ၂ သောင်းခန့် ဈေးတက်လာခြင်းမှာ နှစ်သောင်းတန်ငွေ စက္ကူအသစ် ဂယက်အပြင် စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ဆန်းစပါး စိုက်ပျိုးရာဒေသများတွင် စစ်တပ်က စစ် ကြောင်း ထိုးခြင်း၊ မျိုးစပါး မီးရှို့ဖျက်ဆီးခြင်း၊ စိုက်ပျိုးနေသည့် တောင်သူပါမကျန် ဖမ်းဆီးခြင်းများအပါအဝင် ဓာတ် မြေဩဇာ ဈေးနှုန်းများ အဆမတန်မြင့်တက်ခြင်းများကြောင့် စိုက်ပျိုးထုတ်လုပ်မှုလျော့ကျခဲ့ရာမှ ဈေးကွက်အတွင်း ရှားပါး၍ ဈေးတက်နေသည့် အခြေခံ အကြောင်းရင်းများထဲ ပါဝင်ကြောင်း သူက ထောက်ပြသည်။
ဆန်စပါး အသင်းချုပ်ကမူ သိုလှောင်ထားမှုများပြီး ဈေးကစားခြင်း၊ ငွေကြေးဈေးကွက် မတည်ငြိမ်ခြင်းကြောင့် ဆန်ဈေး တက်နေခြင်းကို ထိန်းညှိရန် အရန်ဆန်ဖြစ်သည့်၂၅ မတ်တန် (ဆန်ကြမ်း) ဧည့်မထ ဆန်အိတ်ရေ ၅ သောင်းကို တအိတ်လျှင် ၆၀၀၀၀ ကျပ်နှင့် မပိုသော ဈေးနှုန်းဖြင့် စက်မှုဇုန်မှ အခြေခံအလုပ်သမား မိသားစုများ၊ ဌာနဆိုင်ရာ လစာနည်းဝန်ထမ်းများအား ရောင်းချပေးခြင်း၊ လုပ်သားပြည်သူများသို့ ဆန်ကုန်စည်ဒိုင်များ၊ စည်ပင်သာယာဈေး အရောင်းဆိုင်များမှတဆင့် ရောင်းချပေးခြင်း စသည့် အစီအစဉ်များကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်သည်။
အလားတူ စားအုန်းဆီမှာလည်း စစ်ကောင်စီသတ်မှတ်ဈေးမှာ ၁ ပိဿာ ၄၂၉၅ ကျပ်နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များအသင်းက ရန်ကုန်မြို့ရှိ တချို့နေရာများ၌ ရောင်းချပေးနေသည်မှာ ၁ ပိဿာလျှင် ၄၅၀၀ ကျပ်ဖြစ် သော်လည်း ပြင်ပ လက်လီ ဈေးကွက် ၁ ပိဿာလျှင် ကျပ် ၁ သောင်းကျော်အထိ ဈေးများ မြင့်တက်နေ သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ကုန်သွယ်ရေး၊ ဘဏ္ဍာရေးအစရှိသည့် ကဏ္ဍများတွင် စစ်ကောင်စီ၏ စီမံခန့်ခွဲမှု အလွဲ များကြောင့် တိုင်းပြည်စီးပွားရေးမှာ အဘက်ဘက်မှ ဆုတ်ယုတ်ကျဆင်းကာ ကဏ္ဍတော်တော်များများ၌ ရိုက်ခတ် လျက်ရှိသလို၊ အဆိုပါ ကိစ္စရပ်များကို မကိုင်တွယ်နိုင်သမျှ ယခုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီမှာလည်း အလုပ် ဖြစ်မည် မဟုတ်ကြောင်း စီးပွားရေးလုပ်ကိုင်သူများက သုံးသပ်ပြောဆိုသည်။
ရန်ကုန်မြို့ ဘုရင့်နောင် ကုန်စည်ဒိုင်မှ ကုန်သည်တဦးကလည်း “ဈေးကွက်ကို ကန့်သတ်မယ်။ ထိန်းချုပ် မယ်ဆိုတာ ကတော့ အဆင်မပြေပါဘူး။ အရင်ကလည်း တောက်လျှောက်လုပ်ခဲ့ကြတာပဲ၊ အဆင်မပြေပါဘူး။ သူတို့ရဲ့ သွားနေတဲ့ လမ်းကြောင်းမှန်အောင်ပဲ လုပ်ပေးလို့ရမယ်။ သီးသန့်ထိန်းချုပ်တာတော့ လုပ်လဲ မလုပ်ကြပါဘူး။ သူတို့ (စကစ) ဆန်တို့ ဆီတို့ကို စဉ်းစားတဲ့သဘော ရှိမှာပါ” ဟု ပြောသည်။
ဈေးကွက်၏ သဘောတရားမှာ ပုံမှန်အားဖြင့် ဝယ်လိုအားနှင့်ရောင်းလိုအားအပေါ်တွင်သာ ရှိသောကြောင့် ကုန်ဈေး နှုန်း ထိန်းချုပ်လုပ်ဆောင်ခြင်းက ရေရှည်၌ အောင်မြင်နိုင်သည့် နည်းလမ်း မဟုတ်ကြောင်း ၎င်းက သုံးသပ်သည်။
ဈေးကွက်မှာ နည်းမှန်လမ်းမှန်နှင့် ထိန်းကျောင်း၍သာရကြောင်း ထိန်းချုပ်၍ မရနိုင်ကြောင်း၊ ထို့ကြောင့် ဈေးကွက်ကို အာဏာနှင့်ထိန်းချုပ်မည်ဆိုပါက အောင်မြင်ရန် အလားအလာမရှိကြောင်း ပြည်တွင်းနေစီးပွားရေး ပညာရှင်တဦးက လည်း လည်း ဧရာဝတီသို့ ပြောသည်။
“ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေးကော်မတီတို့ ဘာညာတို့က လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာထဲက လုပ်ခဲ့တဲ့ မွဲပြာပုဆိုး နည်းဟောင်းပဲ။ အဲဒီလိုလုပ်လို့လည်း ဘယ်တုန်းကမှ ကုန်ဈေးနှုန်းလည်း မတည်ငြိမ်ဘူး၊ ကျလည်း မကျဘူး။ ဘာ ကြောင့်လဲဆိုတော့ အခြေခံသဘောကို နားလည်းမလည်ဘူး၊ ကိုင်လည်း မကိုင်တွယ်တတ်ဘူး။ လုပ်နေကျအတိုင်းပဲ လုပ်တာ။ တခုတော့ရှိတယ်။ တိုင်းပြည်ချုပ်ကိုင်ထားတဲ့ အာဏာကို သုံးမယ်ဆိုရင်တော့ ယာယီတချို့နေရာတွေမှာ တော့ သက်ရောက်မှု ရှိနိုင်တာပေါ့လေ။ ဒါကလည်း ပြောပလောက်အောင် ထိရောက်တဲ့ သက်ရောက်မှု သိပ်မရှိဘူး” ဟု ၎င်းက သုံးသပ် ပြောဆိုသည်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီနှင့် ဆေးဝါး၊ မီးဖို ချောင်သုံးကုန်ပစ္စည်း၊ စက်သုံးဆီဈေးများမှာ ဈေးတက်လျက်ရှိရာ ယခုနှစ် ဇူလိုင်လနှင့် ဩဂုတ်လများတွင် အဆ မတန် မြင့်တက်နေခြင်းဖြစ်သည်။
ပြည်တွင်းရှိ စီးပွားရေးလေ့လာသုံးသပ်သူ တဦးကလည်း “ကုန်ဈေးနှုန်း မတည်ငြိမ်တာ အကြောင်းအရင်း၂ ခုရှိတယ်။ တကမာ္ဘလုံးမှာ ဖြစ်နေတဲ့ ကိုဗစ်ကြောင့်ဖြစ်တဲ့ စီးပွားရေးဂယက်၊ တကမ္ဘာ့လုံးမှာ ဈေးတွေတက်တယ်။ ဒါပေမယ့် မြန်မာပြည်မှာတက်တဲ့ နှစ်ဆသုံးဆ ဈေးနှုန်းတက်တာတွေ မတည်ငြိမ်တာတွေ ဒါတွေရဲ့ အဓိက လက်သည် တရားခံ ကတော့ နိုင်ငံရေးပဲလေ။ စစ်တပ် အာဏာသိမ်းတာကြောင့်ဖြစ်တာ။ အလွဲလွဲအမှားမှား စီမံခန့်ခွဲတယ်။ မချုပ်ကိုင်သင့် တဲ့ဟာတွေကို ချုပ်ကိုင်ပြီး လုပ်တာကြောင့်ဖြစ်တာ” ဟု သုံးသပ် ပြောဆိုသည်။
ပြည်သူများအနေဖြင့် ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့်နှင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသလို၊ ဝင်ငွေနည်း ပြည်သူ များအနေနှင့်မူ စားဝတ်နေရေးကျပ်တည်းမှုကို ပို၍ ကြုံနေရရာ စစ်ကောင်စီ၏ကုန်ဈေးနှုန်း ထိန်းချုပ်ရေးကော်မတီ အနေဖြင့် အမှန်တကယ် ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး လုပ်ဆောင်နိုင်မည် လားဆိုသည်ကို စောင့်ကြည့် ရမည်ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။
လက်ရှိတွင် စက်သုံးဆီဖြစ်သည့် ဓာတ်ဆီ တလီတာ လျှင်၂၂၀၀ ကျပ် ဝန်းကျင်နှင့် အိမ်သုံးဆေးဝါးဖြစ်သည့် ဒီကိုဂျင်တလုံး ပင်လျှင် ၂၅၀ ကျပ် အထိ ဈေးတက်လာခဲ့သည်။
You may also like these stories:
ကျပ်နှစ်သောင်းတန်ကြောင့် အခြေခံစားသောက်ကုန်များ အတက်ကြမ်း
ကျပ် နှစ်သောင်းတန်ဂယက် ဒေါ်လာနှင့် ရွှေဈေးကွက် ကမောက်ကမဖြစ်