စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်လာငွေကြေးဈေးကွက် ဆက်တိုက်မြင့်တက်ပြီး တည်ငြိမ်မှုမရှိခြင်းကြောင့် သွင်းကုန်ပစ္စည်းဈေးနှုန်းများလည်း ပို၍မြင့်သဖြင့် ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားမှုများရှိလာကြောင်း လုပ်ငန်း ရှင်များထံက သိရသည်။
ကိုဗစ် ၁၉ ရိုက်ခတ်မှုကြောင့် အထိနာခဲ့သည့် ပြည်တွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းများသည် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း တည်ဆောက်ရေးတွင် အဓိက အသုံးပြုနေရသည့် လုပ်ငန်းသုံး သံချောင်း သံ ၁ တန်မှာ အာဏာမသိမ်း ခင်က ကျပ် ၈ သောင်းဝန်းကျင်သာ ရှိသော်လည်း ယခုအချိန်တွင် သံ ၁ တန် ကျပ် ၁၅ သိန်းကျော်အထိ မြင့်တက်လာသည်။
ပြည်တွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းရှင်တဦးက “ငွေစက္ကူ အသစ် ထွက်လာတဲ့ခါ သံချောင်းဈေး ရုတ်တရက် တော်တော်လေး တက်သွားတယ်။ ကုန်ဈေးနှုန်းကျဆင်းရေး ကော် မတီ သူတို့(စကစ) ဖွဲ့လိုက်တဲ့အတွက် နည်း နည်းပါးပါး ခေါ်မေးမြန်းတာ ရှိတယ်။ အဲဒီတော့ တချို့ လုပ်ငန်းတွေ ရပ်တာလဲရှိတယ်။ ရောင်းတဲ့သူတွေက အရောင်း ပိတ်တာရှိတယ်။ မဖြစ်မနေလုပ်ရမယ့်သူတွေကတော့ လုပ်မှာပေါ့” ဟု လက်ရှိအခြေအနေကို ဧရာဝတီသို့ ပြောသည်။
ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများကို ကိုရီးယား၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း အစရှိသည်တို့မှ တင်သွင်းပြီး သံတတန် လျှင် ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးတပတ်က ကျပ် ၁၄ သိန်းကျော်ရှိရာမှ ယခု အချိန်တွင် ကျပ် ၁၅ သိန်း ကျော် အထိရှိပြီး၊ ဘိလပ်မြေတအိတ်လျှင် ၉ ထောင်ကျော်မှ ယခုဩဂုတ်လဆန်းပိုင်းတွင် ကျပ် ၁ သောင်းနီးပါး ခန့် ရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
လက်ရှိ ဆောက်လုပ်ရေး လုပ်ငန်းသုံး သွင်းကုန်ပစ္စည်းများက ဒေါ်လာဈေးမြင့်တက်မှု၊ ငွေစက္ကူအသစ်ရိုက်ထုတ်မှု များကြောင့် ဈေးနှုန်းများမြင့်တက်သလို ပြည်တွင်းထုတ် ဆောက်လုပ်ရေးလုပ်ငန်းသုံး ကုန်ကြမ်း ပစ္စည်းဈေးတက်မှု ငွေကြေးဖောင်းမှုအပေါ် လိုက်၍ ဈေးတက်လာခြင်းများကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အခက်အခဲဖြစ် လာခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
ပြည်ပမှ တင်သွင်းသော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဖြစ်သည့် သံထည်ပစ္စည်းများ၊ အလူမီနီယံ၊ အဆောက်အအုံအမိုးများမှာလည်း ယခင်လထက် အကြမ်းဖျင်း ၁၀ ရာခိုင်နှုန်းနီးပါး မြင့်တက်ကြောင်း သိရ သည်။
ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းရှင်တဦးက “ကုန်ပစ္စည်းဈေးတွေ တက်လို့ မဆောက်နိုင်တော့လို့ ထွက်ပြေး တိမ်းရှောင်ရတဲ့သူတွေလည်း ရှိတယ်။ ပြီးခဲ့တဲ့ ဘတ်ဂျက်နှစ်မှာထဲက အမည်ပျက်စာရင်းအသွင်းခံပြီး မလုပ်ဘဲထား တဲ့သူတွေ ရှိတယ်ဗျ။ အခုနောက်ပိုင်းမှာတော့ နည်းနည်းပိုများလာပါတယ်။ အဓိကတော့ ကုန်ဈေးနှုန်းနဲ့ ငွေဈေး ကြောင့်ပါ။ ဒါတွေက မူလသတ်မှတ်တဲ့အတိုင်း မဖြစ်လာတဲ့အခါကျတော့ သူတို့အနေနဲ့လဲ မလျော်နိုင်ဘူး။ နာမည် ပျက်ရင် ပျက်ပါစေဆိုတဲ့ ပုံစံနဲ့ ပြေးတဲ့ပုံစံပါ။ အဲဒီလိုမျိုးတွေဖြစ်နေတယ်” ဟု လက်ရှိအခြေအနေကို ရှင်းပြသည်။
ကုန်ပစ္စည်းဈေးနှုန်းများမှာ တက်ပြီးပါက ဈေးပြန်ကျမှုလည်း နည်းပါးသောကြောင့် တချို့ တင်ဒါလုပ်ကိုင်သည့်သူများ မှာလည်း အောင်မြင်ထားသည့် တင်ဒါ ငွေကြေးပမာဏနှင့် တက်လာသည့် ကုန်ဈေးနှုန်းနှင့် မညီမျှသည့်အခါ အခက် အခဲများဖြစ်၍ လုပ်ငန်းအောင်မြင်အောင် လုပ်ဆောင်နိုင်ခြင်းမရှိဘဲ ရပ်တန့်ထားရခြင်း၊ ထွက်ပြေးခြင်းများ ရှိလာ ကြောင်း ၎င်းက ဆိုသည်။
“ကုန်ဈေးနှုန်းက ရတဲ့ တင်ဒါအမြတ်ထက် အများကြီး ကျော်သွားရင် ငွေကြေးအင်အား ခိုင်မာမှုမရှိတဲ့ ကုမ္ပဏီတွေက လုပ်ငန်း အောင်မြင်အောင် မလုပ်နိုင်တာ၊ ထွက်ပြေးတဲ့ ပြဿနာတွေ ဖြစ်တာ။ အပြင်ပုဂ္ဂလိကကျတော့ ယုံကြည်ရင် ကြိုတင်ငွေများများ ပေးတာပေါ့။ အဲဒီအခါကျတော့ ပစ္စည်းများများ ဝယ်ချတော့ သူရဲ့ ဖိအားက ကျဉ်းတာပေါ့။ အဲဒီ လိုမဟုတ်ပဲ နိုင်ငံတော်တင်ဒါကျတော့ ပိုက်ဆံကြိုပေးတာ မဟုတ်ဘူး။ ၅ ရာခိုင်နှုန်းလဲ ကြိုင်တင်ငွေ တင်ရသေး၊ ၂၅ ရာခိုင်နှုန်းလောက်ပြီးမှ ပိုက်ဆံပေးတော့ သူက ၃၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံရမှာဆိုတော့ ငွေကြေးက မစိုက်နိုင်တော့ဘဲ အဲဒီ ပြဿာတွေက ဖြစ်တာ” ဟု ၎င်းက ပြောဆိုသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း နိုင်ငံတော် တင်ဒါချထားပေးမှုမှာ ယခင်အရပ်သား အစိုးရဖြစ်သည့် ဦးသိန်းစိန်၊ NLD အစိုးရ လက်ထက်များထက် နည်းပါးသွားသည်ကို တွေ့ရကြောင်း၊ အာဏာစသိမ်းပြီး ကာလ၌ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတချို့ တွင်သာ တင်ဒါခေါ်ယူခြင်းရှိပြီး နောက်ပိုင်းတွင် မရှိတော့ကြောင်း လုပ်ငန်း ရှင်များထံက သိရသည်။
ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန် အခက်အခဲများ ရှိနေသော် လည်း တဖက်တွင် ကျပ်ငွေတန်ဖိုးကျဆင်းခြင်းများကြောင့် တချို့ ငွေကြေး လက်ထဲ မကိုင်ထားချင်သူများက ပိုင်ဆိုင် မှုများကို အသွင်ပြောင်းရန်အတွက် တိုက်ခန်း၊ မီနီကွန်ဒိုဝယ်ယူများရှိနေကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။
You may also like these stories:
ဘင်္ဂလားဒေ့ရှ်၏ သွင်းကုန်ကန့်သတ်ချက်ကြောင့် နယ်စပ်ကုန်သွယ်ရေး ကျဆင်း
စစ်ကောင်စီဘဏ်များနှင့် ထိတွေ့ဆက်ဆံမှုများ စတင်အရေးယူမည်ဟု အမေရိကန်သတိပေး
စစ်ကောင်စီ ကုန်ဈေးနှုန်း ကျအောင် လုပ်နိုင်ပါ့မလား