ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ အတွင်းရေးမှူး ဗိုလ်ချုပ် ရန်နောင်စိုး ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိသားစုနှင့်ရင်းနှီးသော ရွှေဗျိုင်းဖြူလုပ်ငန်းစု (SBP) ပိုင်ရှင်ဖြစ်သူ ဦးသိန်းဝင်းဇော်ကို စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း လုပ်ငန်းရှင်တချို့ ထံက သိရသည်။
စက်သုံးဆီကဏ္ဍနှင့် နီးစပ်သည့်လုပ်ငန်းရှင်တဦးက “မနေ့တုန်းက ရန်ကုန်က ရွှေဗျိုင်းဖြူကုမ္ပဏီရုံးချုပ်ကို ဝင်စီးနင်း တာတွေ ရှိတယ်။ အခုဆိုရင် စက်သုံးဆီအသင်းက လူတွေအကုန်လုံးနီးပါး ရှောင်နေကြပြီ” ဟု ဧရာဝတီသို့ ပြောသည်။
ရွှေဗျိုင်းဖြူပိုင်ရှင် ခရိုနီ ဦးသိန်းဝင်းဇော် ပိုင်ဆိုင်သည့် SBP ကုမ္ပဏီသည် လောင်စာဆီဆိုင်များ၊ ကျောက်မျက်တူး ဖော်ခြင်း၊ ဆက်သွယ်ရေးနှင့် သစ်ထုတ်လုပ်ခြင်းစသည့် လုပ်ငန်းခွဲများရှိပြီး ထိုမှ စီးပွားရေးအကျိုးအမြတ်များစွာရှိကာ စစ် ကောင်စီကို အခွန်အများဆုံးပေးဆောင်နေသည့် လုပ်ငန်းစုလည်း ဖြစ်သည်။ ထို့ပြင် တယ်လီနောအမည်ပြောင်းထား သည့် ATOM ဆက်သွယ်ရေးလုပ်ငန်းတွင်လည်း ရွှေဗျိုင်းဖြူက ရှယ်ယာအများဆုံး ပိုင်ဆိုင်ထားသည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်း၌ စစ်ကောင်စီကို လောင်စာ အဓိကပေးသွင်းသူ ရွှေဗျိုင်းဖြူ၏ လုပ်ငန်းခွဲတခုဖြစ်သည့် ရေနံနှင့် ဓာတ်ငွေ့ကုမ္ပဏီလီမိတက်ကို မြန်မာလူမွဲစာရင်းကြေညာကာ စာရင်းရှင်းလင်း ဖျက်သိမ်းထားခဲ့သေးသည်။
ဦးသိန်းဝင်းဇော်အပြင် အခြား စက်သုံးဆီဖြန့်ဖြူးရေးလုပ်ငန်းရှင်များကိုလည်း နေပြည်တော် စစ်ကောင်စီက ဖမ်းဆီးစစ်မေးခြင်းများ လုပ်နေရာ နိုင်ငံခြားရောက်နေသူများကိုပင် အမြန်ပြန်လာရန် ခေါ်ယူနေကြောင်း သိရသည်။
ယခုကဲ့သို့ စစ်တပ်နှင့် နီးစပ်သူ ရွှေဗျိုင်းဖြူ ပိုင်ရှင် ထိန်းသိမ်းခံရခြင်းမှာ စက်တင်ဘာလ ၇ ရက်က ကုန်သွယ်ရေးတာဝန်ခံ ဗိုလ်ချုပ်ရန်နောင်စိုး ဖမ်းဆီးခံရခြင်း နောက်ဆက်တွဲဖြစ်သည်။ ထိုနေ့တွင်ပင် ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်တချို့နှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ လုပ်ငန်းရှင်များကို နေပြည်တော်သို့ ခေါ်ယူစစ်ဆေးနေကြောင်း ဧရာဝတီ၏ သတင်းရင်းမြစ်များက ပြောဆိုသည်။
စစ်ကောင်စီက ခေါ်ယူစစ်ဆေးနေသော လုပ်ငန်းရှင်များထဲတွင် စက်သုံးဆီတင်သွင်းရောင်းချသူများအပြင် စားအုန်းဆီတင်သွင်း ရောင်းချသူများ ဆန်၊ ပဲနှင့် ပြောင်းတင်ပို့ရောင်းချသူများအပါအဝင် ပုဂ္ဂလိကဘဏ်မှ ထိပ်တန်းအရာရှိကြီးတချို့လည်း ပါဝင်ကြောင်း သိရသည်။ စီးပွားရေးလုပ်ငန်းရှင်တဦးက “ဘုရား (မာရဝိဇယ) မှာ ပိုက်ဆံလှူတဲ့လုပ်ငန်းရှင် ၉၀ ရာခိုင်နှုန်းလောက် စစ်ဆေးခံနေရတာ” ဟု ဆိုသည်။
ယခုကဲ့သို့ စီးပွားရေးသမား အများအပြား ဖမ်းဆီးမှုသည် လတ်တလော ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်နေရခြင်းမှာ ဝိသမလောဘသား စီးပွားရေးသမားများကြောင့် ဖြစ်ရသည်ဟု စစ်ကောင်စီဘက်က သတင်းစာရှင်းလင်းပွဲ လုပ် ထုတ်ပြန်ပြောကြားပြီးအပြီး ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ သွင်းကုန်ထုတ်ကုန်လုပ်ငန်းရှင်များနှင့် ဘဏ်အချို့သည် ဗဟိုဘဏ်က တဒေါ်လာ ၂၁၀၀ ကျပ်ဈေးဖြင့် ဝယ်ယူတင်သွင်းလာသော ကုန်စည်ကို ပြင်ပပေါက်ဈေးဖြင့် ပြန်လည်ရောင်းချပြီး အမြတ်ထုတ်နေကြောင်းလည်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရသူက ပြောခဲ့သည်။
ထိုသို့ ဖမ်းဆီးခံရသူအများအပြားသည် စစ်ကောင်စီက ဖွဲ့စည်းထားသည့် နိုင်ငံခြားငွေကြေး ကြီးကြပ်ရေးကော်မတီ (FESC) တွင် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို လာဘ်ထိုးထားသည်ဟု ဆိုကြသည်။ ရန်နောင်စိုးသည် မိုးမြင့်ထွန်း၏ ညာလက်ရုံးဖြစ်သည်။
ပြည်ပမှ ကုန်ပစ္စည်း တင်သွင်းချင်သူများအနေဖြင့် ဗိုလ်ချုပ် ရန်နောင်စိုး၏ ခွင့်ပြုချက် လက်မှတ်ရရှိမှသာ ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာကို အစိုးရသတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးသည်။ ထို့ကြောင့် ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းရောင်းချသူများအနေဖြင့် ပစ္စည်းတင်သွင်းခွင့်ရရေးနှင့် ဗဟိုဘဏ်မှ အစိုးရ ပေါက်ဈေးအတိုင်း ဒေါ်လာဝယ်ယူခွင့်ရရန် ရန်နောင်စိုးထံ ချဉ်းကပ်ကြရသည်။
“အဂတိလိုက်စားမှုအရှုပ်တော်ပုံ ပေါ်ပေါက်လာတော့ ရန်နောင်စိုးကို ဓားစာခံလုပ်လိုက်တာ။ မိုးမြင့်ထွန်း မသိဘဲ သူဘာမှ လုပ်လို့မရဘူး” ဟု စီးပွားရေးလုပ်ငန်းရှင်တဦးပြောသည်။
ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် လက်ရှိစစ်ကောင်စီတွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၊ ဒုခေါင်းဆောင် စိုးဝင်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ရေတပ်ဗိုလ်ချုပ်မိုးအောင်နှင့် လေတပ်ဗိုလ်ချုပ် ထွန်းအောင်တို့ပြီးလျင် ဆဋ္ဌမမြောက်သြဇာအကြီးမားဆုံး ဖြစ်သည်။
မိုးမြင့်ထွန်းသည် နဝတအစိုးရလက်ထက် ဒုခေါင်းဆောင်နှင့် ကုန်သွယ်ရေးကောင်စီ ဥက္ကဋ္ဌလုပ်ခဲ့သူ ဗိုလ်ချုပ် မောင်အေး၏ ကိုယ်ရေးအရာရှိဖြစ်ပြီး မြန်မာ့ထိပ်တန်း ခရိုနီကြီးများနှင့် ရင်းနှီးသူဖြစ်သည်။
ယခုအခါ အမှုကို စစ်ကောင်စီ၏ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) က တိုက်ရိုက်ကိုင်တွယ်နေပြီး လာဘ်စားမှုဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသော ဗိုလ်ချုပ် ရန်နောင်စိုးနှင့်ပတ်သက်၍ မှန်မှန်ကန်ကန် ထွက်ဆိုပေးရန် လုပ်ငန်းရှင်များအား ပြောဆိုထားကြောင်း ဧရာဝတီ သတင်းဌာနက စုံစမ်း သိရှိရသည်။
နေပြည်တော်တွင် စစ်ဆေးခံနေရသော သွင်းကုန်လုပ်ငန်းရှင်တဦးက ဗိုလ်ချုပ်ရန်နောင်စိုးအား တလလျှင် စားအုန်းဆီ တန်ချိန် ၁၀၀၀ နှင့် ဒေါ်လာ ၁ သိန်း ပေးရကြောင်း ဝန်ခံထွက်ဆိုထားသည်ဟုလည်း နေပြည်တော်ရှိ ဧရာဝတီ သတင်းရင်းမြစ်တဦးက ပြောဆိုသည်။
တချိန်တည်းတွင် အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး ညိုစောကို ကုန်သွယ်ရေးနှင့်ကုန်စည်စီးဆင်းမှု ချောမွေ့စေရေးကော်မတီ၏ ရန်နောင်စိုး နေရာတွင် အစားထိုးထားသည်။
You may also like these stories:
ကုန်သွယ်ရေး တာဝန်ခံ ဗိုလ်ချုပ်ရန်နောင်စိုးနှင့် စီးပွားရေးသမားတချို့ စစ်ဆေးခံနေရ
လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား
ရေပေါ်ဆီဆိုင်တည်ရာမှ တယ်လီနောမြန်မာကို ပိုင်ဆိုင်လာမည့်သူ
အကျပ်အတည်းများကြားက ဗလောင်းဗလဲ စစ်ကောင်စီ
ဘုရားလည်းပြီး ပြည်ကြီးပျက်လတ္တံ့