မိုးစပါးပေါ်ချိန် ဆန်စပါးဝယ်ယူရာတွင် သင့်တင့်မျှတသော ဈေးနှုန်းများဖြစ်ရန်ဆိုကာ စစ်ကောင်စီ၏ လမ်းညွှန်ချက် ဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းက ထုတ်ပြန်သည့် မိုးစပါးဈေး သတ်မှတ်ချက်မှာ လယ်သမားများအတွက် တွက်ခြေ မကိုက်ကြောင်း သိရသည်။
ယင်းသတ်မှတ်ချက်အရ ဧမထ၊ ငစိန်စပါးများ တင်း ၁၀၀ လျှင် ကျပ် ၁၃ သိန်းမှ ၁၅ သိန်းအတွင်း၊ ဧရာဝတီပေါ်ဆန်း စပါးများ တင်း ၁၀၀ လျှင် ကျပ် ၁၆ သိန်းမှ ကျပ် ၁၈ သိန်းအတွင်း၊ ရွှေဘိုပေါ်ဆန်း စပါးများ တင်း ၁၀၀ လျှင် ကျပ် ၁၈ သိန်းမှ ကျပ်၂၀ သိန်းအတွင်းနှင့် ဧရာမင်း ဧရာပဒေသာစပါးများမှာ တင်း ၁၀၀ လျှင် ကျပ် ၁၆ သိန်းမှ ၁၈ သိန်း အတွင်း ယခုနှစ်ထွက်ရှိမည့် စပါးအပေါ် အသင်းဝင် ကုမ္ပဏီများ၊ ဆန်စပါး ကုန်သည်များအနေဖြင့် ဝယ်ယူကြရန် စက်တင်ဘာ ၁၉ ရက်က ရည်ညွှန်းဈေး သတ်မှတ်လိုက်ခြင်း ဖြစ်သည်။
ယခုလို သတ်မှတ်ရည်ညွှန်းဈေးမှာ ကြီးမြင့်နေသည့် စိုက်ပျိုးစရိတ်နှင့် ယခုနှစ် စပါးပေါ်ချိန်၌ ရေကြီးနစ်မြုပ်၍ စပါးပင်များပျက်စီးသဖြင့် အထွက်နှုန်းကျခြင်းများကြောင့် တွက်ခြေကိုက်သည့် ဈေးမဟုတ်ကြောင်း လယ် သမားများက ပြောသည်။
ရန်ကုန်မြို့ရှိ လယ်သမားတဦးက “လယ်သမားတယောက်အနေနဲ့က ဒီဈေးနဲ့ဆို မကိုက်ဘူး။ ဘာလို့လဲဆိုတော့ အခု ကျပ် ၁၃ သိန်းနဲ့ ကျပ် ၁၅ သိန်းကြားမှာဆိုတော့ တင်း ၁၀၀ ကျပ် ၁၄ သိန်းပဲ ထားပါတော့၊ လယ် ၁ ဧကကို စပါး တင်း ၅၀ ထွက်မှ ကျပ် ၇ သိန်းရမှာ၊ ရင်းထားရတာက ၁ ဧက ကျပ် ၅ သိန်းလောက်ရှိတယ်။ ဒီကြားထဲ အတိုးနဲ့ ဆွဲ စိုက်ထားတာဆိုတော့ အတိုးဖိုးက ရှိသေးတယ်။ အဲဒီတော့ လုပ်အားခက အသားတင် ရှုံးပြီ” ဟု ဧရာဝတီသို့ ပြော သည်။
ပြီးခဲ့သည့်လများအတွင်းက စပါးဈေးမှာ တင်း ၁၀၀ လျှင် ကျပ်သိန်း၂၀ ကျော်ထိ ရှိခဲ့သော်လည်း လယ်သမားများမှာ ယင်းဈေးကို မရခဲ့ကြောင်း၊ ယခု မိုးစပါးပေါ်ချိန် တွင် ဆန်ဈေးမြင့်တက်မှုကို အကြောင်းပြ၍ စစ်ကောင်စီက ဆန်ဈေး များကို သတ်မှတ်ခဲ့သလို စပါးဈေးကိုလည်း အသင်းချုပ်က ယခုလိုကြားချ၍ ဈေးသတ်မှတ်ခြင်းမှာ လယ်သမားများ အတွက် အဆင်ပြေသည့်ဈေးမဟုတ် ကြောင်း ၎င်းက သုံးသပ် ပြောဆိုသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကမူ ယခုကဲ့သို့ မိုးစပါးရည်ညွှန်းဈေး သတ်မှတ်ခြင်းမှာ တောင်သူလယ်သမားများ စိုက်ပျိုးထုတ်လုပ်မှုအပေါ် ထိုက်သင့်သည့် အကျိုးအမြတ်ရရှိရေး၊ ကြိတ်ခွဲထုတ်လုပ်ရောင်းဝယ်သူများအတွက်လည်း ထိုက်သင့်သည့် အကျိုးအမြတ်ရရှိရေး၊ စားသုံးသူများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေး စစ်ကောင်စီ၏ လမ်းညွှန်ချက်နှင့် အညီ ကုန်ဈေးနှုန်းတည်ငြိမ်စေရေးဟုဆိုကာ ၂၀၂၃ ခုနှစ် မိုးစပါးရာသီ ထွက်လာမည့် စပါးများကို ဈေးနှုန်း သတ် မှတ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဧရာဝတီတိုင်းမှ လယ်သမားတဦးက “အရင်တုန်းကတော့ အနိမ့်ဆုံး ကြမ်းခင်းဈေးပဲ သတ်မှတ်ပေးတာ၊ အမြင့်ဆုံး ဈေးကတော့ သူ့ဘာသာ ပေါက်ဈေးပေါ့။ ဈေးကွက်စီးပွားရေးအရပေါ့။ ဒါပေမယ့် အဲဒီတုန်းကလည်း ဝယ်တဲ့သူက မဝယ်ရင် ဈေးကျတာပါပဲ။ ဒီနှစ်ကတော့ အခြေအနေအရ သွင်းအားစုတွေ၊ စက်သုံးဆီဈေးတွေ တက်တော့ စပါးက ကိုယ့်ဆီက ထွက်တာဆိုပေမယ့် ဒါတွေကြောင့် စိုက်စရိတ်က ကြီးမြင့်တယ်။ ဒီတော့ သူတို့ အခု သတ်မှတ်တာနဲ့ တကယ် ဝယ်မယ်ဆို မရှုံးပေမယ့် အမြတ်အစွန်းက နည်းတယ်။ ကျနော်တို့ ပြန်ဝယ်ယူစားသောက်တဲ့ စားကုန်တွေ၊ စိုက်ပျိုးရေး ပစ္စည်းတွေက ဈေးကောင်းနေတယ်” ဟု ပြောသည်။
လက်ရှိတွင် မိုးကောင်းသောကြောင့် စပါးရိတ်သိမ်းချိန် စပါးပင်များလဲခြင်း၊ ရေဝင်ခြင်းကြောင့် ပျက်စီးရသလို ဧရာဝတီ တိုင်း ကျူံပျော်ဒေသဘက်တွင်လည်း စပါးပိုးများကျ၍ ပိုးသတ်ဆေးဖြန်းရသည့် ကုန်ကျစရိတ်များမှာ ပိုလာကြောင်း သိရသည်။
ဆက်လက်၍ ၎င်းက “ကျနော်တို့ဆီမှာ စပါး ၁ ဧက ပျမ်းမျှ စိုက်စရိတ်က ဒီနှစ် ကျပ် ၇ သိန်း၊ ၈ သိန်းရှိတယ်။ ပြည်ပ ပို့တဲ့စပါးမျိုးပေါ့။ အထွက်နှုန်းကျတော့ ရာသီဥတုအခြေအနေပေါ်မူတည်တယ်။ ကျနော်တို့ ဒီနှစ်မှာ ၁ ဧက တင်း ၁၀၀ လောက် ထွက်နိုင်တဲ့ တောင်သူတွေ ရှိမယ်မှန်းတာ။ တကယ်လည်း လယ်ကို ဂရုစိုက်ကြတယ်။ အခု ဘာဖြစ်လဲဆို တော့ မိုးကြောင့် ဒီစပါးပင်တွေက လဲသွားပြီ။ အခု နောက်မိုးက ဖျက်ဆီးသွားတယ်။ အဲဒီတော့ လယ်တွေက အခု ရိတ်ရင် ၁ ဧက စပါးတင်း ၇၀ နဲ့ တင်း ၈၀ လောက်ပဲ ရတော့မယ်” ဟု လက်ရှိ စပါးခင်းများ ပျက်စီးမှု အခြေအနေနှင့် ပတ်သက်ပြီး ရှင်းပြသည်။
ထို့ကြောင့် ပြည်တွင်းဆန်ဈေးနှုန်း ကျဆင်းစေရန် စပါးဈေးကိုချ၍ ဝယ်ယူခိုင်းပါက လက်ရှိဖြစ်ပေါ်နေသော ကုန်ကျစရိတ်နှင့် တွက်ချက်ပါက တောင်သူများ အရှုံးပေါ်နိုင်ကြောင်း လယ်သမားများတချို့က ဆိုသည်။
ယင်းပြင် စပါးများကို နယ်ကျော်၊ တိုင်းကျော် သယ်ယူပို့ဆောင်ခြင်းသာမက မြို့နယ်ကျော်သယ်ယူပါကလည်း စစ်ကောင်စီ အာဏာပိုင်များနှင့် စားသုံးသူရေးရာ၏ ခွင့်ပြုချက်များ ယူရမည် ဟု သတ်မှတ်ထားသည်။
ရန်ကုန်တိုင်းရှိ လယ်သမားတဦးက “အခုက အရင်းအနှီးတွေများတော့ ဓာတ်မြေဩဇာမကျွေးနိုင်တဲ့ လယ်တွေ အထွက်နှုန်းတွေက လျော့ကုန်ပြီ။ ဓာတ်မြေဩဇာဈေးတွေက ဈေးကြီးတော့ လုံလုံလောက်လောက် မကျွေးနိုင် ဘူးလေ။ အဲဒီတော့ အရင်က ၁ ဧက၊ စပါး တင်း ၅၀ ထွက်ရင် အခုက ၄၀ လောက်ပဲ ထွက်တယ်။ အဲဒီတော့ မကိုက်ပါဘူး” ဟု ပြောဆိုသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မိုးစပါးနှင့် ၂၀၂၃ ခုနှစ် နွေစပါးအတွက် ၁ တင်း ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ လျှင် အနိမ့် ဆုံး ၆၃၀၀၀၀ ကျပ် သတ်မှတ်လိုက်ကြောင်း တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့က ထုတ်ပြန်ထားသည်။
You may also like these stories:
ဆန်စပါး နယ်ကျော် သယ်ယူရောင်းချမှု စစ်ကောင်စီ ကန့်သတ်
ယခုနှစ် မိုးစပါးစိုက်ဧက လျော့နိုင်သဖြင့် အထွက်နှုန်းလည်းကျနိုင်
ဆန်စပါး သိုလှောင်ပါက မှတ်ပုံတင်ရမည်ဟု စစ်ကောင်စီထုတ်ပြန်