ရှမ်းမြောက်တိုက်ပွဲကြောင့် တရုတ်နယ်စပ်ကုန်သွယ်ရေး ရပ်သွားသဖြင့် တင်ပို့နေသော စိုက်ပျိုးရေး ထွက်ကုန်များဖြစ် သည့် သစ်သီဝလံဈေးနှုန်းများ ဆက်တိုက်ကျဆင်းနေသဖြင့် ကုန်သည်များ အခက်ကြုံနေကြောင်း သိရသည်။
တရုတ်- မြန်မာ ကုန်သွယ်ရေးလမ်းကြောင်း ဖြတ်သန်းရာဒေသတိုက်ပွဲများတွင် အောက်တိုဘာ ၂၇ ရက်မှ စ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ချင်းရွှေဟော်အပါအဝင် အဓိက ကုန်သွယ်ရေးဇုန်ဖြစ်သည့် ၁၀၅ မိုင်အပါအဝင် မူဆယ်မြို့ကို မဟာမိတ် ညီနောင်သုံးဖွဲ့က သိမ်းပိုက်လိုက်ပြီးနောက် ကုန်သွယ်ရေးမှာ လုံး၀ပြတ်တောက်သွားသလို ကချင်ပြည်နယ် ဗန်းမော်မြို့မှ သွားရသည့် လွယ်ဂျယ် နယ်စပ် ကုန်သွယ်ရေးစခန်းသို့ သွားရာလမ်းတလျှောက် ကချင်လွတ်လပ်ရေး တပ်မတော်(KIA) က ထိန်းချုပ်ထားလိုက်ပြီဖြစ်သည်။
ထို့အတွက် တရုတ်ဘက်သို့ ပုံမှန်တင်ပို့နေသော ဆန်၊ ပဲ၊ ပြောင်း၊ နှမ်း အစရှိသည့် လယ်ယာထွက်ကုန်များ ဈေးကျကာ ရေထွက်ကုန်နှင့် ဖရဲ၊ သခွား၊ ငရုတ်သီးအစရှိသည့် သီးနှံများ ပျက်စီးသဖြင့် စွန့်ပစ်ရခြင်း၊ တချို့ကို နီးစပ်ရာ မြို့များတွင် ရောင်းချရခြင်းများရှိနေကြောင်း သိရသည်။
ပို့ကုန် သွင်းကုန် လုပ်ငန်းရှင် တဦးက “နယ်စပ်ကတော့ ပို့လို့လည်းမရ သွင်းလို့လည်းမရတော့ ရေလမ်းကပဲ သွားနေတာ ပေါ့။ သစ်သီးဝလံတွေ အခု လွယ်ဂျယ်ဘက်က တင်ပို့ဖို့ လုပ်တာလည်း မလွယ်ပါဘူး။ ခက်ခဲတယ်။ လမ်းပန်း ဆက်သွယ် ရေးကလည်း ဝေးတယ်။ လမ်း မကောင်းဘူး။ တရုတ်သွင်းကုန်ကတော့ အခုက ထိုင်းနိုင်ငံ လန်ချဘန်း ဆိပ်ကမ်းကို ချတယ်။ အဲဒီကနေ မြဝတီပေါ့။ အဲဒီကတဆင့် သွင်းကြတယ်” ဟု ပြောသည်။
လက်ရှိတွင် တရုတ်နိုင်ငံသို့ နယ်စပ်မှ တင်ပို့နေသော ဆန်၊ ပဲ၊ ပြောင်း၊ နှမ်းစသည့် စိုက်ပျိုးသီးနှံများကို တင်ပို့မှု ရပ်တန့် ထားသလို စိုက်လက်စ ဖရဲစိုက်ခင်းများကိုလည်း ဆက်မစိုက်ဘဲ ထားခြင်း၊ လမ်းတဝက်တွင်ရောက်နေသော သီးနှံများကို နီးစပ်ရာမြို့များတွင် ရောင်းချခြင်းများ ပြုလုပ်နေကြောင်းသိရသည်။
မြန်မာနိုင်ငံ သစ်သီးဝလံစိုက်ပျိုး ထုတ်လုပ်၊ တင်ပို့ရောင်းချသူများအသင်းမှ တာဝန်ရှိသူတဦးကလည်း “အခု ဖရဲပေါ်တဲ့ ရာသီ နိုဝင်ဘာ လလယ်ဆို စပြီ။ ကြိုစိုက်တော့ ဖရဲသီးတွေ ထွက်နေပြီ။ အခုမူဆယ်ကို သွား လို့ မရတော့ဘူး။ အများစုက ရန်ကုန်ကို ပြန်ဆင်းလာရတာပေါ့။ အခုအချိန်က ပဲခူးတိုင်းမှာလည်း ဖရဲပေါ်ပြီဆိုတော့ ရန်ကုန်မှာ အသီးတွေ လာစုသလို ဖြစ်သွားပြီး နယ်စပ်လည်း မသွားနိုင် အောက်မှာလည်း ရောင်းအားမရှိ ဖရဲသမားတွေ ကတော့ တော်တော် အခက်အခဲဖြစ် သွားတာပေါ့”ဟု လက်ရှိအခြေအနေကို ဧရာဝတီသို့ ပြောသည်။
ဖရဲ၊ သခွား၊ သရက်စသည့် သစ်သီးဝလံများမှာ မူဆယ်နယ်စပ်မှ တဆင့် တရုတ်နိုင်ငံသို့သာ အဓိက တင်ပို့နေရသည့် ကုန်စိမ်းပစ္စည်းများဖြစ်သောကြောင့် တရုတ်ဈေးကွက် မရှိပါက ကုန်သည်များ အပါအဝင် တောင်သူများအတွက်ပါ ဆုံးရှုံးမှု ကြီးမားကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၉ခုနှစ်က ကိုဗစ်-၁၉ ကြောင့် သစ်သီးဝလံဈေးကွက်အပေါ် ရိုက်ခတ်မှုကြီးခဲ့သလို ၂၀၂၁ အာဏာသိမ်းပြီး နောက်စစ်ကိုင်း၊ မကွေးရှိ ဖရဲ၊ သခွားစိုက်တောင်သူများမှာ နယ်မြေတည်ငြိမ်မှုမရှိသောကြောင့် စိုက်ပျိုးထုတ်လုပ်မှုများ လျှော့ကျခဲ့ရသည်။
မန္တလေးကုန်စည်ဒိုင်မှ ပဲ၊ နှမ်း ကုန်သည်ကြီး တဦးက “အရောင်းအဝယ် အရမ်းအေးတယ်။ တိုက်ပွဲကြောင့် ကုန်သွယ်ရေး ရပ်တော့ ဈေးတွေက ကျသွားတယ်။ နှမ်းဆိုရင် တအိတ် ၂ သောင်းနဲ့ ၃ သောင်းကျပ် လောက် ကျတယ်။ မြေပဲဆံ ဆိုရင် တအိတ်ကို ၅၀၀ ကနေ ၂၀၀၀ လောက် ကျတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ထို့ကြောင့် ကုန်စည်ဒိုင်တွင် နှမ်း တအိတ် ( ၄၅ ပိဿာ) လျှင် ၂၈၀,၀၀၀ ကျပ်မှ ၃၃၀,၀၀၀ ကျပ် ၊ ပဲတီစိမ်း တအိတ် (၅၆ ပိသာ ၂၅ ကျပ်သား) လျှင် ၁၆၀,၀၀၀ ကျပ်၊ ပြောင်းဖူး (ရှမ်း) တအိတ် (၅၄ ပိဿာ)လျှင် ၅၃,၀၀၀ ကျပ် မှ ၅၄,၀၀၀ ကျပ် အထိရှိပြီး ရန်ကုန်ဝယ်လက်နှင့် လုပ်ငန်းသုံး အနည်းငယ်သာ ဝယ်ယူမှုရှိကာ အရောင်းအဝယ်အေးနေကြောင်း ၎င်းက ပြောသည်။
အလားတူ တရုတ်ဘက်မှ တင်သွင်းသည့် လူသုံးကုန်ပစ္စည်းများဖြစ်သည့် စက္ကူ ဈေးနှုန်းများ တက်လာသလို လုပ်ငန်းသုံးမှင်မှာလည်း ပစ္စည်းပြတ်သည်အထိ ဖြစ်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
မန္တလေးမြို့ရှိ မိတ္ထူဆိုင် ပိုင်ရှင် တဦးက “ပစ္စည်းကတော့ ဘာမှ ဝင်တာ မရှိဘူး။ ကျနော်တို့လိုချင်တဲ့ ပစ္စည်းတွေ အကုန်လုံးကို မရတဲ့ အနေအထား ရှိတယ်။ ကျနော်တို့က စာကူးတဲ့လုပ်ငန်း လုပ်တာပေါ့။ မှင်တွေကအစ တရုတ်ကပဲ ဝင်တာဆိုတော့ ကျနော်ဝယ်တဲ့ ဆိုင်တွေမှာ ပစ္စည်း မဝင်တာတွေ ရှိတယ်။ ဝယ်လို့မရတော့ ပစ္စည်းတွေ ပြတ်နေတာပေါ့။ ရှိတဲ့ဟာနဲ့ပဲ တဆိုင်နဲ့ တဆိုင် မျှသုံးနေရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
တရုတ်ဘက်မှ တင်သွင်းရသည့် စက္ကူမှာလည်း ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ပြီးနောက် A4 တထုတ်လျှင် ယခင် ၉,၀၀၀ ကျပ်မှ ယခုအခါ ၁၂,၀၀၀ ကျပ်အထိ ဈေးတက်သွားကြောင်း၊ တရုတ်ဘက်မှ တင်သွင်းသည့် ကုန်စည်များ မှာ လူသုံးကုန် အများဆုံးဖြစ်သောကြောင့် လက်ရှိတွင် ဈေးမြင့်တက်ခြင်း၊ ပစ္စည်းပြတ်ခြင်းများဖြစ်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
“၁၀၂၇ စစ်ဆင်ရေး”ကို မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MDNAA) ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် ( AA )နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အောက်တိုဘာ ၂၇ တွင် စတင်လိုက်ပြီး စစ်ကောင်စီစစ်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်နေသောကြောင့် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး၏ အဓိက လမ်းကြောင်းဖြစ်သော မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတလျှောက် လမ်းပန်ဆက်သွယ်ရေးများလည်း ပြတ်တောက်လျက်ရှိသည်။
မြန်မာ- တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေး၊ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေး၊ ကျိုင်းတုံနယ်စပ်ကုန်သွယ်ရေး၊ ကန်ပိုက်တီး နှင့်လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းတို့ရှိပြီး မူဆယ်နယ်စပ်ကုန်သွယ်ရေး မှာ အကြီးဆုံးဖြစ်ကာ တရက်လျှင် ကုန်ကား အစီးရေ ၂၀၀ ဝန်းကျင် ကုန်သွယ်မှု ပြုလုပ်နေသော ဇုန်ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၀-၂၁ခုနှစ် ကိုဗစ်ကာလကလည်း တရုတ်နယ်စပ်ဂိတ်များကို ပိတ်ထားခဲ့ခြင်းကြောင့် ကုန်စည်စီးဆင်းမှုများ တွင် အခက်ခဲများ ဖြစ်ပေါ်ခဲ့ပြီး ကုန်သွယ်မှုပမာဏများ လျော့ကျခဲ့သည်။
ယခု ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၂၇ ရက်အထိ မူဆယ်နယ်စပ်ကုန်သွယ်ရေးတွင် ကုန်သွယ်မှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၁,၄၅၉ ဒသမ ၂၆၉ သန်း ကုန်သွယ်မှု ပြုလုပ်ထားပြီး ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးတွင် ကုန်သွယ်မှု စုစုပေါင်း ကန်ဒေါ်လာ ၇၀၃ ဒသမ ၁၂၃ သန်း ကုန်သွယ်မှုပြုလုပ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနစာရင်းအရ သိရသည်။
တရုတ်နိုင်ငံဘက်သို့ မြန်မာနိုင်ငံမှ ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ နှမ်း၊ ဖရဲ၊ သခွား၊ ရော်ဘာ၊ ရေထွက်ပစ္စည်း၊ ငရုတ်သီး အစရှိသည့် ကုန်ပစ္စည်းများ တင်ပို့နေပြီး တရုတ်ဘက်မှ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် ဆေးဝါးများကို တင်သွင်းနေသည်။
You may also like these stories:
စစ်ကောင်စီ ဝန်ထမ်းများ ထွက်ပြေးကုန်ပြီး တရုတ် နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်း
လွယ်ဂျယ်နယ်စပ်ဂိတ်တွင် ကုန်စိမ်းကား ရာချီပိတ်နေ
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကျဆင်း
တရုတ်-မြန်မာကုန်သွယ်ရေး ရပ်တန့်မှု အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့် ဆုံးရှုံးနိုင်