စက်မှုဇုန်များ၌ မီးစက်လည်ပတ်နိုင်ရန် လုပ်ငန်းရှင်များအား စက်သုံးဆီ ခွဲတမ်းဖြင့် ရောင်းချနေမှုကို စစ်ကောင်စီက ယနေ့ ရပ်လိုက်သဖြင့် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ လည်ပတ်မှု ပိုမိုခက်ခဲလာနိုင်ကြောင်း စက်မှုဇုန်လုပ်ငန်းရှင်များက ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာ နောက်ဆုံးပတ်တွင်ပြုလုပ်ခဲ့သော မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ချုပ် (UMFCCI) ၏ အစည်းအဝေးအရ ကုန်ထုတ်လုပ်ငန်းများအတွက် လိုအပ်သော စက်သုံးခွဲတမ်းကို ဒီဇင်ဘာ ၄ ရက်မှ စ၍ ရပ်ဆိုင်းလိုက်ခြင်းဖြစ်ပြီး လုပ်ငန်းရှင်များကိုယ်တိုင် ဆီသွင်းရမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
သို့သော် စက်မှုလုပ်ငန်းရှင်များအနေဖြင့် ကိုယ်တိုင်တင်သွင်းရန် ခက်ခဲသည့်အတွက် မြန်မာနိုင်ငံ စက်သုံးဆီလုပ်ငန်းရှင် များ အသင်းမှတဆင့် တင်သွင်းရန် ညှိနှိုင်းနေကြောင်း၊ ယနေ့ နေ့လယ် ၂ နာရီ နောက်ဆုံးထား၍ စက်ရုံတရုံလျှင် တရက်၊ တပတ် လိုအပ်သည့် စက်သုံးဆီ ပမာဏကို ပြန်လည် တင်ပြပေးရမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များထံက သိရသည်။
ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ စက်မှုဇုန်တခုမှ လုပ်ငန်းရှင်တဦးက “လက်ရှိ စက်သုံးဆီအသင်းနဲ့ ချိတ်ပြီး လုပ်နေတယ်။ စက်သုံးဆီအသင်းက အပြင်ဈေးနဲ့ တွက်မယ်ဆိုရင် စရိတ်စက ကွာတော့ အခု ဆိုင်ရောင်းဈေးနဲ့ တလီတာ ကျပ် ၅၀၀ လောက် ကွာသွားမယ်။ ဆိုင်မှာရောင်းတဲ့ဈေးထက် ၅၀၀ ကျပ် ကွာမယ်ဆိုရင် ဘယ်လိုမှ ကိုက်မယ့်ဈေးမရှိဘူး။ နောက်ပြီး ကျနော်တို့ဆိုင်မှာ သွားထည့်ရမယ်။ အဲဒါကြောင့် ဈေးက ဘယ်လိုလာမလဲ မသိသေးဘူး။ လုပ်ငန်းတွေ ရပ်တာ တော့ ရပ်နေကြတာပါပဲ။ အခုလိုမျိုး ဖြစ်သွားရင်တော့ လုပ်ငန်းတွေ နားသွားရနိုင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
စက်ရုံအလိုက် လိုအပ်သည့် စက်သုံးဆီပမာဏ တနေ့၊ တပတ်စာအား စက်သုံးဆီအသင်းသို့ လျှောက်လွှာ ပေးပို့ရမည် ဖြစ်ပြီး လာမည့် ၈ ရက်နှင့် ၉ ရက်တို့တွင် စက်သုံးဆီရရှိမည်ဟု သိရသော်လည်း မည်မျှရမည်၊ မည်သည့်ဈေးနှုန်း ဖြင့် ရမည်၊ ပြင်ပပေါက်ဈေးနှင့် မည်မျှကွာမည်ဆိုသည်ကို မသိရသေးကြောင်း ၎င်းက ရှင်းပြသည်။
ဆက်လက်၍ ၎င်းက “ကျနော်တို့ ပျမ်းမျှ အခုဈေးက တလီတာ ၂၅၀၀ ကျပ် မကျော်ဘူး၊ အဲဒီမှာ ၅၀၀ ကျပ် ထပ် တက် မယ် ဆိုရင် စရိတ်က ၂၀ ရာခိုင်နှုန်းလောက် ထပ်တက်မယ့်သဘောပေါ့။ လျှပ်စစ်မီးရရှိမှုက မှန်းလို့မရသလို၊ တချို့ မှန်းလို့ ရတဲ့အချိန်မှာတောင် စက်သုံးဆီ သုံးရတာရှိတယ်။ ဘာလို့လဲဆို မီးလာပေမယ့် မီးအားမနိုင်တဲ့ အပိုင်းတွေလည်း ရှိတယ်” ဟု သုံးသပ်ပြောဆိုသည်။
ထိုအခြေအနေများကြောင့် စက်သုံးဆီဈေး ထပ်တက်ပါက လုပ်ငန်းရှင်များအနေဖြင့် ရေရှည်တောင့်မခံနိုင်ကြောင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်မှာ ပို၍ တက်လာနိုင်သလို ထုတ်လုပ်သည့် ကုန်ပစ္စည်းများအပေါ်တွင်လည်း အနည်းဆုံး ပျမ်းမျှ ၁၅ ရာခိုင်းနှုန်းအထိ တက်လာနိုင်ကြောင်း လုပ်ငန်းရှင်များက ပြောဆိုသည်။
ယခုအချိန်တွင် စက်မှုဇုန်များ၌ တရက်လျှင် ၈ နာရီ၊ တပတ်လျှင် ၅၆ နာရီ မီးလာမည်ဖြစ်သော်လည်း ပြီးခဲ့သည့်တပတ်က ၄၈ နာရီ နီးပါးလာခဲ့သောကြောင့် မီးလာချိန် ပိုတိုးလာသည်ဟု ဆိုနိုင်ကြောင်း လုပ်ငန်းရှင်များက ပြောသည်။
သို့သော်လည်း လျှပ်စစ်မီးပြတ်ပါက ၃၊ ၄ နာရီအထိ ကြာတတ်ကြောင်း၊ မီးအားမပြည့်၍လည်း မီးစက်သုံးရကြောင်း၊ အလုပ်သမား ၁၀၀၀ ရှိသော အထည်ချုပ်စက်ရုံတရုံ၏ တလစက်သုံးဆီအသုံးစရိတ်မှာ ပျမ်းမျှ ကျပ်သိန်း ၂၀၀ ဝန်းကျင် ရှိကာ စက်သုံးဆီဈေး ထပ်မြင့်လာပါက ကုန်ကျစရိတ် ပိုတိုးလာမှာ ဖြစ်သလို လာမည့် နွေရာသီတွင် လျှပ်စစ်မီး ပိုပြတ်တောက်မည့် အခြေအနေရှိသောကြောင့် လုပ်ငန်းများမှာ အခက်အခဲနှင့် ရင်ဆိုင် လာရနိုင်ကြောင်း သိရသည်။
အထည်ချုပ် လုပ်ငန်းရှင်တဦးက “လူတွေက အရမ်းခက်ခဲပြီးတော့ အလုပ် မလုပ်တာမှ သက်သာဦး မယ်။ လုပ်လိုက်ရင် လည်ပတ်နေရင် ကုန်ကျစရိတ်က ပိုများလာတယ်” ဟု ပြောသည်။
လက်ရှိတွင် စက်သုံးဆီအသင်းမှ ရောင်းချပေးမည်ဆိုသော်လည်း အကန့်အသတ်နှင့်သာ တင်သွင်းရခြင်း၊ အမေရိကန်ဒေါ် လာ ချပေးရာတွင် ၂၁၀၀ ကျပ်နှင့် ရောင်းခြင်းမရှိဘဲ ပြင်ပပေါက်ဈေးဖြင့် တင်သွင်းရပါက စရိတ်များ တက်လာနိုင်သလို စက်မှုဇုန်လုပ်ငန်းရှင်များအတွက်လည်း ကုန်ကျစရိတ်များပိုလာကာ နောက်ဆုံးတွင် လုပ်ငန်းရပ်ဆိုင်းရန် အလားအလာ ပို များမည်ဟု ၎င်းက သုံးသပ်ပြောဆိုသည်။
စက်မှုဇုန်လုပ်ငန်းရှင်များကို စက်သုံးဆီ ခွဲတမ်းချမပေးသဖြင့် မြန်မာနိုင်ငံ စက်သုံးဆီလုပ်ငန်းရှင်များအသင်းက ရောင်းချ ပေးရန် ညှိနှိုင်းနေသော်လည်း မည်သို့ လုပ်ဆောင်ပေးမည်ကို ညှိနှိုင်းနေသည်မှာ ယခု တလနီးပါးကြာသည်အထိ စစ်ကောင်စီက အဖြေမထုတ်နိုင်သေးသလို ယခုအချိန်ထိ ဆွေးနွေးနေဆဲဖြစ်ကြောင်း လုပ်ငန်းရှင်များထံ သိရသည်။
မွေးမြူရေးလုပ်ငန်းရှင်တဦးက “အခုက လုပ်ငန်းပေါင်းစုံဖြစ်နေတာ ဆိုတော့လေ။ စက်သုံးဆီကို အပြင်မှာ ဝယ်ပြီးတော့ လုပ်ငန်းလည်မယ်ဆိုလည်း ကုန်ဈေးနှုန်းတွေကြီးမယ်။ အခုကျနော်တို့လုပ်ငန်းတွေက သွင်းကုန်လုပ်ရတဲ့ ပစ္စည်းတိုင်း လည်း အကုန် ဈေးတက်တယ်။ ဒီဇယ်ရဖို့ဆိုရင် စစ်ကောင်စီသတ်မှတ်တဲ့ ဈေးနဲ့ ကျနော်တို့က ၁ လီတာကို ၃၀၀ ကျပ်၊ ၃၅၀ ကျပ် ပိုပေးပြီး ဝယ်ရတယ်။ မှောင်ခိုဖြစ်နေတာ။ ဘာမှမပြောချင်တော့ဘူး”ဟု လက်ရှိ လုပ်ငန်းလည်ပတ်နေရသည့် အခြေအနေကို ဧရာဝတီသို့ ပြောသည်။
ယခုအချိန်တွင် လျှပ်စစ်မီး မမှန်ခြင်းနှင့် စက်သုံးဆီ ဝယ်ယူရသည့် အခက်အခဲများကြောင့်လည်း အသေးစားနှင့် အလတ် စား လုပ်ငန်းတချို့ ရပ်နားလာရခြင်းများရှိသလို ဈေးမှာလည်း ယခုရက်ပိုင်းအတွင်း ၁ လီတာ ၂၁၀၀ ကျပ် ကျော်ရှိရာမှ ၂၅၀၀ ကျပ်ကျော်အထိ ငွေကျပ် ၃၀၀ နီးပါး မြင့်တက်မှုများ ရှိနေသည်။
You may also like these stories:
စစ်ပွဲများကြောင့် ပြတ်တောက်လာသည့် နယ်စပ်ကုန်သွယ်ရေး
စက်သုံးဆီသင်္ဘောများ ဆိုက်ကပ်သော်လည်း ငွေမချေနိုင်၍ ကြန့်ကြာနေ