ရန်ကုန်နှင့် မန္တလေးတိုင်းမှ မြို့နယ်အချို့ရှိ စက်သုံးဆီအရောင်းဆိုင် ၁၆ ဆိုင်မှာ ဆီရှိသော်လည်း မရောင်းချခြင်း၊ ခွင့်ပြုချက်မရဘဲ ဆီသယ်ယာဉ်ဖြင့် အခြားနေရာများသို့ သယ်ယူပို့ဆောင်ခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမို ရောင်းချခြင်းများကို စိစစ်တွေ့ရှိရ၍ ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေဖြင့် အရေးယူမှုပြုလုပ်ခဲ့ကြောင်း စစ် ကောင်စီက ယမန်နေ့က ထုတ်ပြန်သည်။
ထိုဆီဆိုင်များကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ စီမံခန့်ခွဲရေးနည်းလမ်းအရ သတ်မှတ်ဒဏ်ကြေး တပ် ခြင်း၊ လိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းပြီး အရောင်းဆိုင် ယာယီပိတ်သိမ်းခြင်းများဖြင့် အရေးယူခဲ့ကြောင်း စစ်ကောင်စီက ဆိုသည်။ သို့သော်လည်း ယင်းဆီဆိုင်များ၏ အမည်များကို ဖော်ပြထားခြင်း မရှိပေ။
ပြီးခဲ့သည့် အောက်တိုဘာလမှ စတင်ကာ ဒီဇင်ဘာလလယ်ပိုင်းအထိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့အပါအဝင် မြို့ တချို့တွင် တရားမဝင် သိုလှောင်ထားသော စက်သုံးဆီဂါလံပေါင်း ၇ သောင်းနီးပါး (ခန့်မှန်းတန်ဖိုး ကျပ် ၇၃၅ သန်းကျော်)၊ ဆီသယ်ယာဉ် ၁၁ စီး၊ တရားမဝင် လိုင်စင်မဲ့ စက်သုံးဆီသိုလှောင်ကန်များအပါအဝင် ဖြန့်ဖြူးရောင်းချရာ၌ အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် စက်သုံးဆီဆိုင်များတွင် မတော်လောဘဖြင့် အခေါက်ခေါက်အခါခါ တန်းစီပြီး ဆီဝယ်ယူကာ တဆင့်ပြန်လည် ရောင်းချသူများကိုလည်း ဖမ်းဆီအရေးယူမှုများ လုပ်ဆောင်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။
ယင်းသို့ ဆီဆိုင်များကို စစ်ဆေးအရေးယူမှုများသည် စစ်ကောင်စီက နိုင်ငံခြား ငွေရှားပါးမှုကြောင့် စက်သုံးဆီတင်သွင်း မှုကို ကန့်သတ်ထားခြင်းနှင့် ဒေါ်လာအပြည့်အဝေ ထုတ်မရောင်းပေးနိုင်ခြင်းတို့ကို ဖုံးကွယ်လိုခြင်း ဖြစ်ကြောင်း စက်သုံးဆီလုပ် ငန်းရှင်တချို့က ဧရာဝတီသို့ ပြောသည်။
လုပ်ငန်းရှင်တဦးက “သူတို့လုပ်ရပ်ကို ဖုံးဖိချင်လို့ လုပ်တာလို့ပဲ မြင်တယ်။ အခုလို မှောင်ခိုဈေးကွက်ဖြစ်လာရတာကိုက သူတို့ရဲ့ ကန့်သတ် ထိန်းချုပ်မှုတွေကြောင့်ပဲလေ။ အခု ဖမ်းမိတယ်ဆိုတဲ့ ဂါလံ ၇ သောင်းဆိုတာကလည်း ဈေးကွက်ရဲ့ တနေ့ ဝယ်ယူမှုပမာဏလောက်တောင် မရှိပါဘူး” ဟု ပြောဆိုသည်။
ပြည်တွင်းဈေးကွက်အတွင်း စက်သုံးဆီများဖြစ်သော ဓာတ်ဆီနှင့် ဒီဇယ်ဆီ ဝယ်လိုအားသည် တနေ့လျှင် ပျှမ်းမျှ ဆီဂါလံ ၃ သန်းမှ ၄ သန်းကြားအထိရှိကြောင်း စက်သုံးဆီ လုပ်ငန်းရှင်များထံမှ သိရသည်။
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ရှိ စက်သုံးဆီဆိုင်တခုမှ တာဝန်ရှိသူတဦးကလည်း “ကျနော်တို့ ဆိုင်တွေက သူတို့ သတ်မှတ် ချက်တွေပဲအတိုင်း ရောင်းနေတာဆိုတော့ သူတို့လာပြီး စစ်ဆေးလည်း သိပ်ပြဿနာမရှိဘူး။ ဆီကတော့ အခုအထိတော့ ကုမ္ပဏီက ပုံမှန်ပြန်လာချပေးနေတယ်” ဟု ပြောသည်။
စစ်ကောင်စီသည် စက်သုံးဆီဆိုင်များကို နေ့စဉ် ရောင်းဝယ်မှတ်တမ်းများ၊ လက်ကျန်ပမာဏများအပြင်၊ ဈေးနှုန်း သတ်မှတ်ချက်များ ကန့်သတ်ထားခြင်းကြောင့် တရားဝင် စက်သုံးဆီဆိုင်များသည် ထိုသတ်မှတ်ညွှန်ကြားထားမှုများကို ကျော်လွန်လုပ်ဆောင်နိုင်ရန် ခက်ခဲကြောင်း ၎င်းက ဆိုသည်။
စစ်ကောင်စီ၏ ဗဟိုဘဏ်က စက်သုံးဆီကုမ္ပဏီများကို ဒေါ်လာထုတ်မရောင်းပေး၍ ပြည်ပမှတင်သွင်းလာသော ဆီဖိုးပေးချေရန် ကြန့်ကြာသွားခဲ့ရခြင်းကြောင့် ယခုဒီဇင်ဘာလအစ ရက်ပိုင်းတွင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် ကဲ့သို့သော မြို့ကြီးများ၌ စက်သုံးဆီပြတ်တောက်မှု အကြီးအကျယ် ဖြစ်ပေါ်ကာ ဆီဆိုင်များတွင် တန်းစီစောင့်ဆိုင်း ဝယ်ယူရသည့် အခြေအနေများအထိ ဖြစ်ပေါ်ခဲ့သည်။
လတ်တလောဖြစ်ပေါ်နေသော စက်သုံးဆီတင်သွင်းမှုအတွက် လိုအပ်သော ဒေါ်လာအကျပ်အတည်းကို ဖြေရှင်းနိုင်ရန် ပို့ကုန်သမားများထံမှ ရသော ဝင်ငွေ ၆၅ ရာခိုင်နှုန်းကို နိုင်ငံခြားငွေ ပေါက်ဈေးအတိုင်း လွတ်လပ်စွာ ရောင်းချနိုင်ကြောင်း စစ်ကောင်စီ ဗဟိုဘဏ်က ပြင်ဆင်သတ်မှတ်လိုက်သလို စက်သုံးဆီတင်သွင်းသူများကို အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော် ရောင်းချပေးခဲ့သည်။
ထို့ကြောင့် ပြီးခဲ့သည့်ရက်ပိုင်းမှ စကာ စက်သုံးဆီဆိုင်များတွင် ဆီများအတော်သင့် ဖြန့်ဖြူးပေးလာနိုင်ပြီး ဆီဆိုင်များတွင် ဆီပြတ်လပ်မှုနှင့် တန်းစီဝယ်ယူမှုများ လျော့ကျသွားလျက် ရှိသည်။
You may also like these stories:
စွမ်းအင်အကျပ်အတည်းက စစ်ကောင်စီအတွက် အိပ်မက်ဆိုး
စက်သုံးဆီများ ပြတ်တောက်ရခြင်း နောက်ကွယ်
စက်သုံးဆီများ ပြတ်တောက်ရခြင်း နောက်ကွယ်