မြန်မာမှ အိမ်ခြံမြေဝယ်ယူသူများသည် ဖူးခက်နှင့် ချင်းမိုင်မှ အိမ်ခြံမြေများကိုပါ ဝယ်ယူလာသောကြောင့် မြန်မာမှ အိမ်ခြံမြေတည်ဆောက်ရေးသမားတဦးက ချင်းမိုင်တွင် လုံးချင်း အိမ်တွဲများတည်ဆောက်ရန် စိတ်ဝင်စားလာစေကြောင်း ဘန်ကောက်ပို့စ်သတင်းတပုဒ်က ရေးသည်။
ထိုင်းအိမ်ခြံမြေကို မြန်မာမှ စိတ်ဝင်စားမှုသည် ရင်းနှီးမြှုပ်နှံမှုမှအစ အပန်းဖြေရေးအထိ ကျယ်ပြန်လာသည်ဟု Collier Thailand မှ အကြံပေးလုပ်ငန်း ဒုတိယမန်နေဂျင်းဒါရိုက်တာ ကာလို ပိုဘရီပြောသည်။
“နိုင်ငံရေးမတည်ငြိမ်မှုနောက်ပိုင်း မြန်မာဝယ်လက်တွေ အရမ်းလှုပ်ရှားလာတယ်” ဟု သူပြောသည်။
“မကြာသေးမီက တက်လာတဲ့ အဝယ်လှိုင်းကတော့ ချင်းမိုင်မှာ အငြိမ်းစားနေထိုင်ဖို့နဲ့ ဖူးခက်မှာ အပမ်းဖြေ နေထိုင်ဖို့ပဲ” ဟု သူပြောသည်။
ချင်းမိုင်တွင် ဝယ်ယူသူများသည် တခန်းလျင် ဘတ် သန်း ၂၀ မှ ၃၀ ကြား (မြန်မာကျပ်ငွေ သန်း ၂၀၀၀ နှင့် ၃၀၀၀ ဝန်းကျင်) လုံးချင်း အိမ်များကို ရှာဖွေနေကြောင်း Collier ပြောကြားသည်။ ထိုင်းတွင် ၎င်းတို့အတွက် အိမ်ပိုင်ဆိုင်ခွင့် မရှိဘဲ ငှားရန်းခွင့်ကိုသာ လက်ခံသည်။
“မြန်မာက ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းတခုက မြန်မာတွေ ဝယ်လိုအားကိုကြည့်ပြီး ချင်းမိုင်က အိမ်စီမံကိန်းတခုကို စိတ်ဝင်စားနေတယ်” ဟု ပိုဘရီပြောသည်။
ထိုဆောက်လုပ်ရေးလုပ်ငန်းသည် မန္တလေးတွင် လူနေဆိုင်ခန်းများ၊ အထပ် ၆ ထပ်ပါသည့် ကွန်ဒိုနှင့် ထိုင်းလုပ်ငန်းတခုက စီမံမည့် ဟိုတယ်တခုကို ယခုလအတွင်း ဖွင့်မည့်လုပ်ငန်းနှင့် ပူးတွဲလုပ်ဆောင်နေကြာင်း သူပြောသည်။
မြန်မာဝယ်ယူသူများသည် လူနေအိမ်ခန်းများတွင် နေထိုင်ရန်နှင့် ဘွန်ရမ်ဂရက်ဆေးရုံသည်ထိုနေရာတွင် ဌာနခွဲ ဖွင့်မည်ဖြစ်သောကြောင့် ကျန်းမာရေးစောင့်ရှောက်မှုလည်း ရစေမည်ဟု သူပြောသည်။
မြန်မာမှ ဝယ်ယူသူများသည် ဖူးခက်တွင် လာဂူနားနှင့် ဘန်တောင် ကမ်းခြေများမှ တနေရာလျင် ဘတ် သန်း ၄၀ အထိ တန်ဖိုးရှိသည့် နေရာများကို ဝယ်ယူရန် မျှော်မှန်းကြကြောင်းလည်း သူပြောသည်။
မြန်မာမှ ထိုင်းအိမ်ခြံမြေဝယ်ယူသူ ပထမလှိုင်းသည် ၎င်းတို့အတွက် ဘေးကင်းရာ၊ ကလေးများ ပညာရေးနှင့် ၎င်းတို့ ကျန်းမာရေးအတွက် နေရာအဖြစ် ဘန်ကောက်ကိုသာ အာရုံစိုက်သည်ဟု သူပြောသည်။
ထုံလော်၊ အစုတ်၊ ဖရွန်ဖေါင်၊ နာနာနှင့် ပလူယံချစ် စသည့် မြို့လယ်ရှိ နေရာများသည် ဆေးရုံများနှင့် ဈေးဝယ်စင်တာများနှင့် နီးသောကြောင့် ဘတ်သန်း ၂၀ မှ ၇၀ အထိ ရောင်းသော နေရာများဖြစ်သည်။
ကျောင်းများနှင့် မြန်မာသံရုံးသည် အနီးတွင်ရှိသောကြောင့် ဆထုံနှင့် ဆီလုံသည် မြန်မာများ စိတ်ဝင်စားသည့် အခြားနေရာများဖြစ်ကြောင်း သူပြောသည်။
ဒုတိယလှိုင်းတွင် မြန်မာများသည် ရထားလမ်းကို ပိုမိုနားလည်လာသောကြောင့် မိုးပျံရထားဘူတာရုံများအနီးရှိ ဘတ် ၂.၅ သန်းတန် ကွန်ဒိုများ အထူးသဖြင့် ဘန်းနဒေသမှ ကွန်ဒိုများ ပါဝင်လာသည်။
အချို့လူငယ်လုပ်ငန်းရှင်များသည် ငွေရင်းမှ အမြတ်ရရန် ကွန်ဒိုများကို ကြိုပွိုင့်ဖြင့် ဝယ်သည်ဟုလည်း သူပြောသည်။
“အဲဒီဝယ်ယူသူတွေက လူလတ်တန်းစား အထက်လွှာနဲ့ ၃၅ နှစ်အထက် တွေဖြစ်တယ်။ ထိုင်းအိမ်ခြံမြေမှာ ရင်းနှီးမြှုပ်နှံရတာက မြန်မာမှာထက် ကောင်းတယ်လို့ သူတို့ ယုံကြည်တယ်” ဟု သူပြောသည်။
“သူတို့မြန်မာမှာ စီးပွားရေးလုပ်ငန်းရှိနေသေးရင် ထိုင်းက သူတို့အတွက် ဒုတိယအိမ်ပဲ” ဟုသူပြောသည်။
ကိုးကား။ ။ Bangkok Post မှ Myanmar buyers look beyond Bangkok
You may also like these stories:
မင်းအောင်လှိုင် မိသားစု၏ အာဏာသိမ်း စီးပွားရေး
အာဏာသိမ်း ၃ နှစ်ပြည့်သည့်တိုင် စီးပွားရေး နာလန်မထူနိုင်
ပိုင်ရှင် ဖမ်းဝရမ်းထုတ်ခံရပြီးနောက် သူဌေးကျွန်းဟိုတယ် အကန့်အသတ်မရှိ ပိတ်
စစ်မဖြစ်သေးပေမယ့် အငတ်ဘေးနဲ့ ရင်ဆိုင်လာရတဲ့ သံတွဲဒေသခံတွေ