လတ်တလောရက်များအတွင်း ငွေလဲနှုန်း တဒေါ်လာ ကျပ် ၄ ထောင်ကျော်သွားရာ ကမ္ဘာ့ငွေကြေးဈေးကွက်တွင် အမေရိကန်ဒေါ်လာတန်ဖိုး တက်ခြင်းကြောင့်သာမက စစ်ကောင်စီ ဗဟိုဘဏ်က သတ်မှတ်ထားသော တရားဝင်ငွေလဲနှုန်း တဒေါ်လာ ၂၁၀၀ ကျပ်ဈေးကို ဖြုတ်ချလိုက်သောကြောင့်လည်း ဖြစ်သည်ဟု ဈေးကွက်အတွင်းရှိ သတင်းရင်းမြစ်များက ပြောသည်။
ဂျပန် ယန်း၊ အင်ဒိုနီးရှား ရူပီး၊ ထိုင်း ဘတ် စသည့် အခြားအာရှနိုင်ငံများ၏ ငွေကြေးများကဲ့သို့ မြန်မာကျပ်ငွေသည်လည်း တန်ဖိုးပိုတက်လာနေသော အမေရိကန်ဒေါ်လာ၏ ဖိအားကို ခံနေရသည်။
ပြီးခဲ့သည့် ဧပြီလ သင်္ကြန်မတိုင်ခင်က ပြင်ပဒေါ်လာငွေ လဲလှယ်နှုန်းမှာ ၁ ဒေါ်လာလျှင် ၃၉၀၀ ကျပ်ဝန်းကျင်ရှိရာမှ ယခုအချိန်တွင် ၄၁၀၀ ကျပ်ကျော်အထိ ဈေးပေါက်သောကြောင့် ကျပ် ၂၀၀ နီးပါး မြင့်တက်လာသည်။ ဘဏ်များတွင်မူ ပို့ကုန်သွင်းကုန်သမားများအား ၃၈၀၀ ကျပ် ဝန်းကျင်ဖြင့် ဈေးဖြတ်နေကြောင်း သိရသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီ၏ ဗဟိုဘဏ်က ရည်ညွှန်းဈေးကို တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးသော်လည်း ဧပြီလ သင်္ကြန်ကာပြီးသည့် အချိန်မှစတင်ပြီး ၁ ဒေါ်လာလျှင် ၃၀၀၅ ကျပ်၊ ၃၀၁၀ ကျပ် ဝန်းကျင်နှင့်သာ တွက်ချက်လာပြီး ဝန်ဆောင်မှုလုပ်ငန်းများ၊ သင်္ဘောသားလစာငွေလွဲ အစရှိသည်တို့မှာ ပုဂ္ဂလိကဘဏ်များတွင် ဒေါ်လာငွေ လဲလှယ်ရာတွင် ၃၃၅၀ ကျပ်ကနေ ၃၃၈၀ ကျပ်အထိ ရှိပြီး ပို့ကုန်ရငွေ လဲလှယ်ရာတွင်လည်း ၃၆၆၀ ကျပ်မှ ၃၆၇၀ အထိရှိလာကြောင်း ရန်ကုန်မြို့ရှိ ဒေါ်လာငွေကြေး လဲလှယ်ရေး ကိုယ်စားလှယ်တဦးက ဆိုသည်။ ၎င်းက “သင်္ကြန်ပြီးကတည်းက ၂၁၀၀ ကျပ်က မရှိတော့ဘူး”ဟု ပြောသည်။
“နှုန်းတွေ ပြောင်းတာတော့ သေချာသလောက် ရှိနေပြီ။ သူတို့ (စကစ) က ရုံးတွင်းစာတွေနဲ့ သွားတယ်နဲ့ တူတယ်။ အခုဆိုရင် ဘဏ်တွေက ပွဲစားဆန်ဆန် သဘောမျိုးတွေ လုပ်ပေးတာမျိုးရှိတယ်။ ကျနော်တို့ အပြင်ဈေးနဲ့ ယှဉ်ပြီး ပို့ကုန်ရငွေတွေကို အဝယ်/အရောင်း လုပ်ပေးတာ။ တချို့ ဘဏ်တွေကတော့ သူတို့ဆီပဲ အကုန်ရောင်းခိုင်းပြီးတော့ သင့်တော်တဲ့ အပြင်ဈေးနဲ့ ညှိပေးတယ်။ အဲ့လိုတွေ လုပ်ပေးနေတယ်”ဟု ၎င်းက လက်ရှိ ဈေးကွက်အတွင်း ပြောင်းလဲလာပုံကို ဧရာဝတီသို့ ပြောသည်။
အာဏာသိမ်းပြီးနောက် ၃ နှစ်ကျော်ကာလအတွင်း ကျပ်ငွေတန်ဖိုး ထက်ဝက်ကျဆင်းပြီး စစ်ကောင်စီသည် ကျပ်ငွေကို ထိန်းချုပ်ရန် မည်သည့်မျှော်လင့်ချက်ကိုမဆို စွန့်လွှတ်လိုက်ပုံရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဧပြီလဆန်းပိုင်းက စစ်ကောင်စီ၏ ဗဟိုဘဏ်က ၁ ဒေါ်လာလျှင် ၁၈၅၀ ကျပ် သတ်မှတ်ခဲ့ရာမှ ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် ထပ်မံ၍ ဗဟိုဘဏ် ရည်ညွှန်းဈေးကို ၁ ဒေါ်လာလျှင် ၂၁၀၀ နှင့် ပြောင်းလဲသတ်မှတ်ခဲ့သည်။
အာဏာမသိမ်းမီ NLD အစိုးရ လက်ထက်တွင် တဒေါ်လာ ၁,၃၀၀ ကျပ် သာ ရှိပြီး အာဏာသိမ်းအပြီး နိုင်ငံ့စီးပွား ကမောက်ကမဖြစ်ကာ ကျပ်ငွေတန်ဖိုး တဟုန်ထိုး ကျဆင်းနေခဲ့သည်။ စစ်ကောင်စီ ဗဟိုဘဏ်သည် ငွေလဲနှုန်းကို ပုံသေထားရန် ဝင်သတ်မှတ်ခဲ့သောကြောင့် ဗဟိုဘဏ်သတ်မှတ်ဈေးနှင့် ပြင်ပပေါက်ဈေးဟူ၍ ဈေး ၂ မျိုးကွဲသွားသည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ အစောပိုင်းတွင်မူ မြန်မာ့ဗဟိုဘဏ်က ၎င်းတို့သည် ငွေလဲနှုန်း မသတ်မှတ်တော့ဘဲ ဈေးကွက်ပေါက်ဈေးအတိုင်း ကုန်သွယ်ခွင့်ပြုမည်ဟု ကြေညာခဲ့သည်။ ထိုအချိန်မှ စ၍ ပုဂ္ဂလိကဘဏ်များက သတ်မှတ်သောဈေးနှုန်း ထပ်ပေါ်လာသည်။
ရန်ကုန်မြို့ရှိ စီးပွားရေး လုပ်ငန်းရှင် တဦးက “rate တွေတော့ ပြောင်းနေပြီ။ ဟိုတယ်တွေဆိုလည်း ဝန်ဆောင်မှုတွေကို ဒေါ်လာငွေ exchange rate က ဧပြီ နောက်ဆုံးပတ်မှာ ၂၉၀၀ လောက်ထိ ပြောင်းတယ်။ ဒါပေမယ့် အဲ့ရက်မှာပဲ ပြန်ပြီး လူမှုကွန်ယက်မှာ တင်ထားတာကို edit လုပ်တာမျိုးတွေလည်း တွေ့ရတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ထို့သို့ ဘဏ်ဒေါ်လာငွေလဲလှယ်နှုန်ူးများ တိုးလာသော်လည်း စစ်ကောင်စီ၏ ဗဟိုဘဏ်က ခွဲတမ်းနှင့် ရောင်းချပေးနေ သည့် စက်သုံးဆီ၊ စားဆီ၊ ဆေးဝါးအစရှိသည့် ကုန်သည်များကို မည်သည့် ဈေးနှုန်းဖြင့် တွက်ချက်ပြီး လုပ်ဆောင်ပေးနေသည်ကို အသေအချာ မသိရသေးကြောင်း စီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းမှ သိရသည်။
သို့သော် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်ကြီး တဦးက “ ဘဏ်တွေက ငွေပြန်ဝယ်တဲ့အခါ ၂၁၀၀ ကျပ်က ၃၅ ရာခိုင်နှုန်း၊ ကျန်တဲ့ဟာက ၆၅ ရာခိုင်နှုန်း အဲ့လိုမျိုးအစား သူက ပျမ်းမျှရှိတဲ့ နှုန်းတခု ပေးတယ်လို့ ပြောတယ်”ဟု ဧရာဝတီသို့ ပြောသည်။
အထူးသဖြင့် ပို့ကုန်သမားများထံမှ ရရှိသည့် ငွေကို စက်သုံးဆီသမားများထံသို့ ပြန်ရောင်းပေးရာတွင်လည်း ဘဏ်က သတ်မှတ်ထားသည့် ပမာဏတခု တွေ့နေရပြီး နှုန်းထားကို တရားဝင်ပြောင်းခြင်းမျိုးမဟုတ်ပဲ ပို့ကုန်ရငွေ အကုန်လုံးအား ပျမ်းမျှနှုန်းဖြင့် ပေးခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ထိုသို့ ဒေါ်လာဈေးမာလာပြီး ကျပ်ငွေတန်ဘိုး တရှိန်ထိုးကျဆင်းနေခြင်းသည် သွင်းကုန်ကိုသာ အားထားနေရသည့် မြန်မာနိုင်ငံအတွက် အခြေအခံ စားသောက်ကုန်ဈေးနှုန်းများမှ စ၍ လူသုံးကုန်ပစ္စည်းများအထိ ကုန်ဈေးနှုန်းများများ ၃ ရက်၊ ၄ ရက်တွင် တခါ အပြောင်းအလဲဖြစ်ပြီး ဈေးနှုန်းများ မြင့်တက်နေသည်။
ရန်ကုန်မြို့မှ ဒေသခံ တဦးက “စတိုးဆိုင်က အရောင်းဝန်ထမ်းတွေဆိုရင် အခုဆိုရင် ဈေးနှုန်းချိန်းဖို့အတွက် စာရွက်လေးတွေ ကိုင်ထားရတဲ့ အဆင့်ဖြစ်နေပြီ။ ဥပမာ အခုသုံးနေတဲ့ တစ်ရှူးတောင် ဒီနေ့ ၁ လိပ် ၁၀၀ ကျပ်ပေးရရင် နောက်ရက်မှာ ၁၅၀ ကျပ်လောက် ဖြစ်နေတာ။ ၃ ရက်၊ ၄ ရက် တကြိမ်တော့ ဈေးက တက်နေတာပဲ”ဟု ဧရာဝတီသို့ ပြောသည်။
You may also like these stories:
ဆေးဝါးရှားပါး ဈေးတက်သဖြင့် နာတာရှည် ဝေဒနာရှင်များ အခက်တွေ့
နယ်စပ်ကုန်သွယ်ရေး လက်လွှတ်ရခြင်းက စစ်ကောင်စီ ဒေါ်လာသန်းချီ ဆုံးရှုံး
တိုက်ပွဲကြောင့် ပူတာအိုခရိုင်၌ စက်သုံးဆီနှင့် ကုန်ဈေးနှုန်း အဆမတန် မြင့်နေ
ဓာတ်အားလိုအပ်ချက် ထက်ဝက်သာပေးနိုင်