တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်ပြည်နယ်တွင် စိုက်ပျိုးရာသီ ရောက်သော်လည်း လယ်သမားများ ဘေးလွတ်ရာတိမ်း ရှောင်နေရသလို စက်သုံးဆီ၊ ဓာတ်မြေသြဇာနှင့် လယ်ယာသုံးပစ္စည်းများ ပြတ်လပ်မှုအခက်အခဲကြောင် ယခုနှစ် မိုးစပါး စိုက်ပျိုးမှု ထက်ဝက်ခန့် လျော့ကျနိုင်ပြီး စားနပ်ရိက္ခာအခက်အခဲဖြင့် ကြုံရနိုင်ကြောင်း ခန့်မှန်းကြသည်။
စပါးစိုက်ဧက ၈သိန်းခွဲခန့် ရှိသည့်အနက် အများစုမှာ ပြည်နယ် မြောက်ပိုင်းတွင်ရှိပြီး ယင်းဒေသတွင် လတ်တလော တိုက်ပွဲများ ပြင်းထန်နေသလို စစ်ကောင်စီ၏ ပိတ်ဆို့မှုကြောင့်လည်း ဒီဇယ်အပါအဝင် ဓာတ်မြေသြဇာများ ပြတ်လပ် နေကာ ဈေးနှုန်းလည်း အဆမတန်မြင့်တက်နေသည်။
ရခိုင်ပြည်နယ်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂဥက္ကဌ ဦးကျော်ဇံက “ဒီနှစ်စိုက်ပျိုးထုတ်လုပ်မှုက တဝက်လောက်ကို ကျသွားနိုင်တဲ့ အခြေအနေ ရှိတယ်။ အဓိကအကြောင်းအရင်းက တိုက်ပွဲတွေကြောင့် ဖြစ်သလို ထွန်ယက်စိုက်ပျိုးတဲ့အခါ ကျွဲ၊ နွား မရှိတဲ့အတွက် စက်ကိုအခြေခံရတယ်၊ စက်သုံးဆီ ဒီဇယ်ဈေးက အရမ်းမြင့်နေတယ်။ သွင်းအားစု ဖြစ်တဲ့ မြေဆီ၊ ဓာတ်မြေဩဇာမရှိဘူး။ ဒါကြောင့်ဒီနှစ် တောင်သူတွေ စပါးစိုက်ပျိုးမှုက တော်တော်လေးကို နည်းသွားလိမ့် မယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယခုနှစ်တွင် စက်သုံးဆီ လုံလောက်စွာ ဝယ်၍ မရဘဲ ဈေးနှုန်းက ယခင်ထက် သုံးဆခန့် ပို၍ မြင့်နေခြင်း၊ သွင်းအားစု များ ဝယ်ယူ၍ မရခြင်း အစရှိသည်တို့ကြောင့် မစိုက်ပျိုးနိုင်သည့် အခြေအနေ ဖြစ်နေကြောင်း သိရသည်။
ဆက်လက်၍ ၎င်းက “ကျနော်တို့ ရခိုင်ပြည်နယ်မှာတော့ ဒေသတွင်း စပါးရယ်၊ ပြည်မကိုတင်ပို့တဲ့ ပေါ်ဆန်းစပါးရယ် စိုက် ကြတာပေါ့။ စိုက်ဧက ၈ သိန်းခွဲ ရှိတယ်။ ဒါကြောင့် ဒီနှစ်မှာတော့ ကျနော်တို့ ဧက ၅ သိန်း စိုက်ဖို့တောင် အနိုင်နိုင်ပဲ”ဟု ဆိုသည်။
ပြည်နယ်၏ အနေအထားအရ ရာသီဥတုကို မှီခို၍ စိုက်ပျိုးရေးကို လုပ်ကိုင်ရသဖြင့် မိုးခေါင်ရေရှားမှု အစရှိသည့် ရာသီဥတု ဖောက်ပြန်မှုနှင့် ထပ်မံ ကြုံရပါကလည်း ယခုမှန်းထားသည့် ထက်အခြေအနေ ပိုဆိုးလာနိုင်သည့်အတွက် ပြည်နယ် အတွင်း စားနပ်ရိက္ခာအတွက်လည်း အခက် အခဲများ ရှိလာနိုင်ကြောင်း သူက ခန့်မှန်းသည်။
မြောက်ဦးမြို့နယ် တောင်ဦးရွာနေ ဦးထွန်းသာက “ ဒီနှစ်စပါးစိုက်ဖို့ အရေးကို တွေးပူနေတာ။ မျိုးစပါးလား ထွန်စက်ပြင် မလားဆိုတာ ဘယ်ဟာကနေ စလုပ်ရမှန်း မသိတော့ဘူး၊ ထွန်စက်ပြင်မယ်ဆိုရင်လည်း စက်ပစ္စည်းတွေက ရှာမရဘူး၊ တချို့ဆိုင်တွေဆိုရင် အရင်က ၈၀၀ တန် ပစ္စည်း အခု ၈၀၀၀ လောက်ကို ဈေးတွေထိုးတက်နေတယ် ”ဟု ဧရာဝတီ သို့ ပြောသည်။
လယ်ယာစိုက်ပျိုးရေးကို အဓိကထားသောရခိုင်ပြည်နယ်သည် မိုးစပါးကို ဇွန်လတွင် စတင်ထွန်ယက်စိုက်ပျိုးလေ့ရှိကြပြီး တခြားဒေသများကဲ့သို့ ဆည်ရေသုံး သီးထပ်စိုက်ပျိုးရေးစနစ်ကိုလည်း ကျင့်သုံးခြင်းမရှိဘဲ မိုးစပါးတခုတည်းကိုသာ စိုက်ပျိုးခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း ၂၀၂၃ နိုဝင်ဘာလက စခဲ့သည့် တိုက်ပွဲများကြောင့် စစ်ကောင်စီက ကုန်လမ်း၊ ရေလမ်းများ ပိတ်ဆို့ ထားရာ မြောက်ပိုင်းမြို့နယ်များတွင် တခြားသော ကုန်ပစ္စည်းဈေးနှုန်းများနှင့် အတူ လယ်ယာကဏ္ဍအတွက် အရေးပါသည့် ဒီဇယ်နှင့် ဓါတ်မြေသြဇာတို့မှာ အဆမတန် ဈေးမြင့်တက်ခဲ့သည်။
ကျောက်တော်မြို့နယ် သာစည်ရွာနေ တောင်သူ ကိုလှမြင့်က “ဒီနှစ်စပါးစိုက်ဖို့က မတွေးရဲဘူး ဒီဇယ်ဖိုး ဓာတ်မြေဩဇာ ဖိုးနဲ့တောင် ကျနော်တို့ တောင်သူတွေ မသေမရှင်ဖြစ်နေပြီ ၊ ဒါပေမယ့် စပါးမစိုက်ရင်လည်း ဘာနဲ့စားမလဲ၊ စက်သုံးဆီ ဈေးကြီးလို့ စက်နဲ့ ထွန်နိုင်ရင် နွားနဲ့ ရုန်းသင့်ရင် ရုန်းရမှာပဲ” ဟု ဧရာဝတီသို့ ပြောသည်။
ယခင်နှစ်က ဒီဇယ်ဆီဈေးမှာ ၁ ဂါလံလျှင် ကျပ် ၁၂,၀၀၀ မှ ယခုနှစ်တွင် ၄၀,၀၀၀ အထိ မြင့်တက်နေသလို ဓါတ်မြေသြဇာ ၁အိတ်မှာလည်း ကျပ် ၁၀၀,၀၀၀ မှ ၃၀၀,၀၀၀ အထိ ထိုးတက်နေသဖြင့် လယ်မလုပ်ခင်ကတည်းက အရှုံးပေါ်မည့် အခြေ အနေ ဖြစ်ကြောင်း ဒေသခံတောင်သူများက ပြောသည်။
ဦးကျော်ဇံက “ရခိုင်ပြည်နယ်မြောက်ပိုင်းကတော့ တိုက်ပွဲတွေက နည်းနည်းငြိမ်သွားပြီ။ လေယာဉ်သံလောက်ပဲ နားစွင့်ရ တယ်ဆိုပေမယ့် စက်သုံးဆီဈေးမြင့်တာ၊ ဝယ်မရတာတွေကြောင့် စိုက်ပျိုးရေး မလုပ်နိုင်သလို တောင်ပိုင်းကတော့ တိုက်ပွဲ တွေ မြေပြင်မှာ ဆက်ရှိနိုင်သေးတယ်။ တခြားသွင်း အားစုတွေ မရတာလည်းရှိတော့ စိုက်ပျိုးမှုက တောင်ပိုင်းမှာ ပိုပြီး ကျ သွားလိမ့်မယ်။ အဓိက ရခိုင်တပြည်နယ်လုံး ပြဿနာကတော့ သွင်းအားစုပါပဲ”ဟု ပြောသည်။
ရခိုင်ပြည်နယ်၌ ကျောက်ဖြူ၊ စစ်တွေ၊ သံတွဲ၊ မောင်တော၊ မြောက်ဦး ၅ ခရိုင်ရှိသည့်အနက် စစ်တွေခရိုင်တွင် ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်ဖြူခရိုင်တွင် ရမ်းဗြဲမြို့နယ် မောင်တောခရိုင်တွင် ဘူးသီးတောင်မြို့နယ် မြောက်ဦးခရိုင် တွင် ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး စသည်မြို့နယ်များနှင့် ချင်းပြည်နယ်မှ ပလက်ဝကို အာရက္ခ တပ်တော် (AA)က သိမ်းထားသည်။
လက်ရှိ မောင်တောခရိုင်မှ မောင်တောမြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်နေသလို သံတွဲခရိုင်တွင်လည်း သံတွဲမြို့နယ် အတွင်း တိုက်ပွဲများ ပြင်းထန်နေသည်။
ULA/ AA က ၎င်းတို့ တိုက်ခိုက် သိမ်းပိုက်ထားသည့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော စသည့် မြို့နယ်များတွင် လယ်ယာမြေ စာရင်းများကို ကောက်ယူမှုများ ရှိနေသော်လည်း မည်သို့ မည်ပုံ ကိုင်တွယ် ဖြေရှင်းပေး မည်ကိုမူ တစုံတရာ ဆွေးနွေးပြောဆိုမှုများ မရှိသေး ကြောင်း လယ်သမားများထံမှ သိရသည်။
အာရက္ခတပ်တော် (AA)၏ ပြောခွင့်ရ ဦးခိုင်သုခက “ရခိုင်မှာတော့ ဆန်ပြတ်တဲ့ အနေအထားမျိုးတော့ မဖြစ်နိုင်ပါဘူး၊ မဖြစ်အောင်လည်း ကျနော်တို့ဘက်က တတ်နိုင်သမျှ စီစဉ်နေတယ်၊ လယ်သမားတွေ အချိန်မီ လယ်ယာစိုက်ပျိုးနိုင်ဖို့ လိုအပ်တဲ့ အကူအညီတွေကို အချိန်နဲ့ တပြေးညီ ရရှိအောင် လောင်စာဆီကိစ္စဆိုရင် ရနိုင်တဲ့ နည်းလမ်းသုံးပြီး ဆောင်ရွက် ပေးမှာပါ၊ လိုအပ်ချက်တွေကတော့ အများကြီးပဲ”ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီ၏ လယ်ယာမြေနှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းဇယားအရ ရခိုင်ပြည်နယ်အတွင်း စပါးစိုက်ဧက ၁၀သိန်း ကျော်ရှိကာ စပါးအထွက်နှုန်း တင်းသိန်းပေါင်း ၇၀၀ ကျော်ထွက်ရှိကြောင်း စာရင်းပြုစုထားသော်လည်း အမှန်တကယ် မြေပြင်ကွင်းဆင်းကောက်ယူချက်အရ စပါးစိုက်ဧက ၈သိန်းခွဲကျော်ရှိပြီး စပါးအထွက်နှုန်း တင်းသိန်းပေါင်း ၄၀၀ အောက် လျော့ကျနေကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမား သမဂ္ဂ၏စာရင်းများအရ သိရသည်။
ရခိုင်ပြည်နယ်ရှိ လယ်သမားများ အနေဖြင့် စစ်ပွဲဒဏ်၊ ကိုဗစ်ဒဏ်နှင့်အတူ သဘာဝဘေးအန္တရာယ်ကိုပါ ဆိုးဆိုးရွားရွား ခံရသည့်အတွက် ပြည်နယ်အတွင်း စပါးအထွက်နှုန်း သိသိသာသာ ကျဆင်းလာနိုင်ကာ ဝမ်းစာဖူလုံရေး ထိခိုက်လာ နိုင်သည့် အခြေအနေရှိကြောင်း လယ်သမားအရေး ဆောင်ရွက်သူများက သုံးသပ်ပြောကြားသည်။
ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက “အားလုံး အဘက်ဘက်က ပိတ်ဆို့ခံထားရတဲ့နောက် လယ်သမားက သွင်းအားစုတွေ ကို ဈေးပေါပေါနဲ့ ဝယ်မရနိုင်ဘူး၊ ပစ္စည်းတွေရှာမရဘူး၊ ဒီဇယ် ဓာတ်ဆီဈေးတွေ အဆက်မတန်မြင့်တော့ လယ်သမား တွေက လယ်မြေတွေကို အပြည့်အဝ မထွန်နိုင်ကြဘူး ၊ သွင်းအားစုတွေ မထည့်နိုင်ကြတော့ဘူး ဆိုရင်တော့ စိုက်ဧက လည်း လျော့မယ် အထွက်နှုန်းလည်း ကျမယ်၊ ပြည်နယ်အတွင်းမှာ ဝမ်းစာဖူလုံမှု အခက်ကြုံပြီး ပြတ်လတ်နိုင်တဲ့ အထိ ဖြစ်လာနိုင်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
အာရက္ခတပ်တော်(AA)သည် ယခုအခါ တပြည်နယ်လုံး တိုက်ခိုက်သိမ်းပိုက်ရန် ကြိုးစားနေသလို စစ်ရေးအရလည်း အောင်မြင်မှု ရနေသဖြင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် စစ်ကောင်စီစခန်းများ အားလုံးကင်းစင်သွားပါက နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းများ ပြန်လည်ပွင့်လာနိုင်မည် ဖြစ်ရာ လယ်သမား လက်ရှိကြုံနေရသည့် အခက်အခဲများ အလိုလို ပြေလည်သွားနိုင်မည်ဟု သုံးသပ်ကြောင်း ဦးဖေသန်းက ဆိုသည်။
လက်ရှိ ရခိုင်ပြည်နယ်၏ အခြေအနေအရ စစ်ကောင်စီ၏ ဌာနဆိုင်များမှတဆင့် ဒေသခံ လယ်သမားများထံ အထောက် အကူပေးနိုင်မည့် အခြေအနေမရှိနိုင်သဖြင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာ တာဝန်ရှိသူများက ပံ့ပိုးကူညီမှု များ ပေးနိုင်ရန်လည်း လိုအပ်နေကြောင်း ဒေသခံများထံက သိရပြီး စစ်တွေမြို့တွင် ၂၅ မှတ်တန် (ဆန်ကြမ်း) တအိတ်လျှင် ၂သိန်း၊ ကြက်ဥတလုံး ၁၂၀၀ကျပ်မှ ၁၅၀၀ကျပ်၊ ဓာတ်ဆီ တလီတာ ၂၅၀၀၀ကျပ် ရှိသည်။