စစ်ကောင်စီ ထိပ်တန်းအရာရှိများသည် နိုင်ငံမှ ထိပ်တန်းဘဏ်လုပ်ငန်းရှင်များကို ဇူလိုင်လ ၁၀ ရက်နေ့ အစည်းအဝေးတွင် ဝေဖန်ပြစ်တင်ပြီး ၎င်းတို့သည် ငွေကြေးဖောင်းပွမှုကို ဖြစ်စေကာ နိုင်ငံ၏ ဘဏ္ဍာရေး အကျပ်အတည်းသည် ပြန်လှည့်မရသည့် အဆင့်သစ်သို့ ရောက်ချိန်တွင် နိုင်ငံ၏ ငွေကြေးတန်ဖိုးကို ကျဆင်းစေသည်ဟု စွပ်စွဲသည်။
နေပြည်တော်တွင် ပြုလုပ်သည့် ထိုအစည်းအဝေးသည် တဖက်သတ်ဖြစ်ပြီး စစ်ကောင်စီ အရာရှိများကသာ စကားပြောကာ နေပြည်တော်သို့ ဆင့်ခေါ်ခံရသည့် ဘဏ်လုပ်ငန်းရှင်များကို အတင်းအကျပ် နားထောင်ခိုင်းသည်ဟု သတင်းရင်းမြစ်များက ပြောသည်။
ထိုအစည်းအဝေးပြီးနောက် မြန်မာကျပ်ငွေသည် အပြင်းအထန် ဆက်လက်ကျဆင်းပြီး တန်ဖိုး ၆ ရာခိုင်နှုန်း ထပ်မံကျဆင်းကာ ရွှေဈေးများ ထောင်တက်ကုန်သည်။
ဘဏ်လုပ်ငန်းရှင်များသည် လုပ်ထုံးလုပ်နည်း ချိုးဖောက်ပြီး နိုင်ငံ၏ ဘဏ္ဍာရေးတည်ငြိမ်မှုကို ထိခိုက်စေပါက သို့မဟုတ် နိုင်ငံတော်၏ ပိုင်ဆိုင်မှု သို့မဟုတ် ရင်းမြစ်များကို တန်ဖိုး ကျဆင်းစေပါက အရေးယူမည်ဖြစ်ကြောင်း ထိုအစည်းအဝေးတွင် စစ်ကောင်စီအရာရှိများက သတိပေးသည်။ ထိုစစ်အရာရှိများက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်လာသည့် စီးပွားရေးကပ်ဆိုးအတွက်လည်း နေပြည်တော်သို့ ဆင့်ခေါ် သြဝါဒပေးခံရသည့် ဘဏ်လုပ်ငန်းရှင်များကို အပြစ်တင်သည်။
ယခင် သတင်းဖော်ပြခဲ့သည့်အတိုင်း ပုဂ္ဂလိကဘဏ်များမှ ဥက္ကဋ္ဌများနှင့် အဆင့်မြင့် အမှုဆောင်များကို ဘဏ်လုပ်ငန်းကိစ္စများ ဆွေးနွေးရန် နေပြည်တော်သို့ ဆင့်ခေါ်သည်။ စစ်ကောင်စီ အတွင်းရေးမှူး ဒု ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ဒု ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့က ထိုအစည်းအဝေးကို ဦးဆောင်သည်။
၎င်းတို့နှင့်အတူ အခြား ဒု ဗိုလ်ချုပ်ကြီး နှစ်ဦး ဖြစ်သည့် ပြည်ထဲရေးဝန်ကြီး ရာပြည့်နှင့် နိုင်ငံခြားငွေလဲလှယ်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ညိုစောလည်း ထိုအစည်းအဝေး တက်ရောက်သည်။ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ဗဟိုဘဏ် အရာရှိများကို ဦးဆောင်သည်။
နိုင်ငံမှဘဏ်များ ထိခိုက်ပျက်စီးလွယ် ဖြစ်နေစဉ် ဇူလိုင်လ ၁၀ ရက်နေ့က ထိုအစည်းအဝေးကို ကျင်းပခြင်း ဖြစ်သည်။ ထိုဘဏ်များသည် စစ်ကောင်စီ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့် အထိနာရုံသာမက ထိုသို့ ဖြစ်ခြင်းအတွက်လည်း အပြစ်တင်ခံနေရသည်။
စစ်ကောင်စီက နိုင်ငံခြားငွေလဲလှယ်နှုန်းကို အမိန့်အာဏာဖြင့် ထိန်းချုပ်ရန် ကြိုးစားမှု မအောင်မြင်ကြောင်း အထင်အရှားတွေ့ရစဉ် ငွေလက်ဝယ်ရှိသူများသည် ၎င်းတို့ငွေကြေးများကို ပိုင်ဆိုင်မှုများအဖြစ် ပြောင်းလဲကြသည်။ သို့သော် ပုဂ္ဂလိကဘဏ် ခြောက်ခုသည် အိမ်ရာချေးငွေကို ဗဟိုဘဏ် ကန့်သတ်ချက်ထက် ပိုမို ထုတ်ပေးသည်ဟုဆိုကာ ဇူလိုင်လ ၂ ရက်နေ့တွင် အရေးယူမည်ဟု ခြိမ်းခြောက်သည်။
ဇူလိုင်လ ၁၀ ရက်နေ့ အစည်းအဝေးတက်သည့် ထိပ်တန်း ဘဏ်လုပ်ငန်းရှင်များတွင် ကမ္ဘောဇဘဏ် (KBZ) မှ ဦးအောင်ကိုဝင်း၊ ဧရာ (AYA) ဘဏ်မှ ဦးဇော်ဇော်၊ A Bank မှ ဦးဇော်ဝင်းရှိန်နှင့် Shwe Bank မှ ဦးကျော်ဝင်းတို့ ပါဝင်သည်။
ရိုးမဘဏ် အမှုဆောင်ဥက္ကဋ္ဌ ဆာ့ဂျ်ပန်း ခေါ် ဦးသိမ်းဝေ တက်ရောက်ခြင်း မရှိပေ။ ထိုသို့ မတက်ခြင်းမှာ သူ၏ဘဏ်သည် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း ချိုးဖောက်သည်ဟု စစ်ကောင်စီက စွပ်စွဲဖမ်းဆီးထားသောကြောင့် ဖြစ်သည်။
အစည်းအဝေး အပြီးတွင် ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးကို ထိုဘဏ်များက ထောက်ခံကြောင်း စစ်ကောင်စီက ၎င်းတို့အာဘော် မီဒီယာများကို အသုံးပြုပြီး နိုင်ငံသို့ ပြောသည်။ ဆင့်ခေါ်ခံရသည် ဘဏ်လုပ်ငန်းရှင်များသည် ၎င်းတို့ဘဏ် အသုံးပြုသူများ၏ အကျိုးစီးပွားကို ကာကွယ်ရန်၊ ဘဏ္ဍာရေး တည်ငြိမ်စေရန်နှင့် ခိုင်မာစေရန် တာဝန်ရှိကြောင်း အောင်လင်းဒွေးက ဘဏ်လုပ်ငန်းရှင်များကို ပြောသည်ဟု စစ်ကောင်စီမီဒီယာများက ဖော်ပြသည်။
ဘဏ်များက ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်းစဉ် ချိုးဖောက်သောကြောင့် အစိုးရပိုင်ဆိုင်မှုများနှင့် အသုံးစရိတ်ကို ထိခိုက်စေပါက တစုံတရာ အရေးယူမည်ဖြစ်ကြောင်း အောင်လင်းဒွေးက သတိပေးသည်။ ဘဏ်များသည် တနိုင်ငံလုံးကို ဒုက္ခပေးနိုင်သောကြောင့် စစ်ကောင်စီသည် ဖြစ်နိုင်ခြေရှိသော ချိုးဖောက်မှုများကို ကြီးကြပ်ရသည်ဟု ၎င်းက ပြောသည်။
ဘဏ်လုပ်ငန်းရှင်များကို ဗိုလ်ချုပ်များက ဆူပူကြောင်း ယင်းအစည်းအဝေးအကြောင်းကို သိသည့် သတင်းရင်းမြစ် နှစ်ခုက ပြောသည်။ ထိုအစည်းအဝေးသည် ဆွေးနွေးပွဲ မဟုတ်ဘဲ စစ်ခုံရုံးဖြစ်ကြောင်း ၎င်းတို့က ပြောသည်။
ဆင့်ခေါ်ခံရသည် ဘဏ်ဒါရိုက်တာတဦးနှင့် နီးစပ်သူက ထိုအစည်းအဝေးတွင် ၎င်းတို့ကို စကားပြောခွင့် မပေးသောကြောင့် တဖက်သတ် အစည်းအဝေးဖြစ်ကြောင်း ပြောသည်။
စီးပွားရေးအကျပ်အတည်းအတွက် ဘဏ်လုပ်ငန်းရှင်များ ဆူပူခံရကြောင်းလည်း ထိုသတင်းရင်းမြစ်က ပြောသည်။
အိမ်ရာချေးငွေများ ပိုမိုထုတ်ပေးခြင်းကဲ့သို့သော ချိုးဖောက်မှုများအတွက် ဘဏ်လုပ်ငန်းရှင်များကို ဆူပူပြီး ငွေကြေးဖောင်းပွမှု မထိန်းချုပ်ခြင်း၊ ကျပ်ငွေတန်ဖိုး ကျဆင်းခြင်း၊ ကုန်ဈေးနှုန်းတက်ခြင်း စသည်တို့အတွက် ဘဏ်လုပ်ငန်းရှင်များကို အပြစ်တင်သည်ဟုလည်း ထိုသတင်းရင်းမြစ်က ပြောသည်။
ထိုပြဿနာများသည် ဇူလိုင်လ ၁၀ ရက်နေ့ အစည်းအဝေးအပြီးတွင် ပိုမိုဆိုးရွားလာသည်။ ကျပ်ငွေသည် နောက်ထပ် ၆ ရာခိုင်နှုန်း ကျဆင်းပြီး တဒေါ်လာလျှင် ၄,၈၀၀ ကျပ်အထိ ဖြစ်လာသည်။ အာဏာ မသိမ်းမီက ကျပ်ငွေသည် တဒေါ်လာလျှင် ၁,၃၀၀ ကျပ်သာ ဈေးပေါက်သည်။ ရွှေဈေးလည်း ခုန်တက်ပြီး တကျပ်သား (၁၆ ဒသမ ၃၃ ဂရမ်) လျှင် ၅၈ သိန်း ဈေးပေါက်သည်။
အိမ်ရာချေးငွေ သတ်မှတ်ပမာဏထက် ပိုမို ထုတ်ချေးသောကြောင့် အဓိကဘဏ်များကို အပြစ်ပေးမည်ဟု စစ်ကောင်စီက ကြေညာပြီးနောက် ပုဂ္ဂလိကဘဏ်များအပေါ် ယုံကြည်မှု ကျဆင်းသွားသည်။ ထို့နောက်တွင် ဘဏ်တွင် ငွေထားသူများသည် ၎င်းတို့ငွေများကို တန်းစီ ထုတ်ယူကြသည်။ ထို့ကြောင့် နေ့စဉ် ထုတ်ယူနိုင်သည့် ကန့်သတ်ငွေပမာဏ ကျဆင်းပြီး ကျပ် ၁၀ သိန်းနှင့် သိန်း ၂၀ ကြားသာ ရှိတော့သည်။
ဇူလိုင်လ ၁၁ ရက်နေ့တွင် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဒေါက်တာ လင်းအောင်က နက်ရှိုင်းလာသည့် စီးပွားရေး အကျပ်အတည်းကို ထူးဆန်းစွာ တုံ့ပြန်သည်။ ဘဏ်များက ထုတ်ယူနိုင်သည့် ငွေပမာဏ ကန့်သတ်သည်ဟု ပြောသူများသည် ကောလာဟလ ဖြန့်သူများဖြစ်သည်ဟု စစ်ကောင်စီ မီဒီယာသို့ ၎င်းက ပြောသည်။
ဇူလိုင်လ ၁၂ ရက်နေ့တွင် မြန်မာဘဏ်အကျပ်အတည်း ပိုမိုနက်ရှိုင်းလာသည်။
နေ့စဉ်ငွေထုတ်ယူမှု ကန့်သတ်ချက်သည် ဇူလိုင်လ ၁၀ ရက်နေ့က ကန့်သတ်ချက်၏ ၂၅ ရာခိုင်နှုန်းအထိ ကျဆင်းပြီး တနေ့လျှင် ကျပ် ၅ သိန်းသာ ထုတ်ယူနိုင်တော့သည်ဟု မတူညီသော ဘဏ် သုံးခုတွင် ငွေအပ်ထားသူများက ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar’s Generals Berate And Scold Bankers as Financial Crisis Deepens ကို ဘာသာပြန်သည်။)
You may also like these stories:
စစ်ကောင်စီက ရိုးမဘဏ်ပိုင်ရှင်ကို ဖမ်းဆီး
ပြည်တွင်းဘဏ်များ၌ ငွေအပ်နှံသူမရှိ ဖြစ်လာ
ပိတ်ဆို့မှုများထက် စီးပွားရေးကျဆင်းမှုကြောင့် စစ်ကောင်စီ ပို အကျပ်ရိုက်
ဘဏ်များကို ဗဟိုဘဏ် ငွေထုတ်မပေးနိုင်တော့
ဘဏ်များ အရေးယူမည့်ကိစ္စ အိမ်ခြံမြေ ဈေးကွက် ထိခိုက်နိုင်
တိုက်ကွန်းလား၊ ခရိုနီလား၊ အခွင့်ထူးခံ သူဌေးကြီးတွေလား