အရှိန်မြင့်မားလာသည့် ပဋိပက္ခနှင့် စီးပွားရေး မတည်ငြိမ်မှုကြောင့် ထိုင်းကုမ္ပဏီများ မြန်မာမှ ပြန်လည် ထွက်ခွာကြသည်။ စစ်ကောင်စီနှင့် အတိုက်အခံများအကြား လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခ လျော့ကျမည့် လက္ခဏာမရှိသောကြောင့် ထိုင်းလုပ်ငန်းများသည် အမေရိကန်ဒေါ်လာ ၇ ဘီလီယံ (ဘတ် ၂၅၃ ဘီလီယံခန့်) အထိ အလွန်များပြားသည့် ရင်းနှီးမြှုပ်နှံမှုများကို ပြန်လည် ရုပ်သိမ်းကြသည်။
တခါက မြန်မာတွင် တတိယ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်သော ထိုင်းကုမ္ပဏီများသည် ယခုအခါ ပဉ္စမအကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူများ ဖြစ်သွားပြီး ယခင်က ရင်းနှီးမြှုပ်နှံမှုမှာ စီမံကိန်း ၁၅၅ ခုတွင် အမေရိကန် ဒေါ်လာ ၁၁ ဒသမ ၆ ဘီလီယံရှိရာမှ ယခု စီမံကိန်း ၁၀၅ ခုတွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၅ ဘီလီယံ ဖိုးသာ ရှိတော့သည်။ ထိုသို့ ထွက်ခွာသွားခြင်းသည် စီမံကိန်း ၅၀ ဆုံးရှုံးခြင်းဖြစ်ပြီး မြန်မာ့စီးပွားရေးအတွက် ပြင်းထန်သော ထိုးနှက်ချက် ဖြစ်သည်။
ပရာချာချက် စီးပွားရေးသတင်း၏ အဆိုအရ ဇန်နဝါရီမှ မေလအထိ ထိုင်းနှင့်မြန်မာအကြား ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၃ ဘီလီယံဖိုးရှိပြီး ယခင်နှစ်ကထက် ၁၀ ဒသမ ၄၆ ရာခိုင်နှုန်း ကျဆင်းသည်။ မြန်မာမှ ရှည်ကြာသည့် သွင်းကုန်လိုင်စင် လုပ်ထုံးလုပ်နည်းကြောင့် ထိုင်းနိုင်ငံမှ တင်ပို့မှုသည် ၁၁ ဒသမ ၈၁ ရာခိုင်နှုန်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံ ကျဆင်းပြီး ထိုင်းနိုင်ငံက တင်သွင်းမှုသည် ၈ ဒသမ ၅၂ ရာခိုင်နှုန်း အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံသို့ ကျဆင်းသည်။ ထို့ကြောင့် ထိုင်းနိုင်ငံသည် ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၄၉၉ ဒသမ ၃ သန်း ရသည်။
ထို့ကြောင့် မြန်မာစစ်ကောင်စီသည် ကုန်သွယ်ရေးလိုငွေ လျှော့ချရန် အပြင်းအထန် ကြိုးစားနေပြီး သွင်းကုန်လိုင်စင် မပါသော ကုန်စည်များကို ဆိပ်ကမ်းများနှင့် လေဆိပ်များတွင် တင်းကျပ်သည့် အစီအမံများ ချမှတ်သည်။ ဇူလိုင်လ ၁ ရက်နေ့မှ စတင်ပြီး ဓာတ်မြေသြဇာနှင့် သံမဏိ အပါအဝင် ကုန်စည် ၇ မျိုးသည် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ (FESC) ၏ သွင်းကုန်လိုင်စင် လိုအပ်သည်။
ဇူလိုင်လ ၅ ရက်နေ့က ထုတ်ပြန်သည့် ရန်ကုန်ရှိ ထိုင်း၏ ကုန်သွယ်မှုမြှင့်တင်ရေးရုံး အစီရင်ခံစာတွင် ယခုနှစ် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၁ ဒသမ ၅ ရာခိုင်နှုန်းသာရှိမည်ဟု ခန့်မှန်းထားသည်။ ဧပြီလနှင့် မေလအကြား နိုင်ငံတကာကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံဖိုးရှိပြီး ယခင်နှစ် အလားတူကာလကထက် ၁၄ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းသည်။ တင်ပို့မှုသည် ၁၀ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံဖိုးရှိကာ တင်သွင်းမှုသည် ၃၀ ဒသမ ၈၂ ရာခိုင်နှုန်း ကျဆင်းပြီး အမေရိကန် ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံဖိုး ရှိသောကြောင့် မြန်မာအတွက် ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၆၃ ဒသမ ၅၃ သန်း ရှိသည်။
ထိုသို့သော စိန်ခေါ်မှုများရှိသော်လည်း မြန်မာဝယ်လက်များအကြား ထိုင်းကွန်ဒိုမီနီယံ ဝယ်လိုအားမှာ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှု အလားအလာကြောင့် ခိုင်မာနေသည်။ ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် မြန်မာ ဝယ်လက်များသည် ရုရှားကို ဖြတ်ကျော်ပြီး ဘတ် ၂ ဒသမ ၂ ဘီလီယံတန် ယူနစ်ပေါင်း ၃၉၂ ခုကို လွှဲပြောင်းပေးသည်။ သို့သော် မြန်မာမှ နိုင်ငံရေး ဖရိုဖရဲအခြေအနေကြောင့် ထိုအခြေအနေကို ယာယီ ရပ်တန့်သွားစေသည်။
ထိုဖရိုဖရဲအခြေအနေတွင် ထိုင်းစတော့အိတ်ချိန်း စာရင်းဝင် ထိုင်းကုမ္ပဏီ အများအပြားသည် မြန်မာမှ လုပ်ငန်းများကို ပိတ်လိုက်ကြသည်။
TPBI Public Company Limited သည် မြန်မာမှ ၎င်း၏လုပ်ငန်းခွဲ TPBI & Myanmar Star Company Limited ကို ဇူလိုင်လ ၈ ရက်နေ့တွင် ဖျက်သိမ်းပြီး Christiani & Nielsen (Thai) Public Company Limited နှင့် General Engineering Public Company Limited တို့က လက်ရှိဖြစ်နေသည့် ဆုံးရှုံးမှုများနှင့် ဆန့်ကျင်ဘက် နိုင်ငံရေးအခြေအနေများကြောင့် လုပ်ငန်းများကို ပိတ်သိမ်းလိုက်ကြောင်း KhaoSod English သတင်းက ဖော်ပြသည်။
ကိုးကား ။ ။ The Thaiger သတင်း Thai investors flee Myanmar chaos, pulling out 253 billion baht
You may also like these stories:
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် ကျဆင်း
မြန်မာ့စီးပွားရေး ဆက်လက် ထိုးဆင်းနေ
ငွေတန်ဖိုးပြိုလဲစဉ် ထိုင်းကွန်ဒို ဝယ်သူများနှင့် ပွဲစားများကို စစ်ကောင်စီဖမ်း
ထိုင်းဘဏ်များ မြန်မာစစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေဟု ကုလသမဂ္ဂ အစီရင်ခံ
စစ်ကောင်စီ ဗဟိုဘဏ်ကို ပိတ်ဆို့အရေးယူချိန် တန်ပြီ