စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့တို့တွင် ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် တမြို့လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွား ပြီးနောက် အခြေခံစားသောက်ကုန်များ မြင့်တက်နေပြီး၊ ပြတ်လပ်မှုများပါ ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။
မြစ်ရေမြင့်တက်မှုကြောင့် ချင်းတွင်းမြစ်မှ မော်တော်ယာဉ်ဖြင့် ကုန်စည်သယ်ယူ၍ မရသလို၊ ကားလမ်းပိုင်းတွင်လည်း ကုန် စည်သယ်ယူခွင့် ပိတ်ပင်ထားပြီး၊ ရာသီဥတုအခြေအနေကြောင့် ကုန်တင်လေယာဉ်များလည်း လာရောက်နိုင်ခြင်း မရှိသဖြင့် ယခုကဲ့သို့ ကုန်ဈေးနှုန်းများကြီးမြင့်ကာ ပြတ်လပ်လာခြင်းဖြစ်ကြောင်း သိရသည်။
ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ခန္တီးဈေးမှာ ရေနစ်မြုပ်ခဲ့ပြီး ပစ္စည်းများ သယ်ယူရန် အချိန်မမီဘဲ အခြေခံ စားသောက် ကုန်များအပါအဝင် ကုန်စည်များရေမြုပ်ခဲ့ရကြောင်း ကုန်သည်များက ပြောသည်။
ကုန်သည်တဦးက “ကျနော်တို့ ဆုံးရှုံးတာ သိန်းကို ရာနဲ့ချီတယ်။ ကြက်သွန်တွေ ဆန်တွေ ဆီတွေ ရေထဲပေါလော မျောသွား တာ။ ဘာတခုမှကို သယ်ချိန် မရလိုက်ဘူး။ အဲဒါက ကျနော်တယောက်ထဲ မဟုတ်ဘူး။ တဈေးလုံး ဖြစ်သွားတာ” ဟု ပြော သည်။
ခန္တီးမြို့တွင် လက်ရှိ၌ ခရမ်းချဉ်သီး တပိဿာ ၄ သောင်းကျပ်၊ ကြက်သွန် တပိဿာ ၂ သောင်းကျပ်၊ ကြက်သားတပိဿာ ၅ သောင်းကျပ်၊ ကွမ်းရွက်တပိဿာ ၆ သောင်းကျပ်၊ စားအုန်းဆီ တပိဿာလျှင် ၂ သောင်းကျပ်၊ ဓာတ်ဆီတလီတာ ၁ သောင်း ၅ ထောင်ကျပ်ဖြစ်ပေါ်နေပြီး၊ ဆန်များမှာ ဝယ်ယူရန်ပင် မလွယ်ကြောင်း ဒေသခံများက ပြောသည်။
ယခုကဲ့သို့ ရေမနစ်မြုပ်မီက ခန္တီးမြို့တွင် ကြက်သွန်တပိဿာ ၇ ထောင်ကျပ်၊ စက်သုံးဆီတလီတာလျှင် ၇ ထောင်ကျပ်၊ ကွမ်းတပိဿာ ၂ သောင်း ၈ ထောင်ကျပ်၊ စားသုံးဆီ တပိဿာလျှင် ၁ သောင်း ၂ ထောင်ကျပ်နှင့် လုံးသွယ်မွှေး ဆန်တအိတ် လျှင် ၁ သိန်း ၈ သောင်းကျပ် ပေးဝယ်ရကြောင်း ဒေသခံများထံမှ သိရသည်။

ခန္တီးမြို့ ကုန်သည်တဦးက “ကျနော်တို့မှာက ကျောက်စိမ်းထွက်တော့ ဒီကနေ နေပြည်တော်ကို ကျောက်စိမ်းတိုက်ရိုက် ပို့တဲ့ လေယာဉ်တွေ ရှိတယ်။ အဲဒီ လေယာဉ်တွေက နေပြည်တော်ကနေ ဒီကိုပြန်လာရင် အလွတ်လာတာဆိုတော့ ကျနော်တို့ က လိုအပ်တဲ့ ကုန်စည်တွေ မှာပြီး သယ်ကြတာပေါ့။ အခုက လာလို့မရတော့ ဒုက္ခရောက်ကုန်ကြတာပေါ့” ဟု ပြောသည်။
စိုးရိမ်ရေမှတ်ထက် ပြန်လည်ကျဆင်းလာသော်လည်း လေယာဉ်ကွင်းများ အသုံးပြု၍မရသေးသောကြောင့် အဆိုပါ မြို့များ သို့ ကုန်စည်ဝင်ရောက်မှု ရပ်တန့်နေကြောင်း ကုန်သည်များက ပြောသည်။
ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၌ ဇူလိုင် ၂ ရက်မှစတင်၍ စိုးရိမ်ရေမှတ် ၁၃၆၀ စင်တီမီတာထက်ကျော်လွန်ခဲ့ပြီး ဇူလိုင် ၉ ရက်တွင် ၁၆၂၆ စင်တီမီတာအထိ ရောက်ရှိခဲ့သောကြောင့် တမြို့လုံး ရေကြီးရေလျှံမှု ခံစားရကာ လူသေဆုံးမှုများရှိခဲ့ပြီး ယနေ့တွင်မူ စိုးရိမ်ရေမှတ်အောက် ၁၃၁၄ စင်တီမီတာသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ဟုမ္မလင်းမြို့တွင်လည်း တမြို့လုံးနီးပါးရေနစ်မြုပ်ခဲ့ပြီး၊ ယခုချိန်တွင် ရေပြန်လည်ကျဆင်းလာသော်လည်း အခြေခံ စားသောက်ကုန်ဝယ်ယူရန် ခက်ခဲနေပြီး ဆန်ကြမ်း တပြည်လျှင်ပင် ၁ သောင်း ၅ ထောင်ကျပ်ပေးဝယ်နေရကြောင်း သိရ သည်။
ဟုမ္မလင်း လူမှုကူညီရေး လုပ်ဆောင်နေသူတဦးက “ရေကကျတော့ ကျနေပေမယ့် တချို့ရပ်ကွက်တွေကတော့ ပြန်နေလို့ ရတဲ့အထိ မကျသေးဘူး။ လူတွေက စစ်ဘေးကြုံနေရတာကြာလာတဲ့အချိန် ရေဘေးလည်း ထပ်ကြုံတော့ ဒုက္ခတော့ တော် တော် ရောက်တယ်။ အခုကတော့ ဝယ်စရာလည်းရှားတယ်။ ဆန်ချောဆို မရှိသလောက်ပဲ။ ပြောင်းဆန်တောင် တော်တော် ရှာဝယ် ရတယ်။ အများစုကိုတော့ အလှူရှင်တွေက ထောက်ပံ့တဲ့နည်းနဲ့ပဲ ဖြေရှင်းနေကြရတာပေါ့” ဟု ပြောသည်။
ဟုမ္မလင်းမြို့၌လည်း စိုးရိမ်ရေမှတ် ၂၉၀၀ စင်တီမီတာမှ ၃၀၈၇ စင်တီမီတာသို့ ရောက်ရှိခဲ့ပြီး ယနေ့တွင် ၂၉၉၁ စင်တီ မီတာသို့ ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) လက် အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်ခဲ့ပြီးနောက် မိုင် ၃၀ နီးပါးဝေးသည့် ဖောင်းပြင်မြို့တွင်လည်း တိုက်ပွဲ များ ဆက်တိုက်ဖြစ်ပွားနေပြီး၊ ဖောင်းပြင်မြို့အနီး ကုန်းလမ်းနှင့်ရေလမ်းကြောင်း ၂ ခုလုံးကို စစ်ကောင်စီက ကုန်စည် သယ် ယူခွင့်ပိတ်ပင်ခဲ့သလို၊ ရွှေပြည်အေးမြို့ရှိ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များကလည်း ကုန်စည်သယ်ယူခွင့် ပိတ်ထားခြင်းဖြစ် သည်။
ကုန်သည်တဦးက “မုံရွာဘက်က တက်လာရင် ဖောင်းပြင်ကို အရင်ရောက်တယ်။ ပြီးတော့မှ PDF တွေ သိမ်းထားတဲ့ ရွှေပြည်အေးတို့ နတ်နန်းတို့ ပင်ခုတ်တို့ကို ရောက်တာ။ အဲဒီကနေမှ ဟုမ္မလင်းတို့ ခန္တီးတို့ပေါ့။ ဖောင်းပြင်က စစ်တပ်ဂိတ် ကလည်း ငါတို့ပေးသယ်ရင်တောင် ရွှေပြည်အေးရောက်ရင် သယ်လို့ရမှာ မဟုတ်ဘူးဆိုပြီး ပေးမသယ်ဘူး။ ရွှေပြည်အေး က PDF ကလည်း သူတို့ စိုးမိုးနယ်မြေမှအပ ပေးမသယ်ဘူးဆိုတော့ ဒုက္ခရောက်တာပေါ့” ဟု ပြောသည်။
ခန္တီးမြို့ နှင့် ဟုမ္မလင်းမြို့များသည် မုံရွာ၊ မန္တလေးဘက်မှ ကုန်စည်များကို အဓိကထားအသုံးပြုရပြီး ယခုကဲ့သို့ ကုန်းလမ်း၊ ရေလမ်းအပြင် လေကြောင်းလမ်းပါ ပြတ်တောက်နေသောကြောင့် ပြည်သူများအခက်အခဲဖြစ်နေကြောင်း ဒေသခံများက ဆို သ်။
၂၀၁၄ သန်းခေါင်စာရင်းအရ ခန္တီးမြို့တွင် လူဦးရေ ၄ သောင်း ၇ ထောင်ကျော် နေထိုင်ပြီး၊ ဟုမ္မလင်းမြို့တွင် လူဦးရေ ၁ သောင်း ၅ ထောင်နီးပါး နေထိုင်ကြောင်း သိရသည်။
You may also like these stories:
မြစ်ရေကြီးမှု ကြိုတင်သတိပေးချက် ဒေသခံများ မရဟု ဆို
ကချင်၊ စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းတို့ရှိ မြို့နယ် ၁၈ ခု ရေဘေးသင့်