စစ်ကောင်စီသည် ဈေးကွက်ကို ထိန်းချုပ်ရန်အတွက်ဟုဆိုကာ ဆန်၊ ဆီဈေးနှုန်းများကို သတ်မှတ်ခြင်း၊ ကုန်သည်များကို ဖမ်းဆီးခြင်းများ ဆက်တိုက်ပြုလုပ်ခဲ့ရာ ပြီးခဲ့သည့်တပတ်အတွင်း၌ ဝါးတန်းလမ်း ဆန်ကုန်စည်ဒိုင်ရှိ ဆန်နှင့် ဆီလုပ်ငန်းရှင်များ အဖမ်းခံကြရကြောင်း ကုန်သည်များထံက သိရသည်။
မြောက်ဥက္ကလာပမြို့နယ်အတွက် နေ့စဉ် စားသုံးဆီခွဲတမ်းချပေးခဲ့ရာတွင် ဆီပေပါများအား လက်လီအရောင်းဆိုင်များထံသို့ အပြည့်အဝ ပြန်လည် ဖြန့်ဖြူးရောင်းချခြင်း မရှိဟုဆိုကာ စစ်ကောင်စီက ဆန်နှင့် ဆီကုန်သည် အမျိုးသားတဦးနှင့် ဆီလုပ်ငန်းရှင် အမျိုးသမီးတဦးတို့ ဖမ်းဆီခံကြရခြင်းဖြစ်သည်။
ကုန်စည်ဒိုင်ရှိ ဆန်လုပ်ငန်းရှင်တဦးက “ဆန်ဈေးကတော့ မပြောင်းလဲပေမယ့် ကုန်စည်ဒိုင်မှာ လူသိများတဲ့ ဘိုကလေး လိုင်းခေါင်းဆောင်တော့ အဖမ်းခံရတယ်။ ဆန်နဲ့တော့ အဖမ်းခံရတာ မဟုတ်ဘူး။ သူက ဆီကိုယ်စားလှယ်လည်း ယူထားတာ။ တိုင်လို့ ပြီးတဲ့ ပိတ်ရက်လောက်က အဖမ်းခံရတာ” ဟု ဧရာဝတီသို့ ပြောသည်။
ယခု ဖမ်းဆီးခံရသည့်သူတဦးမှာ ဆန်ကုန်သည်လည်းဖြစ်သလို စားသုံးဆီကို စစ်ကောင်စီထံမှ ပေပါ ၃၀ ကျော်မှ ၅၀ နီးပါး အထိ ခွဲတမ်းရရှိသည့် လုပ်ငန်းရှင်တဦးဖြစ်ပြီး လက်ရှိတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ သရဖီထွန်းက တရားလိုပြုလုပ်ပြီး မြောက်ဥက္ကလာပမြို့ နယ် ရဲ စခန်း၌ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၅ ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။
၎င်းတို့မှာ စစ်ကောင်စီ ချပေးသည့် ဆီပေပါ ၁ လလျှင် ၁၉၅ လုံးခန့်အား စားအုန်းဆီ ၁ ပိဿာလျှင် သတ်မှတ်ရည်ညွှန်းဈေး ၅၄၀၀ ကျပ်ထက်ကျော်လွန်၍ ၆၅၀၀ ကျပ်နှုန်းဖြင့် အင်းစိန်မြို့နယ် ကမ်းနားအလယ်ရပ်ကွက်ရှိ ဆီဆိုင်သို့ ရောင်းချခဲ့ခြင်း၊ အခြားသော ဆီကိုယ်စားလှယ်များထံမှ ဆီများအား ၁ ပိဿာလျှင် ၅၈၀၀ ကျပ်ဖြင့် ဝယ်ယူ၍ အမြတ်တင်ပြန်လည် ရောင်း ချခဲ့ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။
စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဥက္ကဋ္ဌအဖြစ် ပါဝင်သည့် စားသုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက စားသုံးဆီ သတ်မှတ်ရည်ညွှန်းဈေးများ အားထုတ် ပြန်ကာ ရန်ကုန်အထိုင် (ဆီလှောင်ကန်) မှ တဆင့် သက်ဆိုင်ရာတိုင်းနှင့်ပြည်နယ်များအလိုက် ဒေသအရောက် ရာခိုင်နှုန်း အမြတ်ပါ ဈေးနှုန်းများထက် မပိုစေဘဲ ရောင်းချရန်သတ်မှတ်ထားခြင်း၊ မြို့နယ်ရရှိသည့် ဆီခွဲတမ်းများကို တရားမဝင် ရောင်းချခြင်း မပြုရန် ထိန်းချုပ်ထားသည်။
ထို ဈေးနှုန်းများထက် ကျော်လွန်ရောင်းချပါက အရေးကြီးကုန်စည်ဥပဒေဖြင့် အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း ကြေညာထားသည်။
ဆန်ဈေးကွက်တွင်လည်း စစ်ကောင်စီသတ်မှတ်ထားသည့်ဈေးဖြင့် ရောင်းချသည့် ဆန်များမှာ ဆန်ကောင်းတချို့နှင့် အရည်အသွေးညံ့သည့် ဆန်တချို့ ရောနှော၍ ရောင်းချနေရကြောင်း ဆန်ကုန်သည်များထံက သိရသည်။
အမည်မဖော်လိုသည့် ဆန်ကုန်သည်တဦးက “ဈေးက သတ်မှတ်ဈေးနဲ့လည်း ရှိတယ်။ အရည်အသွေးကောင်းနဲ့ သူ့ဈေးနဲ့သူ စားချင်တဲ့သူကတော့ တဈေး ရှိတယ်။ ဒါလည်း ရင်းနှီးတဲ့သူ ဝယ်နေကျဖောက်သည်၊ ကိုယ့်ပြန် မတိုင်လောက်ဘူး ထင်တဲ့သူပဲ ရောင်းပေးရတာပေါ့။ မှောင်ခိုဈေးကွက်သဘောပဲ ဖြစ်နေတာပေါ့။ အခုရက်ပိုင်း ဖမ်းတာလည်းရှိတော့ နည်းနည်း ကြောက်လန့်ပြီး သိပ်မလုပ်ရဲကြဘူး” ဟု လက်ရှိအခြေအနေကို ပြောပြသည်။
အထက်ပါ လုပ်ငန်းရှင်နှစ်ဦး ဖမ်းဆီးခံရပြီးနောက်ပိုင်း ရန်ကုန်မြို့၊ မြို့နယ်အချို့ရှိ ဆန်ဆိုင်များကို စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များပါသောအဖွဲ့ ဝင်ရောက်စစ်ဆေးခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီက ဇူလိုင် ၂၉ ရက်မှ ဩဂုတ် ၄ ရက်အထိ စားအုန်းဆီ ၁ ပိဿာလျှင် ၅၄၈၅ ကျပ် သတ်မှတ် ထားပြီး ဆန်ဈေးကွက်တွင်လည်း ပြည်တွင်းဆန်ဈေးကို အနိမ့်ဆုံး ၇၀၀၀၀ ကျပ်မှ အမြင့်ဆုံး ၁၄၅၀၀၀ ကျပ်အထိ သတ်မှတ်ထားသည်။
ထိုသို့ ပြင်ပ စားသုံးဆီ ဈေးကွက်တွင် စားအုန်းဆီတပိဿာလျှင် ၁၃၅၀၀ ကျပ်အထိ ဈေးနှုန်းများမြင့်တက်ပြီး ခွဲတမ်းနှင့် ရောင်းချပေးသည့် ဆိုင်တွင် ဝယ်ယူပါက သုံးစွဲသူ ပြည်သူများမှာ နေ့စဉ်တန်းစီ စောင့်ဆိုင်း ဝယ်ယူနေရသည့် အခြေအနေ ဖြစ်သည်။
ရန်ကုန်မြို့ရှိ အိမ်ရှင်မတဦးက “ဆီတန်းစီ တိုးရင်တော့ သူတို့ရောင်းတဲ့ဈေးနဲ့ ရတယ်။ ဒါပေမယ့် အခုက တော်တော် စီရတယ်။ အဲဒီ ဆီတိုးတဲ့ နေရာတွေမှာဆိုရင် လုပ်စားတဲ့ နေရာတောင်ဖြစ်လို့ နေရာရောင်းစားတာတွေတောင် ရှိတယ်။ အရည်အသွေးလည်း တချို့ရတဲ့ ဆီတွေက ညံ့တာပါတယ်။ အပြင်ဈေးကတော့ ကောင်းကောင်းရပေမယ့် ဈေးတော့ များတယ်” ဟု ပြောပြသည်။
ပြီးခဲ့သည့် လအတွင်းကလည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင် အပါအဝင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း ရှိ ဆန်စက်ပိုင်ရှင်များကို ခေါ်ယူစစ်ဆေးခြင်းများပြုလုပ်ခဲ့သလို စားအုန်းဆီတင်သွင်းရာတွင် မသမာမှုပြုလုပ်ခဲသည်ဟုဆို ကာ ဦးဇော်ဝင်းရှိန်၏ ဧရာဟင်္သာထရေးဒင်း ကုမ္ပဏီအပါအဝင် SIX WINNER BROTHERS ကုမ္ပဏီ၊ DIAMOND DRAGON ကုမ္ပဏီ၊ FIRST TOP EDIBLE OIL ကုမ္ပဏီ၊ THEIN THAN YADANAR ကုမ္ပဏီ၊ JEWEL ARROW ကုမ္ပဏီ၊ AGRI ONE TRADING ကုမ္ပဏီနှင့် GRAND UNITY ကုမ္ပဏီ ၈ ခုကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက အမည်ပျက်စာရင်း သွင်းခဲ့သည်။
You may also like these stories:
အမေရိကန်ဒေါ်လာနှင့် ရွှေဈေး ပိုမြင့်လာ
ဆန်ဈေးတင်၍ City Mart၊ Aeon Orange နှင့် လုပ်ငန်းရှင်များကို ဖမ်း
ဆန်ဈေးတက်၍ ဆန်ကုန်သည်များအား စစ်ကောင်စီ ခေါ်စစ်နေ