လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုသာမက မြန်မာကျပ်ငွေတန်ဖိုး အဆမတန်ကျဆင်းခြင်းကြောင့် ပြည်တွင်းသို့ တင်သွင်းသော ထိုင်းကုန်ပစ္စည်းများ ယခင်ထက် ဈေးနှုန်း ပိုမိုမြင့်တက်လာနေသည်။
စားသောက်ကုန်ပစ္စည်းများဆိုလျှင် မေလအတွင်းက ထိုင်းထုတ် မျက်လုံးခေါက်ဆွဲ တထုပ် ၅၀၀ ဝန်းကျင်မှ ယခု ၁၅၀၀ကျပ်၊ ရယ်ဒီမိတ် ကော်ဖီ အမျိုးအစား အလိုက် ၈ ထောင်ဝန်းကျင်မှ လက်ရှိ ၁၅၀၀၀ ကျပ်၊ ခနောကြက်သားမှုန့် ၄၀၀ ဂရမ်တထုပ်လျှင် ၈၂၀၀ ကျပ်မှ ၁၆၀၀၀ ကျပ်၊ Lactasoy တံဆိပ် ပဲနို့ ၃၀၀ မီလီတာ တဗူး ၁၇၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိ ဈေးနှုန်းများ မြင့်တက်လာကြောင်း သိရသည်။
ရန်ကုန်မြို့တွင် ထိုင်းနိုင်ငံထုတ် ခနောကြက်သားမှုန့်၊ ဆန်ပြုတ် အစရှိသည့် ကုန်ပစ္စည်းတချို့ ဝယ်မရသည့် အခြေအနေရှိ သလို အခြားစားသောက်ကုန် ထိုင်းနိုင်ငံထုတ်ပစ္စည်းများမှာလည်း ဈေးနှုန်းများ အဆမတန် မြင့်တက်နေကြောင်း မြို့ခံများ ကဆိုသည်။
ရန်ကုန်မြို့တွင် နေထိုင်သူ အိမ်ရှင်မတဦးက “ပုဇွန်နှစ်ကောင်ဆီဆိုရင် ၅ လီတာဗူးက ရှေ့လကတောင် ၃ သောင်း လောက်ကနေ အခု ၅ သောင်းကျော်တယ်။ သကြားလုံးဆိုရင် အရင်က တထုပ် ၃၅၀၀ ကျပ်၊ အခု ၅ ထောင် ကျော်တယ်။ ခနော ကြက်သားမှုန့်ဆိုရင် ဝယ်မရတော့တာ ကြာပြီ။ ဆန်ပြုတ်ထုတ်လည်း မရှိဘူး။ တခြားယိုးဒယား ကြက်သားမှုန့် ဝယ်သုံးရတယ်။ အထုတ်ကြီးက ၁ သောင်းကျော်တယ်။ အရင်က အဲဒါတွေက ဈေး ဘယ်လောက်မှ မရှိဘူး။ ဈေးကအဆမတန် တက်တက်လာတော့ ဝယ်တောင် မစားနိုင်တော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် ထိုင်းကုန်ပစ္စည်းဈေးနှုန်းများ အဆမတန် မြင့်တက်လာသောကြောင့် ရပ်ကွက်အတွင်းရှိ အိမ်ဆိုင်များပင် ကုန်ပစ္စည်း တင်မရောင်းနိုင်သည်အထိ ဖြစ်လာကြောင်း ၎င်းက ပြောသည်။
သာကေတမြို့နယ် နေထိုင်သူတဦးက “အရင်က ထိုင်းကသွင်းတဲ့ ဘီစကတ်ထုတ်တွေဆို ၁၇၀၀ လောက်ကနေ အခုဆို ၅ ထောင်ကျော်ထိ ပေးဝယ်နေရတယ်။ ကလေးတွေ စားနေကျမုန့်တွေဆို ရှားပါးကုန်တယ်။ တချို့မုန့်တွေဆို ဝယ်လို့တောင် မရတော့ဘူး” ဟု ပြောသည်။
ယနေ့တွင် ထိုင်းဘတ်ငွေလဲလှယ်နှုန်းမှာ ၁ဘတ်လျှင် မြန်မာငွေ ကျပ် ၁၆၀ ရှိပြီး အမေရိကန်ဒေါ်လာမှာ ယနေ့ နေ့လည်ပိုင်းတွင် ၁ဒေါ်လာ ၆၀၅၀ ကျပ်အထိဖြစ်လာသည်။
လက်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေး၏ အဓိကလမ်းကြောင်းဖြစ်သည့် အာရှလမ်းမကြီး ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေး သဖြင့် ကုန်ပစ္စည်းများကို ဒေါနတောင်လမ်းကြောင်းနှင့် ဘုရားသုံးဆူမှတဆင့် မော်လမြိုင်-ရန်ကုန် လမ်းကြောင်းတို့မှ သယ်ယူသလို ရနောင်း၊ ထီးခီး-မောတောင်လမ်းကြောင်းမှလည်း တင်သွင်းကြောင်း ကုန်သည်များက ဆိုသည်။
သို့သော် ထိုလမ်းများသည်လည်း မိုးတွင်းကာလ လမ်းပိုင်းပျက်စီးမှုများ၊ တိုက်ပွဲများရှိနေခြင်းအပြင် သယ်ယူပို့ဆောင်ရေး ကုန်ကျ စရိတ်များ ယခင်ထက် မြင့်တက်ခြင်း တချို့ ကုန်ပစ္စည်းများမှာ ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်လာကြောင်း သိရသည်။
ထိုင်း- မြန်မာနယ်စပ်ကုန်သည်တဦးက “လက်ရှိက ဒေါနတောင်ကြောလမ်းက လမ်းဟောင်းတခုပဲရှိတာ။ အာရှလမ်း ကျတော့ သူတို့ အချင်းချင်း ညှိနှိုင်းလို့မရတဲ့သဘောတွေ ရှိတယ်။ ဒီတော့ လမ်းဟောင်းကပဲ သွားနေရတာပေါ့။ ပြောမယ်ဆို ရင် ခွင့်ပြုထားတဲ့ လိုင်စင်ပါမစ်က နည်းနည်းလေးပဲရှိတော့ တရားဝင်လမ်းကြောင်းပေါ်မှာတော့ နည်းနည်းလေးပဲ သွားလို့ ရတဲ့ သဘောဖြစ်တယ်” ဟု ပြောသည်။
စစ်ကောင်စီက ပို့ကုန်တင်ပို့မှုမှ ရရှိသည့် ငွေပမာဏနှင့် သွင်းကုန်တင်သွင်းရမည်ဟု သတ်မှတ်ထားသလို လက်ရှိ ငွေကြေး မူဝါဒများ၊ လမ်းပန်းဆက်သွယ်ရေးကြောင့် ပို့ကုန်မှာလည်း မြဝတီနယ်စပ်မှ တင်ပို့မှုကျဆင်းနေ ကြောင်း ၎င်းက ရှင်းပြသည်။
ဆက်လက်၍ ၎င်းက “လမ်းဟောင်းမှာလည်း လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အာဘော်ပဲ၊ သူတို့က သွားဆိုသွား၊ ဆင်းဆို ဆင်း ပေါ့။ ဒီပုံစံနဲ့ သွားတော့ ကားတွေက တအားများတဲ့အပြင် ဒီလမ်း ယာဉ်လမ်းကြောင်းနဲ့ ပတ်သက်ပြီးတော့ စီမံခန့်ခွဲ မှုမလုပ်နိုင်ဘူး၊ သူတို့ နားလည်သလောက်လုပ်တော့ ကုန်ကားတွေက ရောက်သင့်သလောက် မရောက်ဘူး။ ဆင်းမယ့် ကားက လည်း မဆင်းနိုင်တော့ အောက်ပိုင်းမှာ ကုန်ကားဝင်ရောက်တာ နည်းပြီး ကုန်ပစ္စည်းဈေးတွေ တက်တယ်” ဟု ပြောသည်။
ထို့ကြောင့် ယခင် ထို့ကော်ကိုးလမ်းကသွားပါက မြဝတီ- ရန်ကုန် ၆ ဘီးကား တစီးလျှင် ကျပ် ၄၅ သိန်းမှ ကျပ်သိန်း ၅၀ အထိသာ ရှိသော်လည်း ယခု လမ်းဟောင်း (ဒေါနတောင်လမ်း) မှ ၁၂ ဘီးကားတစီးလျှင် ကျပ်သိန်း ၂၅၀၊ ၆ ဘီးကား တစီး လျှင် ကျပ်သိန်း ၁၅၀ အထိရှိလာကြောင်း ကုန်သည်များထံက သိရသည်။
ထိုင်းပစ္စည်းတင်သွင်းသည့် ကုန်သည်နောက်တဦးက “အရင်က ကုန်ပစ္စည်း ၁ တန်ကို ကျပ် ၈ သိန်း၊ ၉ သိန်းဆိုရင် ရန်ကုန် အထိ ရောက်တဲ့ဈေးဖြစ်တယ်။ အခုဟာက အဲဒီဈေးက မြဝတီကနေ သာမညအထိပဲ ရောက်တော့တယ်။ အဲဒီတော့ ဈေး တွေတအားမြောက်ပြီးလာတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မြဝတီလမ်းကြောင်းတွင် လက်ရှိအခြေအနေအရ တရားဝင်လမ်းကြောင်းထက် တရားမဝင်လမ်းကြောင်းကသာ ပိုများနေ ပြီး လက်ရှိတွင် ဘုရားသုံးဆူ၊ ထီးခီး-မောတောင်၊ ကော့သောင်း-ရနောင်း ယင်းလမ်းကြောင်းများမှပတ်၍ တင်သွင်းနေ ရသည့် အခြေအနေဖြစ်ကြောင်း ကုန်သည်များထံက သိရသည်။
ယခင်က မြဝတီ- ရန်ကုန် ကုန်သွယ်ရေးလမ်းကြောင်းမှာ ၂ ရက်ခန့်သာ ကြာမြင့်သော်လည်း လက်ရှိအချိန်တွင် ၁ လ နီးပါး ခန့် ကြာမြင့်သည့် အခြေအနေလည်း ဖြစ်သည်။
အထက်ပါ ကုန်သည်က “ကျနော့်ကားတွေဆိုရင် ပြီးခဲ့တဲ့ ၆ လပိုင်း ၂၉ ရက်ထဲက တောင်ပေါ်မှာ ရောက်နေတာ ၇ လပိုင်း ၂၅ ရက်မှ မြဝတီ ပြန်ရောက်တယ်။ အဲဒီတော့ တအားကြာတယ်။ ဒါကြောင့် ဈေးတက်တာ ရှိတယ်။ နောက်တခုကတော့ စီးပွား ရေးသမားတွေက ကြိုတင် တွက်ချက်တတ်တယ်။ ဒါကြောင့်လည်း သူတို့ ပစ္စည်းကို တွက်ချက်ပြီး ထုတ်မရောင်းတာ မှေး ရောင်းတာမျိုးတွေ ရှိတယ်။ ဒါကြောင့်လည်း ဈေးတက်တာပါတယ်” ဟု ပြောဆိုသည်။
You may also like these stories:
ရခိုင်မြောက်ပိုင်း ရေလွှမ်းမိုးမှု လယ်ဧက ၅ ထောင်ခန့် ပျက်စီး
မြန်မာဘက်သို့ လောင်စာဆီ ပို့ခွင့်မရ၍ လောင်တလိုင်လုပ်ငန်းရှင်တို့ ကန့်ကွက်