တရုတ်-မြန်မာနယ်စပ် မြေရှားသတ္တုမိုင်းများရှိရာ ဒေသကို ကချင် တိုင်းရင်းသားလက်နက်ကိုင်များက သိမ်းပိုက်ပြီးနောက် တရုတ်နိုင်ငံပိုင် မြေရှားသတ္တုလုပ်ငန်း China Northern Rare Earth (Group) High-Tech က ဈေးနှုန်းများ တက်လိုက်ကြောင်း ကြေညာသောကြောင့် ထိုကဏ္ဍအတွက် ရှယ်ယာဈေးနှုန်းများ တက်လာသည်။
၂၀၂၁ စစ်အာဏာသိမ်းအပြီး ၃ နှစ်ကျော်ကြာ လက်နက်ကိုင် ပဋိပက္ခအတွင်း ကချင်လွတ်မြောက်ရေးတပ် KIA သည် မြန်မာမှ သတ္တုတူဖေါ်ရေး အချက်အခြာဒေသ တခုကို သိမ်းပိုက်လိုက်သည်။ KIA အနေဖြင့် စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်ထိန်းချုပ်ရာ ကချင်အထူးဒေသ-၁ အတွင်း ထိုးစစ်ဆင်ခဲ့ရာ ဆဒုံးမြို့၊ ချီဖွေမြို့၊ ဆော့လော်မြို့နှင့် ပန်ဝါ မြို့တို့အား သိမ်းပိုက်နိုင်ခဲ့သည်။
ကချင်အထူးဒေသ ၁ အတွင်းက ချီဖွေနှင့် ပန်ဝါဒေသတို့သည် KIA နှင့် နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်များအတွက် ကြီးမားသော ဝင်ငွေရလမ်းကြောင်းဖြစ်သော မြေရှားသတ္တုတူးဖော်မှုလုပ်ငန်းအများအပြားရှိရာ ဒေသဖြစ်ပြီး လန်ဒန် အခြေစိုက် လေ့လာစောင့်ကြည့်ရေးအဖွဲ့ဖြစ်သော Global Witness အဖွဲ့ ယခုနှစ် မေလအစီအရင်ခံစာအရ ၂၀၂၃ ခုနှစ် အတွင်း မြေရှားသတ္တုတင်ပို့ရောင်းချမှု တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံအထိရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။
မြန်မာမှ သတ္တုတူးဖေါ်ရေးလုပ်ငန်းများ အကြီးအကျယ် ဆိုင်းငံ့ထားကြောင်း တရုတ်သတင်းဌာနများကလည်းဖေါ်ပြသည်။ တရုတ်သည် ပြည်တွင်းတွင် ပြန်လည်သန့်စင်ရန် ယခုနှစ် ပထမ ၉ လအတွင်း မြန်မာမှ မြေရှားသတ္တုအောက်ဆိုက်ဒ် ၃၁၀၀၀ တန်တင်သွင်းသည်ဟု အကောက်ခွန်အချက်အလက်များအရ သိရသည်။
ယူရိုပီယံနှင့် စကန်ဒီယ ကဲ့သို့ အမည်ရှိ မြေရှားသတ္တုဒြပ်စင်များကို သာမန်စမတ်ဖုန်းများမှသည် ရေဒါစနစ်ကဲ့သို့ အဆင့်မြင့်ကာကွယ်ရေးကိရိယာများအထိ အီလက်ထရွန်းနစ်ကိရိယာ အမျိုးမျိုး ထုတ်လုပ်ရာတွင် သုံးသည်။
ထိုလုပ်ငန်းသည် ဆယ်စုနှစ်များစွာကြာအောင် ဖွံ့ဖြိုးလာပြီးနောက် အများပြည်သူ ဝေဖန်မှုများကြောင့် တရုတ်တွင် မြေရှားသတ္တုမိုင်းများ ပိတ်လိုက်သောအခါ ထိုသတ္တုရိုင်းဈေးများ တက်လာသည်။ ထောင်ပေါင်းများစွာသော ထိုမြေရှားသတ္တုတူးဖော်ရေးသမားများသည် ကမ္ဘာ့အကြွယ်ဝဆုံး သိပ်သည်းဆများသည့် မြေရှားသတ္တုသိုက်များ တည်ရှိသည်ဟု ကျော်ကြားသည့် မြန်မာနယ်စပ်သို့ ချီတက်ကြသည်။
Global Witness အဖွဲ့ ပြုလုပ်သည့် စုံစမ်းစစ်ဆေးမှုတခုအရ ထိုသတ္တုများအတွက် ပေးဆပ်ရသည့် တန်ဖိုးများမှာ သဘာဝ ပတ်ဝန်းကျင် ပျက်စီးခြင်း၊ ရွာသားများ၏ မြေများ လုယက်ခံရခြင်းနှင့် ရက်စက်ကြမ်းကြုတ်သော မြန်မာစစ်တပ်နှင့် ပတ်သက်နေသည့် ခါးပိုက်ဆောင်တပ်တခုကို ငွေကြေးထောက်ပံ့ခြင်းတို့ ဖြစ်သည်။
တရုတ်သည် မြေရှားသတ္တုဒြပ်စင် သတ္တုအောက်ဆိုက်ဒ် ၁၇ မျိုးနှင့် တန်ချိန် ၄၄ သန်းရှိပြီး ကမ္ဘာထိပ်တန်းထုတ်လုပ်သူဖြစ်သည်။
သြဂုတ်လတွင် တရုတ် စက်မှုနှင့်သတင်းနည်းပညာဝန်ကြီးဌာနနှင့် သဘာဝသယံဇာတ ဝန်ကြီးဌာနတို့က ယခုနှစ်မြေရှားသတ္တုထုတ်လုပ်မှု ဒုတိယအသုတ်အတွက် အမြင့်ဆုံးတူးဖေါ်ထုတ်လုပ်မှု အကန့်အသတ်ကို ၁၃၅၀၀၀ တန်နှင့် သန့်စင်မှုကို ၁၂၇၀၀၀ တန်သတ်မှတ်သည်။
တရုတ်အာဏာပိုင်များသည် မြေရှားသတ္တုထုတ်လုပ်သည့် နည်ပညာများကို မြေရှားသတ္တုသံလိုက်ပြုလုပ်သည့် နည်းပညာနှင့်အတူ ပြည်ပတင်ပို့ခွင့် ပိတ်ပင်ထားသည်။
မြေရှားသတ္တုကဏ္ဍသည် အမျိုးသားလုံခြုံရေးနှင့် တန်းတူဖြစ်သည်ဟု တရုတ်ပြောသည်။
အင်္ဂါနေ့ အမေရိကန် သမ္မတရွေးကောက်ပွဲအပြီး အမေရိကန်နှင့် ကုန်သွယ်ရေးတင်းမာမှုများနှင့်ပတ်သက်သည့် မရေရာမှုများကလည်း တရုတ်ကို ဈေးနှုန်းမြှင့်တင်စေသည့် အကြောင်းတရပ်ဖြစ်သည်။
အမေရိကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်က ယခုအပတ် ရွေးကောက်ပွဲနိုင်ပါက တရုတ်မှ ထုတ်ကုန်များကို အခွန် ၆၀ ရာခိုင်နှုန်းမြှင့်တင်မည်ဟု ခြိမ်းခြောက်နေသည်။ သူ၏ပြိုင်ဘက် ကင်မလာ ဟဲရစ်သည် တရုတ်နှင့် ပတ်သက်သည့်အခွန်ကို ၂၀၁၈ ခုနှစ်နောက်ပိုင်း မြှင့်တင်မှုများနောက်ပိုင်း လက်ရှိအဆင့်များတွင် ထိန်းထားမည်ဟု မျှော်လင့်ရသည်။
သြစတြေးလျ၊ လာအိုနှင့် ဗီယက်နမ်ကဲ့သို့သော နိုင်ငံများသည် တစိတ်တပိုင်းအားဖြင့် တရုတ်အပေါ် မှီခိုမှုကို ရှောင်ရှားရန် ၎င်းတို့၏ မြေရှားသတ္တု ရင်းမြစ်များကို ရှာဖွေနေသည်။
“လူတွေက ကမ္ဘာပတ်ပြီး မြေရှားသတ္တုဒြပ်စင်တွေ ရှာနေကြတယ်” ဟု သြစတြေးလျနိုင်ငံ တက်စ်မေးနီးယား တက္ကသိုလ်မှ အာရှလေ့လာရေး ပါမောက္ခ ဂျိမ်းစ်ချင် ပြောသည်။
ကိုးကား။ ။ South China Morning Post သတင်း Rare earths in spotlight amid US-China tensions, Myanmar turmoil
You may also like these stories:
မြန်မာ့မြေရှားသတ္တု တူးဖော်မှုက အနာဂတ်ကိုဖျက်ပြီး ပစ္စုပ္ပန်ကိုလည်း အဆိပ်ခတ်နေ
မြေရှားသတ္တုတူးနေကြသော တရုတ်-မြန်မာ နယ်စပ်က “စတေးခံဇုန်များ”
မြေရှားသတ္တုတူးဖော်ခြင်းက ဘဝပျက်ကိန်းကြုံနေရ
မံစီမြို့နယ်ထဲက မြေရှားသတ္တုတူးဖော်မှုများ KIO ပိတ်သိမ်းတော့မလား
ဦးဇခုန်တိန့်ယိန်း ပန်ဝါ နေအိမ် KIA ချိပ်ပိတ်