IT

3 D ရုပ်ထွက်နဲ့ ရိုက်ကူးနိုင်တဲ့ Hydrogen One ဖုန်းသစ်

အဆင့်မြင့် ကင်မရာကုမ္ပဏီ RED ကနေ မကြာခင် ရက်ပိုင်းကပဲ သူ့ရဲ့ ပထမဆုံး စမတ်ဖုန်း Hydrogen One ကို မိတ်ဆက်ခဲ့တာ တွေ့ရပြီး အထူးသဖြင့် မော်ဒယ်က 3D နဲ့ ပတ်သတ်တဲ့ ရုပ်ထွက်နဲ့ ရိုက်ကူးမှု တွေကို လုပ်ဆောင် နိုင်အောင် ကင်မရာ ဦးစားပေး ပုံစံနဲ့ ဖန်တီးထားတာ တွေ့ရတာကြောင့် စိတ်ဝင်စားစရာပါ။

မိတ်ဆက်ပွဲမှာ ဖုန်းမော်ဒယ်ကို ကြိုတင် မှာယူသူတွေ အနေနဲ့ ဈေးနှုန်း ဒေါ်လာ ၁၁၉၅ နဲ့ မှာယူနိုင်မယ် လို့လည်း ထည့်သွင်း ပြောကြားသွားခဲ့တာ တွေ့ရပါတယ်။ ကောင်းပါပြီ၊ Hydrogen One က ဘယ်လို ဖုန်းမျိုးပါလဲ။

ကိုယ်ထည်သားက သတ္တုသားနဲ့ Kevlar ကို ရောစပ် ဖန်တီးထားတယ်၊ ကင်မရာ နှစ်လုံး ထိုင်ထားပြီး အရွယ်အစားက သိသာ လောက်အောင်ကြီးမားတယ်၊ ထောင့်လေးထောင့်မှာ နတ်တွေနဲ့ စုပ်ထားတယ်၊ အနီရောင် ပတ္တမြားပုံစံ တံဆိပ်ကို ထည့်သွင်းထားတယ်၊ အခြား ချိတ်ဆက် အပေါက်တွေ ကတော့ ဖုန်းရဲ့ အောက်ဘက်မှာပါ။

ဖုန်းရဲ့ မျက်နှာပြင်က လက်ထဲမှာ အနေတော် အရွယ်လောက်ပါပဲ။ ဖုန်းရဲ့ ဘေးခြမ်းမှာ ပါဝါ ခလုတ်ပါတယ်၊ သူက တချက်နှိပ်ရင် ပါဝါပွင့်မယ်၊ နှစ်ချက် ထိရင် လက်ဗွေဖတ်စနစ် သုံးနိုင်မယ်၊ ပြီးတော့ ရုပ်သံ ရိုက်ကူးမှုတွေ သုံးနိုင်မယ့် ခလုတ်ပါမယ်။

အဆိုပါ ပါဝါခလုတ်ရဲ့ အခြားတဖက်မှာတော့ အသံ အတိုး၊ အလျော့ ခလုတ်ပါပါလိမ့်မယ်။ ဖုန်းရဲ့ အောက်ဘက်ဆုံး မှာတော့ အားသွင်းရ မြန်ဆန်တဲ့ USB Type-C ပေါက်ကို ထည့်ထားတယ်၊ သူနဲ့ အတူ ၃ ဒသမ ၅ မီလီ အရွယ် နားကြပ်ပေါက်လည်း ပါပါတယ်။

ဖုန်းရဲ့ ရှေ့ဘက် မျက်နှာစာကတော့ သဘောကျစရာပါ၊ ပြသမျက်နှာပြင် အရွယ်က ၅ ဒသမ ၇ လက်မပါ။ ဒါပေမယ့် Samsung Galaxy S8 လိုတော့ ပါးလွှာမှာ မဟုတ်ပါဘူး။ ဖုန်းရဲ့ ထောင့်ချိုးတွေက ကြီးမား လုံးဝန်းတယ်၊ ဖုန်းရဲ့ မျက်နှာစာ အကျယ်က iPhone 7 နဲ့ OnePlus 5 တွေလို ကျယ်ဝန်းတယ်၊ နည်းနည်းတော့ ပိုထူမှာပေါ့ နော်။

Hydrogen One နဲ့ ပတ်သတ်ပြီး ရုပ်ထွက်စနစ်က Holographic စနစ်နဲ့ ပြသပေးနိုင်မယ် လို့ ဆိုပါတယ်။ ဒီစနစ်က ရုပ်ထွက်ပိုင်း ကြည်လင် ပြတ်သားမှု အားကောင်းပါတယ်။ ဒါပေမယ့် ကင်မရာနဲ့ ချိတ်ဆက် ရိုက်ကူးမှုမှာတော့ လိုအပ်ချက် တချို့ ရှိနေသေးတယ် လို့ ပြောရမှာပါ။ ပြီးတော့ RED အနေနဲ့ ဘယ်လို ရုပ်သံ နည်းပညာ စနစ်တွေကို သုံးနိုင်အောင် ထည့်သွင်းထားမယ် ဆိုတာ သေချာ မပြောသေးတာလည်း တွေ့ရပါတယ်။

ကင်မရာပိုင်း စမ်းသပ်မှုမှာတော့ Lens အပို တပ်ဆင်တဲ့ DSLR ကင်မရာတွေက လွဲရင် အခြား အသေးစား ကင်မရာတွေရဲ့ ရုပ်ထွက်တွေကို ယှဉ်နိုင်လောက်အောင် ကောင်းမွန်တာ တွေ့ရပါတယ်။ ကင်မရာ ကြီးကြီး မကိုင်သည့် တိုင်အောင် ရုပ်ထွက် ပြတ်သားမှု အားကောင်းတဲ့ ပုံရိပ်တွေကို ရိုက်ကူးနိုင်ဖို့ သုံးနိုင်လောက်အောင် အဆင်ပြေနိုင်ဖို့ ရှိပါတယ်။

မော်ဒယ်က OS စနစ်မှာ Android စနစ်ကို သုံးထားမယ်၊ လက်ဗွေဖတ် စနစ်နဲ့ သုံးနိုင်မယ်၊ ရှေ့ဘက် နောက်ဘက် ကင်မရာ စနစ်ပါရှိမယ်၊ နောက်ဘက် ကင်မရာက Lens နှစ်လုံးထိုင်ထားမယ်၊ ကင်မရာနည်းပညာကို နောက်ပိုင်းမှာ အဆင့်မြှင့်နိုင်အောင် ဖန်တီးထည့်သွင်းထားမယ်၊ အားသွင်းမှု ကိုတော့ ကြိုးနဲ့ပဲ သွားမယ်၊ Memory ချဲ့နိုင်ဖို့ ကတ်စိုက် သုံးနိုင်မယ်၊ Touch စနစ်ကို သုံးနိုင်မယ်၊ မော်ဒယ်ခွဲ နှစ်ခု လာနိုင်ပြီး Titanium နဲ့ Aluminum ဆိုပြီး ကိုယ်ထည် ဖန်တီးမှု အပေါ်မှာ ကွဲပြားမှု ရှိနိုင်မှာလည်း ဖြစ်ပါတယ်။

ဈေးကွက်မှာ Hydrogen One မော်ဒယ် တခုတည်းနဲ့ အောင်မြင်နိုင်လောက်အောင် ဖြစ်မလာနိုင်ပေမယ့် ကင်မရာပိုင်း ဦးစားပေး လိုချင်သူတွေ အတွက်ကတော့ အချိန်တခုထိ နှစ်သက် အောင်မြင်နေစေမယ့် မော်ဒယ် တခုပါ။ ဈေးကွက် အတွင်းကိုတော့ ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းမှာ ရောက်လာမှာ ဖြစ်ပြီး အခုတော့ ကြိုတင်မှာယူမှုတွေကို လက်ခံနေပြီလည်း ဖြစ်ပါတယ်။

Ref: www.businessinsider.com

Loading