ဒီနေ့ခေတ် စမတ်ဖုန်းတွေကတော့ ကင်မရာမှာ မကောင်းရင် ဈေးကွက်မှာ အောင်မြင်ဖို့ သိပ်မလွယ်ပါဘူး။ ဒီလို ဝယ်သူ့ အကြိုက်သိတဲ့ Samsung က မော်ဒယ်သစ်ကို ဘယ်လို ဖန်တီးထားပါသလဲ။ အဓိက ဈေးကွက်ထဲက ပြိုင်ဖက်တွေ ဖြစ်မယ့် Moto G5 Plus, Xiaomi Mi Max 2 နဲ့ Oppo F3 တွေကတော့ ဓာတ်ပုံပိုင်း ကောင်းကြပါတယ်။
မော်ဒယ်သစ်က လူကြိုက်များ အဆင့်မြင့် ဖုန်းတွေ ထုတ်လုပ်နိုင်နေမှုနဲ့ အတူ ဒီဇိုင်းပိုင်း ဆွဲဆောင်မှု အားကောင်းကောင်း နဲ့ ထွက်လာပါတယ်။ ဈေးနှုန်းနဲ့ ပြန်တွက်ကြည့်ရင် လူအများအမြင်မှာ အဆင့်မြင့် ဖုန်းတလုံးလို့ ထင်ရလောက်အောင် ဆွဲဆောင်မှု ကောင်းပါတယ်။
ဖုန်းရဲ့ ပြသမျက်နှာပြင် အရွယ်က ၅ ဒသမ ၇ လက်မ ဖြစ်ပါတယ်။ အရွယ် နည်းနည်းကြီးနေလို့ လူကြိုက်နည်း မလား စိုးမိပေမယ့် ဖုန်းက ၅ ဒသမ ၅ လက်မ ဖုန်းတွေရဲ့ အရွယ်နဲ့ သိပ်မကွာလှသလို iPhone 7 Plus လို ၅ ဒသမ ၅ လက်မ ဖုန်းအရွယ် ထိအောင် နည်းနည်း သေးချင်နေပါသေးတယ်။ ဒါက ပြသမျက်နှာပြင် အရွယ် ကြီးမားအောင် ဖန်တီးထား ပေမယ့် ဘေးအနားသတ်ကို နေရာနည်းနည်းပဲ ယူထားလို့ ဖြစ်ပါတယ်။
ရှေ့ဘက်ပိုင်းမှာ ငွေရောင် အနားသတ်တွေနဲ့ လက်ဗွေဖတ်စနစ် ခလုတ်ကိုလည်း တွဲဖက် ထည့်သွင်းထားပါတယ်။ ခလုတ်အထိုင်လေးတွေက နေရာချထားမှု ကောင်းပါတယ်၊ လက်တဖက်တည်းနဲ့ အကောင်းဆုံး ကိုင်တွယ် အသုံးပြုနိုင်မယ့် ပုံစံပါ။ Sim ကတ်ပေါက်နဲ့ SD ကတ်ပေါက်ကို တွဲဖက် ထည့်သွင်းထားပါတယ်။
နားကြပ်ပေါက် ပါတယ်၊ micro-USB ပေါက်လည်း ပုံမှန်အတိုင်း ပါပဲ။ ဖုန်းက အထူ ၈ ဒသမ ၁ မီလီမီတာပဲ ထူပါတယ်။ ဒါပေမယ့် အခြား ဖုန်းတွေထက် ပိုမို ပါးလွှာတယ် လို့ လက်ထဲမှာ ခံစားမိပါတယ်။ ၅ ဒသမ ၅ လက်မ အရွယ် ဖုန်းတွေ ထက်တော့ နည်းနည်း ပိုလေးပြီး အလေးချိန် ၁၇၉ ဂရမ်ထိ ရှိပါတယ်။ နောက်ဘက် ဖုန်းအထိုင်သားကို သတ္တုသားနဲ့ ဖန်တီးထားပြီး ကိုုင်တွယ်ရတာ နည်းနည်း ချောချင်နေပါတယ်။ အသုံးပြုသူ အနေနဲ့ Cover ထည့်သုံးဖို့ အကြံပေးချင် ပါတယ်။
ဖုန်းက Full HD ရုပ်ထွက်ထိအောင် ပြသ ပေးနိုင်မယ့် ပြသမျက်နှာပြင်စနစ်ကို ထည့်သွင်းထားတာပါ။ Processor က octa-core Media Tek Helio P25 ဖြစ်ပါတယ်။ RAM 4GB ပါရှိပြီး Internal Memory က 32GB ထိပဲ ပါရှိပါတယ်။ ကတ်စိုက်သုံးမယ် ဆိုရင်တော့ 256GB ထိအောင် ထပ်ထည့်နိုင်မှာ ပါ။ ကင်မရာပိုင်းလည်း ကောင်းမွန်အောင် အားထည့် ထားတာ တွေ့ရပြီး နောက်ဘက် ကင်မရာရော ရှေ့ဘက် ကင်မရာကိုပါ စွမ်းအားတူ 13 MP တွေ အဖြစ် ထည့်သွင်း ဖန်တီးထားပါတယ်။
အလင်းအားနည်းတဲ့ အနေအထားမှာပါ ပုံရိပ်ကောင်းကောင်း ရိုက်နိုင်အောင် ဖန်တီးထားတာ တွေ့ရပါတယ်။ ကျန် ကင်မရာပိုင်း စွမ်းဆောင်ရည်ကတော့ ပုံမှန် အနေအထားလောက်ပါပဲ။ 4G စနစ်ထိအောင် ချိတ်ဆက် သုံးနိုင်မယ်။ Wi-Fi ရမယ်၊ Bluetooth ရမယ်။ ဘက်ထရီက ဖြုတ်လို့တော့ ရမှာ မဟုတ်ပဲ 3300mAh အားထိန်း ဘက်ထရီကို ထည့်ထားတယ်။ Android v7.0 ကို သုံးနိုင်မယ်။ Galaxy J7 Pro နဲ့ Galaxy J7 Max မော်ဒယ်တွေနဲ့ ဖန်တီးပုံချင်း ဆင်ပါတယ်။ အခု မော်ဒယ်မှာ ထူးခြားချက် အနေနဲ့ Nougat စနစ်ရဲ့ အားသာချက်တွေ ဖြစ်တဲ့ Setting အသစ်ပုံစံ သုံးနိုင်မယ်၊ Multitasking ကို သီးခြား မျက်နှာပြင် ပုံစံနဲ့ သုံးနိုင်လာမယ်၊ Noti တွေကို တစုတစည်းတည်း ဖော်ပြလာမှုတွေ ရှိနိုင်လာပါတယ်။
ဘက်ထရီပိုင်းကတော့ ပျမ်းမျှ ၁၆ နာရီလောက် ထိအောင် ရပြီး သုံးပျော်ပါတယ်။ ဒါတောင် အစမ်းသုံးချိန်မှာ လူမှု ကွန်ရက် အသုံးတွေ ဖွင့်သုံးထားလို့ ဖြစ်ပြီး အဆိုပါ App တွေ အမြဲ မသုံးရင် အခုထက် ပိုပြီး ဘက်ထရီ ကြာကြာ သုံးနိုင်ပါ လိမ့်မယ်။ HD ရုပ်သံတွေကို ဆက်တိုက်ကြည့်ရှုရာမှာတော့ ၁၀ နာရီနဲ့ ၇ မိနစ်ထိအောင် အားခံတာ တွေ့ရပါတယ်။ အခု မော်ဒယ်မှာ Fast Charge လို အားအမြန်သွင်းစနစ်တော့ မပါရှိပါဘူး။ အားအပြည့်သွင်းဖို့တော့ မိနစ် ၉၀လောက် ယူပါတယ်။ နည်းနည်း ကြာချင်ပါတယ်။
Gadgets 360 ကတော့ အခု မော်ဒယ်ကို ၁၀ မှတ် အတွက် ဒီဇိုင်းပိုင်းမှာ ၈ မှတ်၊ ပြသမျက်နှာပြင်စနစ် အတွက် ၈ မှတ်၊ Software ပိုင်း အတွက် ၈ မှတ်၊ စွမ်းဆောင်ရည်ပိုင်း အတွက် ၇ မှတ်၊ ဘက်ထရီပိုင်းမှာ ၇ မှတ်၊ ကင်မရာပိုင်းမှာ ၈ မှတ်၊ တန်ဖိုုးနဲ့ အရည်အသွေး ဟန်ချက်ညီမှု အတွက် ၉ မှတ်ပေးထားပြီး၊ ဈေးနှုန်းက အိန္ဒိယ ရူပီး ၁၆၉၀၀ (အမေရိကန် ဒေါ်လာ ၂၆၃ ဒသမ ၄၇) ဖြစ်ပါတယ်။
Gadgets က သဘောကျတဲ့ အချက်တွေက ကင်မရာပိုင်းမှာ မျက်နှာဖတ် စနစ်တွေကို သဘောကျတယ်၊ ကင်မရာပိုင်း စွမ်းဆောင်ရည် ကောင်းမွန်တယ်၊ Sim ကတ်ပေါက်ရော SD ကတ်ပါ ထည့်သွင်းနိုင်တာ ကောင်းမွန်တယ်၊ Software ပိုင်း အဆင့်မြှင့်ထားမှုတွေကို သဘောကျပြီး ဖုန်းရဲ့ နောက်ဘက် ကိုယ်ထည်သား ချောချင်နေတာ၊ Noti အတွက် LED စနစ် မပါရှိတာတွေ၊ ဘက်ထရီသက်တမ်း ပုံမှန် လောက်ပဲ ရှိတာတွေကိုတော့ သိပ်သဘော မကျမိဘူး လို့ ဆိုပါတယ်။ ။
Ref: www.m.gadgets.ndtv.com