IT

Motorola ရဲ့ အဆင့်မြင့် ဖုန်း Moto Z2 Force

Want create site? Find Free WordPress Themes and plugins.

Samsung Galaxy Note 8 နဲ့ Google Pixel 2 တွေ iPhone အသစ်တွေ ထွက်ခါနီးမှာ ဈေးကွက်ထဲ ရောက်လာတာက Moto Z2 Force စမတ်ဖုန်းပါ။ ဒီလို အချိန်မှာ အချိန်ကိုက်သဘော ထွက်လာကလည်း နည်းနည်း ထူးဆန်းတယ်လို့ ဆိုနိုင်ပါတယ်။ Motorola ကုမ္ပဏီ ကတော့ ယုံကြည်မှု အပြည့်ရှိလို့ အခုလို Moto Z2 Force မော်ဒယ်သစ်တွေ ဈေးမြင့် ဖုန်း အဖြစ် ဈေးကွက်တင်လိုက်တာ ဖြစ်ပုံရပါတယ်။

အရင်နှစ်က ထွက်ခဲ့တဲ့ Z နဲ့ Z Force မော်ဒယ်တွေကို အဆင့်မြှင့်ပြီး Z2 လို့ နောက်ဆက်တွဲ အဖြစ် ထုတ်လုပ်လာတာပါ။ အထူးသဖြင့် နောက်ဘက် ကင်မရာ စနစ်မှာ 12 MP ကင်မရာ နှစ်လုံးကို အပြိုင်ထိုင်လာပါတယ်။ iPhone 7 Plus, LG G6 နဲ့ OnePlus 5 တွေရဲ့ ကင်မရာတွေကို အကောင်းဆုံး ယှဉ်ပြိုင်ရမယ့် အနေအထားပါ။

Cnet ကနေ အရင်ထွက်ခဲ့တဲ့ Moto Z2 Force အပေါ် ဖုန်းတခုလုံး အတွက် ကြယ် ၅ ပွင့်မှာ ၄ ပွင့် ပေးထား တယ်၊ ၁၀ မှတ်အတွက် ၈ မှတ် ပေးထားပါတယ်။ ဒီဇိုင်းပိုင်းမှာ ၇ မှတ်၊ အသုံးပြုနိုင်မှု ၈ မှတ်နဲ့ စွမ်းဆောင်ရည်ကို ၉ မှတ်ထိပေးထား ပါတယ်။ ကင်မရာပိုင်းကတော့ ၈ မှတ်နဲ့ ဘက်ထရီပိုင်း အထူးအားကောင်းပြီး ၉ မှတ် ရရှိထားတာ တွေ့ရပါတယ်။

အားသာချက်က အလွန်ကို ပါးလွှာပြီး ခေတ်မီတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ Processor စနစ် ကောင်းမွန်ပြီး အသုံးပြုရ အထူး မြန် ဆန်တယ်၊ ဘက်ထရီ သက်တမ်းလည်း အချိန်ကြာကြာ သုံးနိုင်တာ တွေ့ရပါတယ်။ ကိုယ်ထည်က အကြမ်းခံနိုင်မှု မြင့်မား ပြီး မတော်တဆ လွတ်ကျရင်တောင် ပုံစံ မပျက် ဆက်လက် သုံးနိုင်တာ တွေ့ရပါတယ်။ ကင်မရာ နှစ်လုံးထိုင် စနစ် ဖြစ်ပြီး ကင်မရာပိုင်း နည်းပညာမှာ အရင် မတွေ့ခဲ့ရဖူးတဲ့ နည်းပညာသစ်တွေ သုံးနိုင်လာပါတယ်။

အားနည်းချက်ကတော့ ဈေးနှုန်း မြင့်မားလွန်းနေတာမို့ လူကြိုက်နည်းသွားစေနိုင်ပါတယ်။ တွဲဖက် အသုံးပြုနိုင်မယ့် ပစ္စည်း ပိုင်း အားနည်းသလို ရှိပြီး ရေရှည်မှာ စိတ်ကြိုက် ဖြစ်ပါ့မလား စဉ်းစားစရာပါ။ ဥပမာ နားကြပ်ပေါက် မပါတာမျိုး ဖြစ်ပါတယ်။

ကင်မရာ ၂ လုံးထိုင် စနစ်မှာ ကင်မရာ တခုက အဖြူနဲ့ အနက် အရောင် ဖမ်းယူမှုကိုပဲ တာဝန်ယူ ဆောင်ရွက်မှာ ဖြစ်ပြီး အောက်ခံ အဖြူ၊ အနက် အရောင်ကို ပိုမို တိကျသေချာစေသလို အဖြူ၊ အမည်း ပုံတွေကို ရိုက်ကူးရင်လည်း အကောင်းဆုံး ပုံတွေ ရနိုင်လာမှာ ဖြစ်ပါတယ်။

အဝေးပုံရိပ် ဖမ်းယူမှု အတွက် ကင်မရာက တော်တော်လေး ကောင်းမွန်တာ တွေ့ရသလို Autofocus အနေအထားနဲ့ အလင်းနည်း ပုံရိပ်ဖမ်းယူမှုမှာတော့ နည်းနည်း လိုအပ်ချက် တချို့ ရှိနေပါတယ်။ ဒါပေမယ့် Auto နဲ့ မဟုတ်ဘဲ စိတ်ကြိုက် ချိန်ဆ ရိုက်ကူးမယ် ဆိုရင်တော့ အကောင်းဆုံး တန်းဝင် ကင်မရာ အနေအထားလောက်ထိ ကောင်းမွန်ပါတယ်။

ဖုန်းက iPhone 7 လောက် ပါးလွှာပါတယ်။ ကိုင်တွယ် အသုံးပြုရမှုလည်း စိတ်ကြိုက် ဖြစ်တယ်။ Processor ပိုင်းမှာ Qualcomm Snapdragon 835 ကို ထိုင်ထားတယ်၊ မြန်ဆန်မှု အပိုင်းမှာ Geekbench ကနေ ရမှတ် ၄ မှတ်ပေးထားတယ်။

Ice Strom Unlimited ကလည်း HTC U11နဲ့ OnePlus 5 တွေနဲ့ အတူတူ သဘောကျတယ် လို့ မှတ်ချက်ပေးသလို ဒီမှတ် ချက်တွေက Samsung Galaxy S8 ထက်တောင် အသာရနေသေးတာပါ။ ရှေ့ထွက် Z2 Play မော်ဒယ်ထက်လည်း မြန်ဆန်ပါတယ်။

မျက်နှာပြင်က Quad HD ရုပ်ထွက် ပြသပေးနိုင်မယ့် LED စနစ်နဲ့ ဖြစ်ပါတယ်။ ဘက်ထရီကလည်း ၁၆ နာရီနဲ့ ၄၂ မိနစ်ထိ အသုံးခံပြီး ရှေ့ထွက် Z2 Play ထက် ၁၈ မိနစ် ပိုမို အသုံးခံတာ ဖြစ်ပါတယ်။ Galaxy S8 ကို အပြိုင်စမ်းချိန်မှာ ၁၆ နာရီပဲ အသုံးခံလို့ S8 ထက် ဘက်ထရီပိုင်း ပိုကောင်းတာ တွေ့ရပါတယ်။ ဈေးကွက်ပြိုင်ဘက်တွေ အနေနဲ့ Samsung Galaxy S8 ရှိမယ်၊ LG G6 နဲ့ OnePlus 5 တွေ ရှိနေမှာပါ။

အနီးဆုံး ပြိုင်ဘက် S8 ထက် မျက်နှာပြင် အနည်းငယ် ပိုသေးပြီး ၅ ဒသမ ၅ လက်မပဲ ရှိတယ်။ S8 က အထူး သုည ဒသမ ၃၁ လက်မ ရှိပေမယ့် အခု မော်ဒယ်က သုည ဒသမ၂၄ လက်မပဲ ထူမယ်၊ S8 ထက်ပေါ့ပါးပြီး အလေးချိန်က ၁၄၃ ဂရမ်ပဲ လေးမယ်၊ Android v7.1.1 ကို သုံးနိုင်မယ်။

S8 မှာ ကင်မရာက ၁ လုံးတည်း ဖြစ်ပေမယ့် Moto Z2 Force ကတော့ 12 MP နှစ်လုံး ထိုင် ပုံစံပါ။ ရှေ့ကင်မရာ ကတော့ S8 ထက် အားနည်းပြီး 5MP ပဲ ရှိပါတယ်။ ဘက်ထရီမှာ 2730 mAh အားထိန်း ဘက်ထရီပဲ ထည့်ထားတာ ဖြစ်ပေမယ့် သက်တမ်း အရှည်ဆုံး သုံးနိုင်မယ့် မော်ဒယ် တခု ဖြစ်လာတာပါ။

Moto Z2 Force ရဲ့ ဈေးနှုန်းက ဒေါ်လာ ၇၃၀ ကနေ ၈၁၀ အတွင်း ဖြစ်ပါတယ်။ နိုင်ငံနဲ့ ဈေးကွက်အပေါ် မူတည်ပြီး ဈေးနှုန်း ကွာခြားချက် ရှိနိုင်ပါတယ်။ အဓိက ပြိုင်ဘက်တွေ ဖြစ်တဲ့ S8 က ၆၇၅ ဒေါ်လာ ကနေ ၇၅၀ အတွင်းမှာ ရှိမယ်။ LG G6 က ဒေါ်လာ ၆၅၀ ကနေ ၇၂၀ အတွင်း ရှိပြီး HTC U11 က ၆၄၉ ဒေါ်လာ ဈေးရှိနေပါတယ်။

Ref: www.cnet.com

Did you find apk for android? You can find new Free Android Games and apps.
Loading