ဒီနှစ် ဈေးကွက်ထဲကို မကြာခင်မှာ ရောက်ရှိလာမယ့် Nokia 8 ၊ OnePlus 5 ၊ Samsung Galaxy S8 စတဲ့ တန်ဖိုးမြင့် ဖုန်းတွေကို ဝယ်ယူတဲ့ အခါ ဘယ်လိုရွေးချယ် သင့်တယ် ဆိုတာ နှိုင်းယှဉ် စဉ်းစားကြဖို့ တင်ပြပေးမှာပါ။ ဖန်တီးထုတ်လုပ် ထားတဲ့ အမျိုး အစားတွေထဲမှာ ဘယ်ဟာက ပိုကောင်းမယ် ဆိုတာ စိတ်ဝင်စားစရာတွေကို တွေ့ရပါလိမ့်မယ်။
ဒီမော်ဒယ်တွေထဲမှာ OnePlus ကတော့ မျက်နှာသစ်၊ Nokia က ဈေးကွက် အောင်မြင်ဖို့ ပြန်လည် ကြိုးစားနေဆဲ ဖြစ်ပြီး Smasung ကတော့ လူကြိုက် အများဆုံး အမှတ်တံဆိပ် အဖြစ် ရပ်တည်နေနိုင်တာပါ။
Nokia 8 ကတော့ ဈေးနှုန်း ယူရို ၅၉၉ လို့ သိရပြီး အထက်၊ အောက် ကပ်လျက် ကင်မရာနှစ်လုံး ထည့်ထားတဲ့ ထူးခြား ချက်နဲ့ နိုင်ငံတကာ ဈေးကွက်ထဲကို စက်တင်ဘာလနဲ့ အိန္ဒိယလို ဈေးကွက်ထဲကို အောက်တိုဘာမှာ ရောက်လာဖို့ ရှိတယ် လို့ သိရပါတယ်။
ဈေးနှုန်းနှိင်းယှဉ်ချက်
အိန္ဒိယ ဈေးကွက်မှာက OnePlus 5 ကို ရူပီး ၃၃၀၀၀ (မြန်မာကျပ်ငွေ ၇သိန်း) လောက်နဲ့ ရောင်းချမယ်လို့ ခန့်မှန်းထားပြီး Nokia 8 ကတော့ ဈေးနှုန်း ကျပ် ၉ သိန်းခွဲ လောက် ရှိမှာပါ။ Samsung Galaxy S8 က ကျပ် ၁၂ သိန်းကျော် ရှိနေလို့ ဈေး အမြင့်ဆုံးပါ။
OnePlus ရဲ့ Internal Memory မှာ 128 GB ပါရှိမယ့် မော်ဒယ်ခွဲကိုတောင် ဈေးနှုန်း ကျပ် ၈ သိန်းဝန်းကျင်နဲ့ ရောင်းချမယ် ဆိုတော့ OnePlus ရဲ့ အမြင့်ဆုံး မော်ဒယ်က တခြား ပြိုင်ဘက် မော်ဒယ် ၂ ခုထက် ဈေးချို နေပါသေးတယ်။ အမေရိကန် ဈေးကွက်မှာတော့ S8 ကို ဒေါ်လာ ၇၂၀ လောက်နဲ့ ရနိုင်လို့ ကျပ်ငွေ ၁၀ သိန်းလောက် ကျပါတယ်။
OnePlus ကတော့ လက်ရှိ အမေရိကန်မှာ 6GB RAM နဲ့ Memory 64GB ကို ဈေးနှုန်း ၄၇၉ ဒေါ်လာ (ကျပ် ၆သိန်းခွဲ) ခန့် ကျပြီး ဥရောပ ဈေးကွက်မှာ အဆိုပါ မော်ဒယ်ကို ကျပ် ၇ သိန်းခွဲကျပါတယ်။ 8GB RAM နဲ့ Memory 128 GB မော်ဒယ် ဆိုရင်တော့ အမေရိကန်မှာ ကျပ် ၇ သိန်း ကျော်ပါတယ်။ ဥရောပမှာတော့ ယူရို ၅၅၉ ဖြစ်လို့ ကျပ် ဂ သိန်းကျော်နဲ့ ရောင်း ချနေတာ ပါ။
ဒါဟာ OnePlus ရဲ့ မော်ဒယ်က S8 ထက် ဈေးနှုန်းချိုနေတယ် ဆိုတာ ပေါ်လွင်နေပါတယ်။ Nokia 8 ကတော့ ဈေးကွက် ထဲ ရောက် မလာသေးလို့ OnePlus ထက် ဈေးမြင့်နိုင်ပေမယ့် S8 ထက် ဈေးချိုမယ် လို့ ခန့်မှန်း ထားရတာပါ။
ဒီဇိုင်းပိုင်း
OnePlus 5 ရော Nokia 8 ပါ ကင်မရာ ၂ လုံးထိုင် စနစ် ပါပေမယ့် S8 မှာတော့ ကင်မရာ တလုံးပဲ ပါတယ်။ S8 ရဲ့ လက်ဗွေဖတ်စနစ်က နောက်မျက်နှာပြင်မှာ ထည့်ထားပြီး ကျန်မော်ဒယ် နှစ်ခုကတော့ ပုံမှန်လိုပဲ Home ခလုတ်နဲ့ အတူ ရှေ့ မျက်နှာပြင်မှာပဲ ထည့်ထားပါတယ်။
S8 ရဲ့အားသာချက်က မျက်နှာပြင် ဖြစ်ပြီး ပြင်ပရုပ်ထွက် အတိုင်း တထပ်တည်း နီးပါး ပြသပေး နိုင်တာလည်း တွေ့ရပါ တယ်။ ကျန်နှစ်ခုကတော့ မျက်နှာပြင် အပြည့် ပြသပေးနိုင်ခြင်း မဟုတ်ဘဲ အထက်အောက် ဘောင်တွေ ပါရှိဦးမှာ ပါ။ ဖုန်း အထူ ပိုင်းမှာတော့ OnePlus ရဲ့ မော်ဒယ်က အကောင်းဆုံး ဖြစ်ပြီး ၇ ဒသမ၂၅ မီလီမီတာပဲ ထူပါတယ်။ S8 ကတော့ ဂ မီလီ ထူပါတယ်။
ဖန်တီးမှု
Nokia 8 က မျက်နှာပြင် အသေးဆုံး ဖြစ်ပြီး ၅ ဒသမ ၃ လက်မပဲ ရှိပါတယ်။ ဒါပေမယ့် OnePlus 5 ထက် ရုပ်ထွက် ပိုကောင်းပါတယ်။ မော်ဒယ် ၃ ခုလုံးက နောက်ဆုံးထုတ် Snapdragon အထိုင်တွေကို သုံးထားပါတယ်။ ဒါပေမယ့် Samsung ကတော့ ဈေးကွက် အပေါ် မူတည်ပြီး အိန္ဒိယလို ဈေးကွက်တွေ အတွက် ဆိုရင် Snapdragon နဲ့ မလာဘဲ Exynos 8895 လို အထိုင်ကို သုံးတာ တွေ့ရပါတယ်။
Nokia နဲ့ Samsung ရဲ့ မော်ဒယ်တွေက RAM 4 GB စီပဲ ပါပေမယ့် OnePlus ရဲ့ မော်ဒယ်ကတော့ RAM ပိုင်း ပိုအား ကောင်းပြီး 6GB နဲ့ 8GB နှစ်မျိုးတောင် ရွေးချယ်နိုင်ပါတယ်။ မော်ဒယ် ၃ခုလုံးရဲ့ Internal Memory က 64GB တွေချည်းပဲ ဖြစ်ပေမယ့် OnePlus ကတော့ 128 GB နဲ့ လိုချင်ရင် ရနိုင်ပါတယ်။ Samsung နဲ့ Nokia တွေရဲ့ မော်ဒယ်တွေ က နောက် ထပ် SD ကတ် စိုက်သုံးနိုင်ပေမယ့် OnePlus ကတော့ Apple လို ကတ်စိုက်လို့ မရအောင် လုပ်ထားပါတယ်။
OnePlus 5 က ဖုန်းနဲ့ ရိုက်ကူးနိုင်မှုမှာ အကောင်းဆုံး ပုံထွက်ကို ပေးစွမ်းနိုင်တာ တွေ့ရပါတယ်။ Nokia ရဲ့ ကင်မရာက တော့ စမ်းသပ်ချက်တွေ အရ RGB ဆိုတဲ့ အနီ၊ အစိမ်း၊ အပြာ အရောင်ထွက် ပိုကောင်းပါတယ်။Nokia ရဲ့ မော်ဒယ်မှာ Bothies ဆိုတဲ့ နည်းပညာပါရှိပြီး သူက ရှေ့ ကင်မရာ စနစ်ရော နောက် ကင်မရာစနစ်ပါ တပြိုင်နက် ရိုက်ကူးနိုင်ပါတယ်။
ဘက်ထရီပိုင်းမှာတော့ OnePlus ရဲ့ ဘက်ထရီက 3300 mAh အားထိန်းနိုင်ပြီး အကြီးဆုံး ဘက်ထရီ ထည့်ထားတာပါ။ Nokiaရဲ့ မော်ဒယ်က 3090 mAh အားထိန်းနိုင်ပြီး S8 ကတော့ 3000 mAh ဖြစ်ပါတယ်။
Software
မော်ဒယ် ၃ ခုလုံးက Android စနစ်ကို ထည့်ထားပြီး v7.1.1 Nougat ကို သုံးနိုင်မှာပါ။ ဒီထဲမှာ OnePlus ကတော့ နောက် ထပ် Android တွေ ဘယ်လောက် Version တင်တင် လိုက်ပြီး အဆင့်မြှင့် သုံးနိုင်စေရမယ်လို့ အာမခံထားလို့ သဘော ကျစရာ ကောင်းပေမယ့် အဆင်ပြေ၊ မပြေကိုတော့ နောက်မှ သိရမှာပါ။
Nokia ကတော့ Android ဈေးကွက်မှာ အောင်မြင်မှုပြန်ရဖို့ ကြိုးစားလာတာ ဖြစ်ပြီး လုံခြုံရေး စနစ် ပိုကောင်းအောင် ဖန်တီး အဆင့်မြှင့်ထားတာ တွေ့ရပါတယ်။ Samsung ရဲ့ မော်ဒယ်ကတော့ နောက်ထွက် Version တွေ အတွက် အာမ မခံထားပေမယ့် သူ့ရဲ့ အစဉ်အလာအရ လာမယ့် နောက် ၂ နှစ်လောက်ထိ အဆင့်မီနေမယ့် အကောင်းဆုံး ဖုန်း ဖြစ်နေပါ လိမ့်မယ်။
အချက်အလက်တွေ အရ ဆိုရင် မော်ဒယ် ၃ ခုလုံးက အားရစရာပါ။ ဒါပေမယ့် S8 ကတော့ ဈေးနှုန်း မြင့်လွန်းနေပါတယ်။ ဈေးနှုန်း ချိုသာမှုနဲ့ အနေအထားအရတော့ OnePlus က မော်ဒယ် ၃ ခုထဲမှာ သဘောကျစရာ အကောင်းဆုံးပါ။ ဒါပေမယ့် အဆင့်မြှင့်ထားမှု အရ ဆိုရင် Nokia မော်ဒယ်ကို စောင့်ကြည့်ရပါမယ်။ အခုထက် ဈေးချိုမယ် ဆိုရင်တော့ ရွေးချယ်ဖို့ အကောင်းဆုံး မော်ဒယ် ဖြစ်လာနိုင်ပါတယ်။
Ref: www.gadgets.ndtv.com