လွန်ခဲ့တဲ့ ၁၀ နှစ်၊ ၂၀၀၇ ခုနှစ် ဇန်နဝါရီ ၉ ရက်မှာ Apple ရဲ့ ပဲ့ကိုင်ရှင် Steve Jobs ဟာ iPhone ကို မိတ်ဆက်ခဲ့ပါတယ်။
iPhone မထွက်ခင် အချိန်ထိအောင် စမတ်ဖုန်းဆိုတာ တော်တော်လေး ရုပ်ဆိုး အကျည်းတန်ပါတယ်၊ တဝက်က Keyboard၊ တဝက်က မျက်နှာပြင် စနစ်နဲ့ ပေါ့။
ပြီးတော့ အင်တာနက် အသုံးပြုမှုရဲ့ အခြေခံ အကျဆုံး Website တွေက ဖုန်းတိုင်းမှာ သုံးမရပါဘူး။ ဒီတော့ ဖုန်းကုမ္ပဏီ တွေဟာ Website တိုင်း သူတို့ ထုတ်လုပ်တဲ့ ဖုန်းတွေမှာ သုံးနိုင်အောင် ဖန်တီးနိုင်မှု အားနည်းခဲ့ကြပါတယ်။
အဲဒီလို ဒီဇိုင်းတွေ၊ အသုံးမတည့်မှုတွေကို iPhone က ပြောင်းလဲ ပစ်လိုက်ပါတယ်။
ဒါပေမယ့် Apple အနေနဲ့လည်း အခုလို iPhone မှာ အားလုံး သုံးနိုင်အောင် iPhone ကို မိတ်ဆက်ပြီး ၁ နှစ်တာကာလ လောက်ထိအောင် အချိန်ပေးဖန်တီးမှုတွေ လုပ်ဆောင်ခဲ့ရပါသေးတယ်။ ဒါပေမယ့် မူလ မိတ်ဆက်လာတဲ့ iPhone ကတော့ စမတ်ဖုန်းတွေ အားလုံးရဲ့ ရှေ့ပြေး၊ အခြေခံအုတ်မြစ် ဖြစ်လာခဲ့ပါတယ်။
iPhone ကို မိတ်ဆက်လာချိန်မှာ ဈေးကွက်အတွင်း ရှိနေတဲ့ အခြား ပြိုင်ဘက် ဖုန်းတွေက Samsung ရဲ့ Black Jack မော်ဒယ်ရယ်၊ Black Berry ရဲ့ 8800 မော်ဒယ်နဲ့ Treo ရဲ့ 700p တွေ ဖြစ်ပါတယ်။
iPhone က ဈေးကွက်ထဲကို ဒေါ်လာ ၅၀၀ နဲ့ ၆၀၀ အတွင်းရောင်းတယ်၊ BlackJack ကဒေါ်လာ ၂၀၀၊ 8800 က ဒေါ်လာ ၃၀၀ နဲ့ 700P တွေကလည်း ဒေါ်လာ ၃၀၀ ဈေး ရှိနေတာပါ။
ပထမဆုံး ရောင်းချခဲ့တဲ့ iPhone က အလေးချိန် ၄ ဒသမ ၈ အောင်စ လေးတယ်၊ အမြင့် ၄ ဒသမ ၅ လက်မ၊ မျက်နှာစာ အကျယ် ၂ ဒသမ ၄ လက်မ၊ အထူ သုည ဒသမ ၄၆ လက်မ ရှိပါတယ်။ ဖုန်းသုံးချိန် ၈ နာရီ ရမယ်၊ Stand by ထားမယ် ဆိုရင် နာရီ ၂၅၀ ခံတယ်၊ အင်တာနက် သုံးမယ် ဆိုရင် ၆ နာရီ သုံးနိုင်တယ်၊ ရုပ်သံတွေ ကြည့်မယ် ဆိုရင် ၇ နာရီနဲ့ သီချင်းတွေ နားထောင်မယ် ဆိုရင် ၂၄ နာရီ လောက်ထိအောင် သုံးနိုင်ခဲ့ပါတယ်။
အဆိုပါ iPhone မှာ 2G စနစ်ကိုပဲ သုံးနိုင်ခဲ့ပါတယ်။ ဒီနေ့ခေတ် 3G, 4Gတွေ သုံးနေရချိန် အတွက်တော့ အလွန်တရာ နှေး ခဲ့တဲ့ စနစ်ပါ။ မြန်နှုန်းမြင့် အင်တာနက်လိုင်းတွေ ချိတ်ဆက်သုံးနိုင်နေတဲ့ ခေတ်ဖြစ်လို့ ဖုန်းနဲ့ အင်တာနက် အသုံးပြုနိုင်မှု တော့ အားနည်းခဲ့ပါတယ်။
နောက်ပြီး ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းထဲမှာလည်း AT&T လို ကုမ္ပဏီ တခုတည်း ရှိလို့၊ ပြီးတော့ AT&T ကိုယ်တိုင် ကလည်း အဆိုပါ အချိန်မှာ ဖုန်းလိုင်း ပြတ်တောက်မှု ပြဿနာတွေ ရင်ဆိုင်နေရတော့ ပထမဆုံး iPhone ဟာ ဒီလောက်ကြီး အဆင်ပြေတဲ့ မော်ဒယ်တော့ မဟုတ်ခဲ့ပါဘူုး။
iPhone ကို မိတ်ဆက်ချိန်မှာ App Store လည်း မရှိသေးပါဘူး။ ဆိုလိုတာကတော့ ခေတ်စားလာတဲ့ ဂိမ်းတွေ ဖြစ်တဲ့ Angry Bird ကနေ Pokemon Go ဂိမ်းတွေ မရှိသေးဘူး၊ Instagram လို လူမှုကွန်ရက် စနစ်တွေလည်း မသုံးနိုင် သေးဘူးပေါ့။
ဖုန်းရဲ့ မျက်နှာပြင်နောက်ဘက်က အနက်ရောင်ပဲ လာတယ်၊ ရွေးချယ်လို့လည်း မရဘူး။ မိမိစိတ်ကြိုက် နောက်ခံ ပြောင်းလဲ ထားလို့လည်း မရသေးပါဘူး။ ပြီးတော့ ကွန်ပျူတာတွေမှာ အသုံးများတဲ့ စနစ်တခု ဖြစ်တဲ့ စာတွေကို Copy/ Paste ဆိုတဲ့ ကူး၊ ထည့်စနစ်ကိုလည်း iPhone မှာ သုံးနိုင်ဖို့ ကုမ္ပဏီက ၃ နှစ်လောက် အချိန်ယူပြီး လုပ်ဆောင်ခဲ့ရပါ တယ်။
နောက်ပြီး ပထမဆုံး iPhone တွေက ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီးမှ Set Up လုပ်နိုင်ခဲ့ပါတယ်။ နောက် ၅ နှစ် အကြာမှာမှ Apple က ကွန်ပျူတာနဲ့ ချိတ်စရာ မလိုအောင် အဆင့်မြှင့်လိုက်တာပါ။ နောက်ပြီး ပထမဆုံး iPhone မှာ Keyboard ကို ဖုန်း အနေအထား အပေါ် မူတည်ပြီး လိုက်လံ ပြောင်းလဲတဲ့ Rotate စနစ် မပါရှိပါဘူး။
သင့် အနေနဲ့ အဆိုပါ iPhoneနဲ့ ပုံတွေ ပို့ချင်ပါသလား။ မဖြစ်နိုင်ပါဘူး။ အခုတော့ iMessage လို အဆင့်မြင့်စနစ် ရဖို့ ကုမ္ပဏီက အချိန်တော်တော် ပေးပြီး ကြိုးစား ဖန်တီးထားတာလည်း တွေ့ရပါတယ်။
Google Map လို မြေပုံစနစ်ကို သုံးနိုင်မှုလည်း မရှိသေးပါဘူး။ အခြား App ဖန်တီးသူတွေကလည်း iPhone တွေမှာ သုံး နိုင်မယ့် မြေပုံပြစနစ်ကို နှစ်တော်တော်ကြာတဲ့ ထိအောင် ဖန်တီးမှု မရှိခဲ့ကြပါဘူး။
နောက်ဘက် ကင်မရာကလည်း တော်တော်လေး အားနည်းပါတယ်။ အခုခေတ် ဖုန်းတွေလို ပုံကောင်းကောင်း၊ ရုပ်ထွက် ကြည်ကြည်တွေ ရနိုင်လိမ့်မယ် လို့ မထင်ပါနဲ့။ ဗီဒီယို ရိုက်ကူးနိုင်မှုလည်း မရှိပါဘူး။
အခုခေတ် iPhone တွေလို Note Center စနစ်လည်း မပါဘူး၊ အသံမှတ်စနစ် Siri လည်း မပါဘူး။ Control Center လည်း မရှိဘူး။ ဒီစနစ်တွေက နောက်ပိုင်းမှာမှ ထပ်ဖြည့်ထားတာပါ။ ဒါပေမယ့် ၂၀၀၇ မှာကတည်းက အဆိုပါ စနစ်တွေကို သုံးနိုင် အောင် ဖန်တီးဖို့ Apple က အားထည့် နေခဲ့ပြီ ဖြစ်ပါတယ်။ 4GB မော်ဒယ်ကို ဒေါ်လာ ၄၉၉ နဲ့ ရောင်းခဲ့တယ်။
အခုခေတ်လို အရစ်ကျတွေ အခြားမော်ဒယ်ခွဲတွေ ရွေးချယ်နိုင်စရာလည်း မရှိပြန်ပါဘူး။ ဒါက ဆယ်နှစ်သား iPhone ရဲ့သိ ကောင်းစရာတချို့ပါ။ အခုတော့ သူ့ကို မေ့နေကြပါပြီ၊ ခေတ်သစ် အကောင်းဆုံး iPhone တွေ ဈေးကွက်မှာ ရှိနေပြီလေ။
Ref: www.businessinsider.com