ထိုင်းရောက်မြန်မာအလုပ်သမားတွေကို အကူအညီပေးမယ့် Mobile App
ထိုင်းနိုင်ငံသို့ရောက်ရှိနေသည့် မြန်မာအလုပ်သမားများအား အကူအညီပေးနိုင်ရေးအတွက် သတင်းအချက် အလက်များစွာပါဝင်တဲ့ မိုဘိုင်းအပလီကေးရှင်းတခုကို ပညာရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေရှင်း(FED) က ယနေ့မိတ်ဆက်ပေးလိုက်ပါတယ်။
အဆိုပါ အပလီကေးရှင်းမှာ ထိုင်းနိုင်ငံရဲ့အလုပ်သမားဥပဒေများ၊ သတင်းထုတ်ပြန်ချက်များ၊ အလုပ်သမားများရဲ့ရပိုင်ခွင့် ပြဋ္ဌာန်းချက်များ၊ ရွှေ့ပြောင်းအလုပ်သမားများအား အကူအညီပေးနေတဲ့ အဖွဲ့အစည်းများနဲ့ ဆက်သွယ်နိုင်မယ့် အချက်အလက်များစတဲ့ ရွေ့ပြောင်းအလုပ်သမားများအတွက် ပညာပေးအစီအစဉ်များကို ကြည့်ရှုနိုင်မှာဖြစ်ကြောင်း FED အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။
ဦးထူးချစ်က “ရွှေ့ပြောင်းအလုပ်သမားအများစုမှာ အလုပ်သမားရေးရာတွေနဲ့ပတ်သက်လို့ ဗဟုသုတအားနည်းတာ တွေ့ရတယ်၊ အလုပ်သမားတွေအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေ၊ လူကုန်ကူးခံရတာတွေကို လျော့နည်းအောင် ဒီ App လေးကို ပြုလုပ်ခဲ့တာပါ”လို့ ဆိုပါတယ်။
FED အဖွဲ့ဟာ ထိုင်းနိုင်ငံအခြေစိုက်ဖြစ်ကာ မြန်မာရွှေ့ပြောင်းအလုပ်သမားများနဲ့ ပတ်သက်သည့် အရေးကိစ္စများကို ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတခုဖြစ်ပြီး ယခုလို မိုဘိုင်းအပလီကေးရှင်းကိုလည်း ထိုင်းနိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း(ILO) ရဲ့ ပံ့ပိုးမှုဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ မိုဘိုင်းအပလီကေးရှင်းကို Android ဖုန်းများဖြင့် အသုံးပြုနိုင်မည်ဖြစ်ပြီး Google Play Store တွင် FED Myanmar Mobile Application အမည်ဖြင့် အလွယ်တကူဒေါင်းလုဒ်ရယူနိုင်မှာ ဖြစ်ပါတယ်။
အပလီကေးရှင်းဒေါင်းရန် — https://play.google.com/store/apps/details?id=is.fed.myanmar