Vivo စမတ်ဖုန်း ကုမ္ပဏီက သူတို့ရဲ့ နောက်ဆုံးပေါ် စမတ်ဖုန်း Vivo V7+ စမတ်ဖုန်းကို မြန်မာပြည်ဈေးကွက်မှာ စတင် မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း စက်တင်ဘာလ ၂၅ ရက်နေ့က ရန်ကုန်မြို့ Novotel Yangon Max ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အသစ် မိတ်ဆက်လိုက် Vivo 7+ စမတ်ဖုန်းဟာ Full View မျက်နှာပြင်နဲ့ ဖြစ်ပြီး၊ ကင်မရာ အရည်အသွေး 24 Mega Pixel နဲ့ LED Flash ပါဝင်တဲ့ အရှေ့ဘက် Selife ကင်မရာတို့ ပါဝင်တာကြောင့် Selfie ဓာတ်ပုံ ရိုက်ရတာ ကြိုက်နှစ်သက်သူတွေ အတွက် အထူး ရည်ရွယ်ထုတ်ထားတဲ့ စမတ်ဖုန်းလို့ ဆိုနိုင်ပါတယ်။
“Vivo ကနေ Selfie အသားပေး ပထမဆုံး Full View မျက်နှာပြင်နဲ့ V7+ စမတ်ဖုုန်းကို မြန်မာပြည် ဈေးကွက်မှာ တရားဝင် မိတ်ဆက်လိုက်တာပါ။ V7+ စမတ်ဖုန်းက ယနေ့ခေတ် လူငယ်တွေအကြိုက် ဆန်းသစ်တဲ့ ကင်မရာ လုပ်ဆောင်ချက်နဲ့ ဖန်တီး ထားတယ်။ ဂိမ်းကစားတဲ့အခါပဲ ဖြစ်ဖြစ်၊ သီချင်း ဗီဒီယို နားထောင်တဲ့ အခါပဲ ဖြစ်ဖြစ် ရုပ်သံစနစ်ကိုလည်း အကောင်းဆုံး ထွက်အောင် ထုတ်လုပ်ထားပါတယ်” လို့ Vivo Mobile Myanmar ကုမ္ပဏီရဲ့ Digital PR Manager ဦးထွန်းထွန်းဝင်းက ပြောပါတယ်။
Vivo V7+ စမတ်ဖုန်းဟာ Selfie ဦးစားပေး စမတ်ဖုုန်း အမျိုးအစားဖြစ်ပြီး LED Flash လုပ်ဆောင်ချက်နဲ့ အတူ သဘာဝ အရောင်နဲ့ ဆန့်ကျင်ဘက် အရောင်များ မြှင့်တင်ခြင်း၊ မျက်နှာအလှ Beautify Mode 7.0 ပါဝင်ပြီး အလင်းအားနည်းတဲ့ နေရာတွေမှာ အလင်းအားဖြည့်ခြင်း၊ Portrait ဓာတ်ပုံများ ရိုက်ကူးရာမှာလည်း ကောင်းတဲ့ ဓာတ်ပုံများ ထွက်မယ့် လုပ်ဆောင်ချက်များ ပါဝင်တယ် လို့ သိရပါတယ်။
မျက်နှာပြင် အရွယ်အစား ၅ ဒသမ ၅ လက်မ ဖန်သားမျက်နှာပြင်မှာ Full View Screen ပါဝင်ပြီး ဖုန်းကိုယ်ထည် အချိုးအစားက ၂ ဒသမ ၁၅ မီလီမီတာ ပါးလွှာတယ်၊ CPU Processor Qualcomm octa-core 4GB RAM အသုံးပြုထားပြီး Funtouch 3.2 OS ကို အသုံးပြုထားတယ် လို့ သိရပါတယ်။
ဖုန်းလုံခြုံရေးအတွက် Lock Screen ကို Finger print (လက်ဗွေစနစ်) လုပ်ဆောင်ချက်အပြင် Face Access လုပ်ဆောင်ချက်များ ပါဝင်တာကြောင့် မိမိဖုန်းကို မိမိ မျက်နှာ ပြသရုံနဲ့ အလိုအလျောက် Lock ဖွင့်ပေးနိုင်မယ့် စနစ် ပါဝင်လာတာ တွေ့ရပါတယ်။
ဒါ့အပြင် ယနေ့ခေတ်မှာ စမတ်ဖုန်း အသုံးပြုပြီး ဂိမ်းဆော့ကစားတဲ့ လူငယ်တွေအတွက် Game Mode ပါဝင်ပြီး အဆိုပါ Game Mode က စမတ်ဖုန်း အသုံးပြုရင်း ဂိမ်းကစားနေစဉ်မှာ အဝင် ဖုန်းခေါ်ဆိုမှုများနဲ့ စာပို့ခြင်းများကို တားဆီး ပေးထားပြီး ဂိမ်းကို အနှောက်အယှက် ကင်းကင်းနဲ့ လွတ်လပ်စွာ ဆော့ကစားနိုင်တယ်လို့ သိရပါတယ်။
V7+ စမတ်ဖုန်းကို အရောင်အနေနဲ့ အနက်ရောင် ထုတ်လုပ်ထားပြီး စက်တင်ဘာလ ၂၆ ရက်နေ့မှ စတင်ကာ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ကြိုတင် မှာယူနိုင်ပါတယ်။ ဈေးနှုန်း မြန်မာငွေ ၄၂၉၀၀၀ ကျပ် ကျသင့်ပြီး အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ကာ မြန်မာတနိုင်ငံလုံးက Vivo အရောင်းပြခန်းများ နဲ့ Vivo ကောင်တာ ရှိတဲ့ ဖုန်းဆိုင်များမှာ ဝယ်ယူရရှိနိုင်မယ် လို့ သိရပါတယ်။
Vivo စမတ်ဖုန်းကုမ္ပဏီဟာ လက်ရှိအချိန်မှာ ကမ္ဘောဒီးယား၊ မြန်မာ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ ထိုင်းနဲ့ ဗီယက်နမ် နိုင်ငံများမှာ ဈေးကွက်ဖြန့်ကြက်ထားတယ်လို့ သိရပါတယ်။