IT

နှလုံးခုန်ခြင်း၊ အသက်ရှူခြင်းတွေကိုပါ ထောက်လှမ်းနိုင်တဲ့ ဒရုန်း လာပြီ

သြစတြေးလျ တောင်ပိုင်း တက္ကသိုလ်မှ သုတေသီ ပညာရှင်များ အဆင်မြှင့် တီထွင်လိုက်တဲ့ ဒရုန်း (Drone) ဟာ လူရဲ့ နှလုံးခုန်နှုန်းကိုသာ မက အသက်ရှုမှု ပမာဏကိုပါ တိုင်းတာနိုင်တယ် လို့ ဆိုပါတယ်။

အဲဒီ ဒရုန်းတွေဟာ ပျံသန်းနေရင်းနဲ့ ပုံရိပ်ဖမ်းစနစ်ကို အသုံးပြုပြီး လူအများအပြားကို အသက်ရှင်နေ သလား၊ နှလုံးခုန်နေသလား၊ အသက်ရှူနေသေးလား ဆိုတာကို တချိန်တည်းမှာ တိတိကျကျ ထောက်လှမ်းပေးနိုင်ပါတယ်။

အဆိုပါ ဒရုန်းတွေကို လူအိုရုံများ၊ ဆေးရုံများနဲ့ စစ်မြေပြင်များပါ မကျန် ပျံသန်း အသုံးပြုနိုင်ဖို့လည်း စီစဉ်နေတယ်လို့ ဆိုပါတယ်။

အဆိုပါ ဒရုန်းတွေ အလုပ် လုပ်ဆောင်ပုံနဲ့ ပတ်သက်ပြီး သုတေသီ တဦး ဖြစ်တဲ့ ပါမောက္ခ ဂျာဗန်ချာဟလ် က “ဒရုန်းတွေဟာ ပျံသန်းနေရင်း လူတဦးချင်းစီရဲ့ မျက်နှာနဲ့ လည်ပင်း လှုပ်ရှားမှုတွေကို ထောက်လှမ်းပြီး နှလုံးခုန်နှုန်းနဲ့ အသက်ရှုမှုတွေကို တိတိကျကျ တွက်ချက်ပေးတာပါ။ အဲဒီလို လုပ်ဆောင်ဖို့ အတွက် ဒရုန်းဟာ လူတွေနဲ့ ၃ မီတာ အကွာမှာ ရှိနေဖို့တော့ လိုအပ်ပါတယ်” လို့ ပြောပါတယ်။

“နောက်ပိုင်းမှာတော့ ယခုထက် ပိုဝေးဝေးကနေ တွက်ချက်ခန့်မှန်းနိုင်အောင်လည်း လုပ်ဆောင် နေပါတယ်။ လူသားတွေ အတွက် အန္တရာယ်ရှိတဲ့ ပတ်ဝန်းကျင်တွေမှာ ဒရုန်းတွေဟာ တကယ့်ကိုမှ အသုံးဝင်လှပါတယ်။ ဥပမာ-သမုဒ္ဒရာထဲမှာ ဒုက္ခရောက်နေသူတွေ အတွက်ဆိုရင်တော့ ဒရုန်းဟာ လျင်လျင်မြန်မြန်နဲ့ ရောက်ရှိနိုင်မှာပါ” ဆိုပြီး သူက ဆက်လက် ပြောကြားပါတယ်။

ဆက်လက်ပြီး သုတေသနပညာရှင်များဟာ ဒရုန်းများမှာ အာရုံခံကိရိယာတမျိုးကို တပ်ဆင် နိုင်ဖို့ကိုလည်း ကြိုးပမ်းလျက် ရှိပါတယ်။ အဆိုပါ အာရုံခံကိရိယာတွေဟာ လေထုထဲမှ ရောဂါပိုး ကူးစက်မှုနဲ့ ပတ်သက်ပြီး ထောက်လှမ်းနိုင်မှာ ဖြစ်ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

လန်ဒန် “Imperial” ကောလိပ်မှ နည်းပညာ ဆရာတဦးမှလည်း အဆိုပါ တီထွင်မှုနဲ့ ပတ်သက်လို့ “လူသားတွေ လက်လှမ်း မမီနိုင်တဲ့ ပတ်ဝန်းကျင်တွေမှာ ဒရုန်းတွေကို စမ်းသပ်အသုံးပြုဖို့ လိုအပ်ချက်တွေ တော့ ရှိပါသေးတယ်။ ဒါပေမယ့်လည်း ရေရှည်မှာ မော်တော်ယာဉ် မတော်တဆမှု လို အရေးပေါ် အခြေအနေတွေမှာ ဒရုန်းတွေဟာ လူနာတင်ကားများရဲ့ ရှေ့ပြေးအနေနဲ့ ရောက်ရှိနေပြီး ထိခိုက်ခံရသူများရဲ့ အခြေအနေ အချက်အလက်တွေကို သုံးသပ်နိုင်မှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

www.bbc.com တွင်ဖော်ပြထားတဲ့ Drone detects heartbeat and breathing rates ဆိုတဲ့ ဆောင်းပါးကို ငြိမ်းချမ်းစိုး ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Loading