အခုလို နည်းပညာခေတ်မှာ အများစုက နာရီကို သီးသန့်ဝတ်ဆင် အသုံးပြုတာမျိုး မရှိတော့ပေမယ့် ပွဲတက် ဂုဏ်သရေ အဆောင်အယောင် တခု အနေနဲ့ နာရီကို ဝတ်ဆင်ကြပါတယ်။ အခု ပြောမှာကတော့ တန်ဖိုးနည်းသည့် တိုင်အောင် အဆင့်မြင့် အရည်အသွေးနဲ့ နာရီကောင်းတွေ အကြောင်းပဲ ဖြစ်ပါတယ်။
(၁) Maurice Lacroix Masterpiece Automatic ။ ။ ဒီဇိုင်းက ရိုးရိုးလေးပါ၊ အနက်ရောင် မိကျောင်းသားရေသားကို သုံးထားတဲ့ နာရီကြိုးနဲ့ ငွေရောင် နာရီအိမ်ထဲမှာ အောက်ခံ နာရီခွက်ကတော့ အနက်ရောင်နဲ့ ပြန်ပြီး ဖန်တီးထားပါတယ်။ Auto နာရီ တလုံး ဖြစ်ပြီး အဆိုပါ အော်တို လည်ပတ်နှုန်းကို ပြသစနစ်က ၇ နာရီ လက်တံနေရာမှာ ထည့်ထားတယ်၊ ရက်စွဲကတော့ ပုံမှန် နေရာအတိုင်း ၃ နာရီလက်တံနေရာမှာ ပါတယ်။ နာရီချိန်ညှိ ဖုလေးကတော့ အရောင် ရွေးချယ်နိုင်မှု ရနိုင်တယ် လို့ သိရပါတယ်။ အရင်က ဒေါ်လာ ၃၉၀၀ ထိအောင် ရှိနေရာကနေ အခု ၁၀၉၅ ဒေါ်လာနဲ့ ဈေးလျော့ရောင်း နေတာ တွေ့ရပါတယ်။
(၂) Tag Heuer Aquaracer Quartz ။ ။ ပွဲတက် အနေနဲ့ရော အိမ်နေရင်း အနေနဲ့ရော အမြဲ ဝတ်ဆင်နိုင်မယ့် ဒီဇိုင်းမျိုးပါ။ နာရီအိမ် အပါအဝင် အခြား စတီးသား အသုံးပြု ဖန်တီးထားတဲ့ အပိုင်းတွေ အားလုံးက သံချေးမစားတဲ့ စတီးနဲ့ ဖြစ်ပါတယ်။ နာရီ လက်တံနဲ့ အမှတ်သားတွေက သိသာပေါ်လွင်အောင် ထည့်သွင်း ဖန်တီးထားတယ်။ နေ့စွဲပြစနစ်က ၃ နာရီလက်တံနဲ့ အတူ တွဲဖက် ထားပြီး တံဆိပ်ကိုတော့ ၁၂ နာရီ လက်တံနေရာမှာ တွေ့ရပါတယ်။ အရင် ၁၆၀၀ ဈေးရှိနေရာကနေ အခု ၁၁၇၅ ဒေါ်လာနဲ့ ရနိုင်လာပါတယ်။
(၃) Raymond Weil Freelancer Automatic ။ ။ နာရီအိမ်နဲ့ ကြိုးတွေမှာ ၁၈ ကာရက်ထိ ရှိတဲ့ ရွှေသား ထည့်သွင်း ဖန်တီးထားတာ တွေ့ရပြီး အခြား အပိုင်းတွေကတော့ သံချေးမစားတဲ့ စတီးသားနဲ့ ဖြစ်ပါတယ်။ နာရီက တန်ဖိုးကြီး နာရီမှန်း မြင်လိုက်တာနဲ့ သိသာလောက်အောင် ဒီဇိုင်းက ကောင်းမွန်ပါတယ်။ နာရီ အမှတ်သားပြ လေးတွေကလည်း ၁၈ ကာရက် ရွှေနဲ့ ပါပဲ။ နောက်ဘက် နာရီ အပိတ်က မှန်သားနဲ့ ဖြစ်ပြီး အတွင်းပိုင်းက နာရီစနစ် လည်ပတ်နေတာကို မြင်နိုင်ပါတယ်။ နေ့စွဲပြစနစ်ကို ထူးခြားအောင် ၄ နာရီ လက်တံမှာ ထည့်ထားတာ တွေ့ရပါတယ်။ အရင် ၁၈၅၀ ထိအောင် ဈေး ရှိနေတာကနေ အခုတော့ ၁၁၈၄ ဒေါ်လာ ဈေးရှိနေတာ ဖြစ်ပါတယ်။
(၄) Frederique Constant Classics Automatic ။ ။ တန်ဖိုးကြီး အင်္ကျီတွေနဲ့ တွဲဖက် ဝတ်ဆင်မယ် ဆိုရင် ပိုမို ပေါ်လွင်စေမယ့် နာရီကောင်းတခုပါ။ အညိုရောင် သားရေသား နာရီကြိုးနဲ့ အဝါရောင် ရွှေသား နာရီအိမ်နဲ့ တွေ့ရပါတယ်။ နာရီ အတွင်းအိမ်ကတော့ အဖြူရောင်ပါ။ 1,2,3 စတဲ့ ဂဏန်း စနစ်နဲ့ မဟုတ်ပဲ ရောမ I, II, III စနစ်နဲ့ ဖြစ်ပါတယ်။ ရှေးဟောင်း နာရီတွေရဲ့ ဒီဇိုင်းမျိုး ဖြစ်ပါတယ်။ လ, အခြေအနေပြ စနစ်ကို ၆ နာရီလက်တံမှာ ကပ်လျက် ထည့်သွင်း ထားပြီး လပြည့်၊ လကွယ်လို စနစ်တွေကို ပြသပေးမှာ ဖြစ်ပါတယ်။ နေ့စွဲပြစနစ် မထည့်ထားပါဘူး။ အရင်က ၁၈၉၅ ထိ ဈေးရှိနေတာ ကနေ အခု ၁၁၉၄ ဒေါ်လာနဲ့ ရောင်းနေတာ တွေ့ရပါတယ်။
(၅) Hamilton Braodway Chronograph Automatic ။ ။ ခေတ်မီတဲ့ ဒီဇိုင်းနဲ့ နာရီကောင်းတွေထဲက တခုပါ။ အညိုရင့်ရောင် လက်ပတ်ကြိုး၊ ငွေနာရီအိမ်နဲ့ ဖန်တီးထားပါတယ်။ အော်တိုစနစ်ရဲ့ အားအနေအထား ပြစနစ် ပါရှိတယ်၊ ၃၀ မိနစ်ပြ စနစ်အတွက် သီးသန့် ပြသစနစ် တခု၊ ၁၂ နာရီ မနက်၊ ည အနေအထား အတွက် ပြသစနစ်က တခု၊ လရော နေ့စွဲပြ စနစ်ကိုပါလည်း ပါရှိပြီး ၃ နာရီ လက်တံမှာ တွေ့ရသလို နာရီက အရင် ၁၈၅၀ နဲ့ ရောင်းနေရာကနေ အခုတော့ ၁၁၉၅ ဒေါ်လာနဲ့ ရောင်းချနေတာ တွေ့ရပါတယ်။
(၆) Oris Diver’s Automatic ။ ။ သင့်အနေနဲ့ လူငယ်ဆန်ဆန် ဒီဇိုင်း ကောင်းကောင်း လိုချင်နေတာ ဆိုရင်တော့ စိတ်ကြိုက် ဖြစ်မှာပါ။ အစိမ်းရောင်နဲ့ အနက်ရောင် ရက်ကန်းချည်ထည်သား နာရီကြိုးနဲ့ ဖြစ်ပြီး ငွေသား နာရီအိမ်နဲ့ ဖြစ်ပါတယ်။ သံလိုက် အိမ်မြှောင် ထည့်ထားပြီး အနက်ရောင် နာရီဘောင်သားထဲမှာ ထည့်ထားပါတယ်။ နာရီခွက် အခံကတော့ အစိမ်းရောင်ပဲ ဖြစ်ပါတယ်။ နာရီလက်တံနဲ့ နာရီအမှတ်သားတွေမှာ အနုမြူထည့်ထားပြီး ညဘက်မှာပါ မြင်နိုင်အောင် ဖန်တီးထားပါတယ်။ နေ့စွဲဖော်ပြစနစ် ပါရှိပြီး ၃ နာရီ လက်တံမှာ ဖြစ်ပါတယ်။ အရင်က မော်ဒယ်ကို ၁၉၉၀ နဲ့ ရောင်းချနေရာကနေ အခုတော့ ၁၂၅၃ ဒေါ်လာနဲ့ ရောင်းနေတာ တွေ့ရပါတယ်။
(၇) Oris Diver’s Sixty-Five Automatic ။ ။ သူကတော့ တည်ငြိမ်တဲ့ ဒီဇိုင်းနဲ့ ပွဲတက်ဝတ်ဖို့ ပိုကောင်းပါတယ်။ အဆင့်မြင့် အရည်အသွေးနဲ့ တပ်ဆင် ပစ္စည်းတွေကို အသုံးပြု ဖန်တီးထားတာပါ။ နာရီအိမ်ရော ကြိုးရောက သံချေးမတက်နိုင်တဲ့ စတီးသားနဲ့ ဖြစ်ပါတယ်။ နာရီခွက်မှာ အနက်ရောင်နဲ့ အနက်ပြောင်သား အရောင်နှစ်ခုကို ရောစပ် ထည့်သွင်းထားပါတယ်။ ၁ ကနေ ၁၂ နာရီထိ ဖော်ပြမှု မရှိပဲ 3,6,9,12 တွေမှာပဲ ဖော်ပြထားပါတယ်။ ဒိုင်ခွက်က ရိုးရှင်းပြီး နာရီအချက်ပြမှု တခုကလွဲရင် အခြား ရက်စွဲ ဖော်ပြမှုမျိုးတောင် မတွေ့ရပါဘူး။ အရင်က မော်ဒယ်ကို ဒေါ်လာ ၂၁၀၀ နဲ့ ရောင်းခဲ့ ပေမယ့် အခုတော့ ၁၃၄၄ ဒေါ်လာပဲ ဈေးရှိပါတော့တယ်။
(၈) Tag Heuer Formula One ။ ။ ရွှေသား ထည့်သွင်းထားခြင်း မဟုတ်ပေမယ့် သံချေးမစားနိုင်တဲ့ စတီးသားကို ပုံမှန် စတီးရောင်နဲ့ ရွှေ့ရောင် ရောစပ်ဖန်တီးထားတာ တွေ့ရပါတယ်။ သံလိုက်အိမ်မြှောင် စနစ်ကို နာရီဒိုင်ခွက်ဘောင်မှာ ထည့်သွင်း ဖန်တီးထားပြီး သူက အောက်ခံ အပြာရောင်သားနဲ့ ဖြစ်ပါတယ်။ နာရီ အမှတ်အသားတွေက အဖြူရောင်နဲ့ ဖြစ်ပြီး လက်တံတွေကတော့ ရွှေရောင် ဖြစ်ပါတယ်။ ရက်စွဲစနစ်က ၃ နာရီ လက်တံမှာ ဖြစ်ပါတယ်။ ဒိုင်ခွက်ရဲ့ အောက်ခံက အပြာနဲ့ အနက်ရောင် အစပ် ပုံစံ ဖြစ်ပါတယ်။ ကနဦး ဈေးနှုန်း ဒေါ်လာ ၂၀၀၀ ထိအောင် ရှိခဲ့ပေမယ့် အခုတော့ ၁၄၉၅ နဲ့ ရနိုင်နေပါပြီ။
(၉) Perrelet Double Rotor Automatic ။ ။ ရောမ ဂဏန်းတွေကို အရွယ်အစားတူ မဟုတ်ပဲ လေးထောင့်ဆန်ဆန် နာရီ အိမ်ထဲမှာ အရွယ်အကြီး၊ အသေး ရောရာ ထည့်သွင်း ဖန်တီးထားတဲ့ မော်ဒယ် တခုပါ။ ချက်ချင်း မြင်လိုက်ရုံနဲ့ ဒီလောက် ကြည့်မကောင်းပေမယ့် ကြာကြာကြည့်မှ သဘောကျစရာ ကောင်းလာပါတယ်။ နာရီ ဒိုင်ခွက်အရောင်က အနက်ကို လက်တံနဲ့ အမှတ်အသားတွေ ငွေရောင် အဖြစ် နာရီ အိမ်၊ ကြိုးတွေနဲ့ အတူ ရောစပ် ဖန်တီးထားတာ ဖြစ်ပါတယ်။ နောက်ဖက် နာရီရဲ့ မျက်နှာပြင်က မှန်နဲ့ ဖြစ်ပြီး အတွင်းဖက် နာရီ လည်ပတ်စနစ်ကို မြင်နိုင်အောင် ဖန်တီးထားပါတယ်။ ဈေးနှုန်း ၅၀၂၅ ဒေါ်လာထိအောင် ရှိခဲ့ပြီး အခုတော့ ၁၄၉၅ ဒေါ်လာနဲ့ ရနိုင်လာတာ ဖြစ်ပါတယ်။
(၁၀) Tissot Bridggeport Chronograph Automatic ။ ။ ဒီအမှတ်တံဆိပ်က အဆင့်မြင့် တန်ဖိုးမြင့် မော်ဒယ်တွေ ထုတ်လုပ်မှုနဲ့ အတူ နာမည်ကြီးပါတယ်။ ဒီဇိုင်းက ရှေးဆန်ချင်ပါတယ်။ နာရီကြိုးက အနက်ရောင် သားရေသားနဲ့ ဖြစ်ပြီး ငွေသား နာရီအိမ်၊ ရွှေရောင် ဘောင်ကွပ်၊ နာရီ အောက်ခံသားက အဖြူရောင်ပေါ်မှာ အနက်ရောင် အမှတ်အသားတွေနဲ့ အခြားပြသစနစ်တွေ ရောထည့်ထားပါတယ်။ နေ့စွဲက ၃ နာရီ လက်တံမှာ၊ စက္ကန့် ၆၀ ၊ မိနစ် ၃၀ နဲ့ ၁၂ နာရီ ပြသစနစ် ၃ ခုကို ၆ နာရီ၊ ၉ နာရီနဲ့ ၁၂ နာရီ လက်တံတွေမှာ ထည့်ထားပါတယ်။ အရင်က ၁၈၇၅ ဈေးနှုန်း ရှိနေခဲ့ ရာကနေ အခုတော့ ၁၀၉၀ ဒေါ်လာနဲ့ ရနိုင်လာတာ ဖြစ်ပါတယ်။
Ref: www.businessinsier.com