မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး အော်ပရေတာ တခုဖြစ်တဲ့ MPT က မိုဘိုင်း အင်တာနက် အသုံးပြုမှုများနဲ့ ပတ်သက်ပြီး ဘေးကင်းလုံခြုံစွာ အသုံးပြုနိုင်ရေး ဆွေးနွေးပွဲများကို နိုင်ငံ တဝှမ်းတွင် အခမဲ့ ကျင်းပသွားမှာ ဖြစ်ကြောင်း ယမန်နေ့က သတင်း ထုတ်ပြန်ပါတယ်။
အဆိုပါ မိုဘိုင်းဆွေးနွေးပွဲများကို ယခုနှစ် အောက်တိုဘာလမှ စတင်ကာ ၂၀၁၈ ခုနှစ် မတ်လ အထိ ပြုလုပ်သွားမှာ ဖြစ်ပြီး မြို့နယ်ပေါင်း ၁၀၀ ကျော်က ကျောင်းများ၊ တက္ကသိုလ်နဲ့ အခြားနေရာများမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ယင်း မိုဘိုင်းနှီးနှောဖလှယ်ပွဲတွေမှာ “မိုဘိုင်းဖုန်း အသုံးပြုပုံနှင့် ကျင့်ဝတ်များ”၊ “အင်တာနက်လုံခြုံရေးနှင့် အွန်လိုင်း အသုံးပြုခြင်း တို့တွင် မည်ကဲ့သို့ လုံခြုံစွာ အသုံးပြုရမည် ဟူသော အချက်များ”၊ “Cyber Bully ခေါ် အွန်လိုင်းပေါ် အနိုင်ကျင့် ခြိမ်းခြောက်ခြင်း နှင့် နှောက်ယှက်ခြင်း တို့ကို မည်သို့ ကာကွယ် တားဆီးရမည် ဆိုသည့် အချက်အလက်များ”နဲ့ “မိမိတို့၏ ကိုယ်ပိုင် အချက်အလက်များကို ကာကွယ်ခြင်း” စတဲ့ အရေးကြီး ခေါင်းစဉ်များ ပါဝင်မှာ ဖြစ်ပါတယ်။
“ကျနော်တို့ MPT အနေနဲ့ Mobile Seminar ပွဲတွေကို အခုလို တကျော့ပြန် ပြန်လည် စတင်နိုင်ခြင်း အတွက် ဝမ်းသာပီတိ ဖြစ်ရပါတယ်။ တနိုင်ငံလုံးရဲ့ မိုဘိုင်းအင်တာနက် အသုံးပြုမှုနှုန်း တိုးတက်လာပေမယ့် Cyber အလွဲသုံးစား လုပ်မှုတွေ၊ ဘေးကင်းတဲ့ အင်တာနက် အသုံးပြုနည်းလမ်းတွေ စတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး နားလည်သိရှိမှု အပိုင်းတွေမှာ ကွာဟချက်တွေ ရှိနေပါသေးတယ်” လို့ MPT-KSGM Joint Operations ရဲ့ Chief Commercial Officer, Mr. Reizo Umeda က ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်အတွင်း ကလည်း MPT က နိုင်ငံတဝှမ်းရှိ ကျောင်းများ၊ တက္ကသိုလ်များနဲ့ စက်မှုဇုန်များမှာ မိုဘိုင်း ဆွေးနွေးပွဲ ၁၉၅ ပွဲ ကျင်းပနိုင်ခဲ့တယ် လို့ သိရပါတယ်။
ဆွေးနွေးပွဲ ပြုလုပ်မယ့် နေရာ နေ့ရက် အစီအစဉ်ကို အသေးစိတ်နဲ့ MPT ရဲ့ အခြားသော ကြေညာချက်များကို သိရှိလိုပါက www.mpt.com.mm (သို့မဟုတ်) www.facebook.com/mptofficialpage သို့ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။