Android ဖုန်းလောက ဆိုတာ လက်ရှိ ကမ္ဘာမှာ အသုံးပြုမှု အများဆုံးဖုန်းတွေ ဖြစ်နေသလို အဆိုပါ စနစ်သုံး ဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေ အများအပြား ရှိနေတာကြောင့် ပြိုင်ဆိုင်မှု ပြင်းထန်နေတဲ့ လောကတခု ဆိုရင်လည်း မမှားပါဘူး။
လက်ရှိမှာ တောင်ကိုရီးယား အခြေစိုက် Samsung က ထိပ်ဆုံးမှာ အောင်မြင်မှု အမြင့်ဆုံးနဲ့ ရပ်တည်နေတယ် ဆိုပေမယ့် Huawei နဲ့ Xiaomi လို အမှတ်တံဆိပ်တွေကလည်း လူကြိုက်များနေတာမို့ ကုမ္ပဏီတိုင်းက မော်ဒယ်တွေကို ကောင်းသည် ထက် ကောင်းအောင်၊ ပြည့်စုံသည် ထက် ပြည့်စုံအောင် ဖန်တီးနေကြပါတယ်။
အခုလည်း Samsung ရဲ့ အဓိကပြိုင်ဖက်လို့ ဆိုနိုင်မယ့် နိုင်ငံအတွင်း အခြေစိုက်တူတဲ့ LG ရဲ့ ဖုန်းသစ်က အခုနှစ် ၂၀၁၇ အတွက် အကောင်းဆုံး ဖုန်းအဖြစ် သတ်မှတ် ခံလောက်အောင် ကောင်းမွန်တယ် လို့ သုံးသပ်ချက် ပေးနေကြတာကြောင့် LG ရဲ့ မော်ဒယ်သစ် V30 အကြောင်း လေ့လာ တင်ပြပါမယ်။
ဒီ မော်ဒယ်ရဲ့ အားသာချက်က LOED စနစ်နဲ့ မျက်နှာပြင်ကို ဖန်တီးထားတယ်၊ ပြီးတော့ အခု နောက်ပိုင်း ခေတ်စားတဲ့ Bezel-less ဆိုတဲ့ ဖုန်းဘေးဘောင်သား အနည်းငယ်(အသေးစား) လေးပဲ ဖြစ်အောင် ဖန်တီးထားတဲ့ စနစ်။ ဘက်ထရီ သက်တမ်း အထူးကောင်းမွန်တယ်၊ စွမ်းဆောင်ရည်ကလည်း မော်ဒယ်ကို အကောင်းဆုံး သွက်သွက်လက်လက် သုံးနိုင်အောင် ဟန်ချက်ညီ ဖန်တီးထားနိုင်တာ တွေ့ရတယ်။
နောက်ပြီး ကင်မရာပိုင်း၊ မြင်ကွင်းကျယ် ရိုက်ကူးနိုင်လောက်အောင် ဖန်တီး ထုတ်လုပ်ထားတာပါ။ ပြီးတော့ ရုပ်သံ ကြည့်ရှုမှု အပိုင်းမှာ မိမိ Zoom (အကျယ်ချဲ့) ချင်တဲ့ နေရာကို ထောက်ပြီး ချဲ့ကြည့်နိုင်အောင် ဖန်တီးထားမှုက ထူးခြားပြီး သဘောကျစရာ ကောင်းနေပါတယ်။
မော်ဒယ်နဲ့ ပတ်သတ်ပြီး ပြောစရာ ရှိတာ ဆိုလို့ ဖုန်းရဲ့ ကိုယ်ထည်သားနဲ့ ဆက်စပ်ပစ္စည်းတွေရဲ့ အရည်အသွေး အားနည်းသလို ဖြစ်နေတာပါ၊ ပြီးတော့ စပီကာပိုင်း အသံထွက်စနစ်ကို စိတ်ကြိုက် မဖြစ်တာလောက်ပဲ ရှိပါတယ်။
မျက်နှာပြင်က ၆ လက်မ ရှိမှာပါ။ အခုခေတ် လူငယ်တွေ အကြိုက်ဖြစ် ပေမယ့် လက်တဖက်တည်းနဲ့ ကိုင်တွယ် အသုံးပြုဖို့တော့ အကောင်းဆုံး အံဝင်မှာ မဟုတ်ပါဘူး။ အားသွင်းစနစ်က USB Type-C နဲ့ ဖြစ်လာပါတယ်။ USB ပေါက်ရော စပီကာအတွက် အသံထွက်ပေါက် ကိုပါ ဖုန်းရဲ့ အောက်ဘက် မျက်နှာပြင်မှာ ထည့်ထားတယ်။
Sim ကတ်ထည့်စရာ အပေါက်ကတော့ ဖုန်းရဲ့ ညာဘက်မှာ ဖြစ်ပါတယ်။ အသံထိန်းချုပ်စနစ်ကို ဘယ်ဘက်မှာ ထည့်ထား ပါတယ်။ လက်ဗွေဖတ်စနစ်က ပါဝါခလုတ်နဲ့ တွဲဖက် ဖန်တီးထားတာပါ။ လက်ဗွေဖတ်စနစ် အောက်ဖက်မှာ LG တံဆိပ်နဲ့ V30 အမည်ကို ထည့်ထားပါတယ်။ ဖုန်းရဲ့ နောက်ဘက် မျက်နှာပြင်က ပြောင်ပြီး နည်းနည်း ကိုင်ရတာ ချောချင်ပါတယ်။
အကြမ်းခံနိုင်မှု စမ်းသပ်ချက်မှာ ဖုန်းက ၃ ပေ အမြင့်လောက်ကနေ လွတ်အကျမှာ မှန်နဲ့ နောက်ဘက် ဖုန်းကိုယ်ထည်သား တွေက အကြမ်းခံနိုင်မယ့် ပုံစံ မတွေ့ရတာကြောင့် စိတ်ကျေနပ်မှု နည်းနိုင်ပါတယ်။
မျက်နှာပြင်က LED စနစ်တွေလောက် အလင်းမဖြာပဲ အလင်းထက် အရောင်တည်ငြိမ်မှု ပိုကောင်းလာတာ တွေ့ရပါတယ်။ မျက်နှာပြင် အရွယ်နဲ့ စနစ် အနေအထားအရတော့ စာဖတ်ချင်သူ၊ ရုပ်သံ ကြည့်သူ၊ ဂိမ်းကစားသူတွေ အတွက် အကောင်းဆုံး ဖြစ်စေမှာပါ။ Chip အပိုင်းမှာ Qualcomm Snapdragon 835 ကို ထိုင်ထားတာ တွေ့ရပါတယ်။
လက်ရှိ Snapdragon စနစ်တွေထဲမှာတော့ အကောင်းဆုံး စနစ်ပါ။ RAM အနေနဲ့ 4GB ထည့်ထားပါတယ်။ Internal Memory အပိုင်းမှာပဲ ရွေးချယ်နိုင်စရာ ရှိပြီး 64 GB နဲ့ 128 GB နှစ်မျိုး ရနိုင်မှာပါ။ SD ကတ်လည်း စိုက်သုံးနိုင်မှာပါ။ IP68 စနစ်ကို သုံးထားတာ တွေ့ပြီး ဖုန်ရော ရေပါ လုံပါတယ်။ ဆိုလိုရင်းကတော့ ရေအနက် ၁ ဒသမ ၅ မီတာထိအောင် မိနစ် ၃၀ အထိ ရေစိမ်ခံနိုင်မှာ ဖြစ်ပါတယ်။
Android စနစ်သစ် 8.0 Oreo ထွက်ရှိနေပေမယ့် အခု မော်ဒယ်က v7.1.2 Nougat ကိုပဲ သုံးနိုင်မှာပါ။ ကင်မရာ ပိုင်းမှာတော့ နောက်ဘက် ကင်မရာစနစ်ကို Dual (နှစ်လုံးထိုင်) ပုံစံထည့်ထားပါတယ်။ 13 MP ရှိတဲ့ ကင်မရာ တလုံး ကတော့ မြင်ကွင်းကျယ်ပုံတွေ ရိုက်ကူးစေနိုင်ပါလိမ့်မယ်။
ကျန်တဲ့ 16 MP ကင်မရာကတော့ ပုံမှန် ပါပဲ။ Telephoto Zoomစ နစ် အသစ် ထည့်ထားပြီး Potraits ပုံတွေ အဖြူ၊ အမည်း ဦးစားပေး ပုံတွေကို ရုပ်ထွက် ပိုကောင်းအောင် ရိုက်ယူနိုင်လာစေ ပါတယ်။ ရှေ့ဘက် ကင်မရာစနစ်ကတော့ တခြား ဖုန်းတွေမှာ Selfie ကင်မရာ အဖြစ် အကောင်းဆုံး ဖြစ်အောင် ဖန်တီးနေပေမယ့် LG ကတော့ အကူကင်မရာ အနေလောက်ပဲ ဖန်တီးထားပြီး 5 MP ပဲ ရှိပါတယ်။ သူ့မှာ မြင်ကွင်းကျယ်စနစ် ထပ်ဖြည့်ထားပြီး အုပ်စုလိုက် Selfie ရိုက်ချင်သူတွေ အတွက် အဆင်ပြေအောင် ဖန်တီးထားတာကိုတော့ သဘောကျမိပါတယ်။
ဘက်ထရီပိုင်းမှာ V30 ရဲ့ ဘက်ထရီက ဖြုတ်လို့ မရတဲ့ 3300 mAh အားထိန်း ဘက်ထရီ စနစ်ပါ။ အဓိက ပြိုင်ဖက် Samsung Galaxy S8 Plus မှာတောင် 3500 mAh အားထိန်း ဘက်ထရီကို ထည့်ထားပါတယ်။ ဒီဖုန်းက လက်ရှိ ဈေးကွက်ထဲမှာ အားသုံး အခံနိုင်ဆုံး ဖုန်းတလုံးပါ။ ဒါပေမယ့် မထင်မှတ်လောက်အောင် 3300 mAh ပဲ အားထိန်းနိုင်တဲ့ V30 ရဲ့ ဘက်ထရီက အားသုံးခံနိုင်မှု ပိုကောင်းလာတာ တွေ့ရပါတယ်။ စိတ်ကြိုက်ပါပဲ။ အားသွင်းရလည်း မြန်ဆန်ပါတယ်။
ဈေးနှုန်း အနေအထားအရတော့ V30 က ဈေးချိုဖို့ မရှိပြန်ပါဘူး။ ရောင်းချသူတွေရဲ့ အရစ်ကျ၊ လက်ငင်း အနေအထားတွေ အပေါ် မူတည်ပြီးတော့ ဈေးနှုန်း ကွာခြားချက်နဲ့ ရောင်းချနေတာ တွေ့ရပြီး 64 GB မော်ဒယ်ကို ဒေါ်လာ ၈၄၀၊ 128 GB မော်ဒယ်ကိုတော့ ၈၈၅ ဒေါ်လာနဲ့ ရောင်းချနေတာ တွေ့ရပါတယ်။
Ref: www.digitaltrends.com