Asus Zen Pad 3S 10 မော်ဒယ် အကြောင်း မပြောခင် အလွယ်ဆုံး သုံးသပ်ရရင် ဒီဇိုင်းပိုင်းမှာ iPad တွေလို ပုံစံ ရယူ ထုတ်လုပ်ထားတယ်၊ ဒါပေမယ့် အရည်အသွေးကတော့ မမီဘူးပေါ့၊ Android စနစ်ဖြစ်တာကြောင့် လူတိုင်း အတွက် အသုံးပြုရတာ အသားကျ မြန်ပါလိမ့်မယ်။ QHD အဆင့် ရှိတဲ့ ရုပ်ထွက်ထိအောင် ပြသပေးနိုင်တဲ့ အချက်ကိုတော့ တော်တော်လေး သဘောကျပါတယ်။ စပီကာတွေရဲ့ အသံထွက်ကလည်း မထင်မှတ်ပဲ တော်တော်ကို တည်ငြိမ်ကောင်းမွန် နေပါတယ်။ SD ကတ်လည်း စိုုက်နိုင်မယ်၊ အားနည်းချက်က ဘက်ထရီက သက်တမ်း သိပ်မကောင်းတာပါပဲ။
Asus Zen Pad 3S 10 ရဲ့ အားသာ ကောင်းမွန်တဲ့ အချက်တွေက 2K ရုပ်ထွက်တွေ တည်ငြိမ်တယ်၊ Hi-Res အသံစနစ်ကို အသုံးပြုနိုင်တယ်။ ပြီးတော့ Chip အထိုင် ကောင်းမွန်လို့ အသုံးပြုရ မြန်ဆန်တယ်။ ဒါပေမယ့် အထက်မှာ ပြောခဲ့သလို ဘက်ထရီက အချိန်ကြာကြာ အသုံးမခံဘဲ ကိုယ်ထည်ပိုင်း မာကျောမှု အရည်အသွေးက အခုထက် ပိုကောင်းသင့်တဲ့ အနေအထားပါ။
လက်ရှိ အင်္ဂလန်နဲ့ အမေရိကန်ဈေးကွက်မှာ ဒီမော်ဒယ်က ရောင်းအား အကောင်းဆုံး စာရင်းနဲ့ လူကြိုက်များမှု စာရင်းမှာ ပါနေတယ်။ ၂၀၁၀ ခုနှစ် ဝန်းကျင်ကနေစပြီး iPad တွေ ရောင်းအား ကောင်းလာတော့ Android စနစ်သုံး Tablet တွေ မျက်နှာငယ်ခဲ့ရပေမယ့် အခုတော့ ဈေးကွက်မှာ နေရာ တနေရာ ကောင်းကောင်း ပြန်ရလာ ပါပြီ၊ ဒီထဲမှာ အခု ပြောနေတဲ့ Zen Pad 3S 10 လည်း ပါတာပေါ့။
iPad 9.7 ကို ဈေးကွက် ပြိုင်လာသလား အောက်မေ့ရလောက်အောင် Asus ကလည်း အခု မော်ဒယ်ကို Zen Pad 3S 10 လို့ အမည်ပေးထားပြီး ၉ ဒသမ ၇ လက်မ အရွယ်မော်ဒယ် အဖြစ် ထုတ်လုပ်လာတာပါ၊ Pixel သိပ်သည်းနှုန်း 1536 x 2048 ထိ ရှိပါတယ်။
အတွင်းပိုင်းမှာ Chip အထိုင်က MediaTek ကို သုံးထားတယ်၊ hexa-croe စနစ်နဲ့ဖြစ်ပြီး RAM က 4GB အထိ ပါပါတယ်။ ဘက်ထရီက 5900 mAh ထိအောင် အားထိန်းပါတယ်။ ဘက်ထရီ အရွယ်က မငယ်ပေမယ့် မျက်နှာပြင် ရုပ်ထွက် ကောင်းအောင် ဖန်တီးလိုက်တာက ဘက်ထရီစား များလာစေတာပါ။ ကနဦး ဈေးကွက်တင်ချိန်မှာတော့ မော်ဒယ်ကို စတာလင်ပေါင် ၃၀၀၊ ဒေါ်လာ ၃၀၀ နဲ့ ဈေးတူ ရောင်းချခဲ့ပေမယ့် အခုတော့ ဒေါ်လာ ၂၇၀ နဲ့ ရနိုင်နေပါပြီ။
ZenPad 3S 10 အနေနဲ့ iPad 9.7ကို ဈေးကွက်ယှဉ်တယ် ဆိုပေမယ့် Android စနစ်သုံး Tablet မော်ဒယ်တွေထဲမှာလည်း ပြိုင်ဆိုင်စရာတွေ ရှိနေပါသေးတယ်။ Huawei Media Pad M2 10.0 ရှိတယ်၊ Samsung Galaxy Tab S2 ရှိသေးတယ်၊ အထူးသဖြင့် Samsung ရဲ့ မော်ဒယ်ကို အဓိကထား ဈေးကွက် ယှဉ်နေရတာလည်း ဖြစ်ပါတယ်။ တကယ်လို့ အခု မော်ဒယ်ကို အသာရချင်တယ် ဆိုရင် အခုထက် ဈေးနှုန်း ပိုချိုသင့်နေတာလည်း ဖြစ်ပါတယ်။
မော်ဒယ်က iPad မော်ဒယ်ထက် ပိုပါးတယ်၊ ၅ ဒသမ ၈ မီလီမီတာပဲ ထူတယ်၊ iPad ရဲ့ ဒီဇိုင်းနဲ့ တော်တော်လေးကို ဆင်တယ်၊ ဒါပေမယ့် ကိုင်တွယ် အသုံးပြုရတာ နည်းနည်း ချောနေချင်တယ်၊ Volume နဲ့ Power ခလုတ်တွေက မော်ဒယ်ရဲ့ ညာဘက် အပေါ်ထောင့်မှာ ထိုင်ထားတယ်၊ လက်ဗွေဖတ် စနစ်လည်း ပါရှိပြီး ဒီစနစ်က တော်တော်လေး မြန်ဆန် ကောင်းမွန်တာ တွေ့ရပါတယ်။ ၃ ဒသမ ၅ မီလီ နားကြပ်ပေါက် ပါတယ်၊ Type-C ထိအောင် ထည့်ထားလို့ နောက်ထွက် မော်ဒယ်မှန်း သိသာစေတယ်၊ စပီကာက ပုံမှန်လို ၁ လုံးတည်း မဟုတ်ပဲ NXP Amp စနစ် ၂ လုံး ထိုင်ထားတယ်၊ SD ကတ်လည်း စိုက်နိုင်ပြီး မော်ဒယ်ရဲ့ Internal Memory ကတော့ 32 GB ရှိပါတယ်။ ရုပ်သံကြည့်ဖို့နဲ့ စာဖိုင်တွေ သိမ်းထားဖို့ လုံလောက်ပါတယ်။
မျက်နှာပြင်စနစ်က IPS စနစ်နဲ့ ဖြစ်ပြီး Asus ရဲ့ Visual Master နည်းပညာကို သုံးထားလို့ မထင်မှတ်လောက်အောင် ရုပ်ထွက် ကောင်းနေတာလည်း ဖြစ်ပါတယ်။ QHD ရုပ်ထွက်ထိ ကြည့်နိုင်မှာပါ။ ပြီးတော့ အပြာရောင် အလင်း ထုတ်လုပ်မှု ကို ၃၀ ရာခိုင်နှုန်းထိ လျော့ချထားပြီး ညဘက် အသုံးပြုချိန်တွေမှာ မျက်စိကို အလင်းကျနှုန်း လျော့နည်း ကောင်းမွန်စေမှာ ဖြစ်ပါတယ်။
Geek bench လို နာမည်ကျော် IT ပစ္စည်း စစ်ဆေးရေး အဖွဲ့ကနေ ပေးထားတာကတော့ မော်ဒယ်ကို Single Core စစ်ဆေးမှုမှာ ရမှတ် ၁၅၅၈ မှတ်ပေးထားတယ်၊ Multi-core စစ်ဆေးမှုမှာ ရမှတ် ၃၇၀၉ မှတ်ထိအောင် ပေးထားတာ တွေ့ရပါတယ်။ 3 D Mark ရဲ့ ရုပ်ထွက်ပိုင်း စစ်ဆေးမှုမှာလည်း ရမှတ် ၁၄၅၅၀ ထိ ရရှိထားပြီး Samsung Galaxy Tab S2 ကို ဒီအပိုင်းမှာ နှာတဖျား အသာရနေတာလည်း တွေ့ရပါတယ်။
ဘက်ထရီပိုင်းမှာတော့ ပုံမှန် အသုံးတွေ အတွက် စုစုပေါင်း အချိန် ၁၀ နာရီ ဝန်းကျင်ပဲ သုံးနိုင်တာ တွေ့ရပြီး Tech Radar ကနေ HD ရုပ်သံကို အသံရော အလင်းပါ အမြင့်ဆုံးထားပြီး မိနစ် ၉၀ စာ ရုပ်သံကြည့်မှု အတွက် ဘက်ထရီ ၃၀ ရာခိုင်နှုန်း ကုန်သွားတာ တွေ့ရတယ်လို့ ဆိုပါတယ်။
သူ့ရဲ့ ပြိုင်ဘက် iPad Air 2 ဆိုရင် ၂၁ ရာခိုင်နှုန်းပဲ ကုန်တယ်၊ Galaxy Tab S2 ဆိုရင် အကောင်းဆုံး ဖြစ်ပြီး ၁၆ ရာခိုင်နှုန်းပဲ ကုန်သလို Huawei ရဲ့ M2 မော်ဒယ်က ၂၀ ရာခိုင်နှုန်း ကုန်တာတွေ တွေ့ရပါတယ်။
ကင်မရာပိုင်း ကတော့ ပါတယ် ဆိုရုံပါပဲ၊ စွမ်းဆောင်ရည်လည်း ညံ့သလို LED မီးလည်း မပါပါဘူး။ ဒါဆိုရင်တော့ ကင်မရာ အသုံးအတွက် မဟုတ်တဲ့၊ ရုပ်သံကြည့်ဖို့၊ စာဖတ်ဖို့ အတွက် အကောင်းဆုံး သင့်လျော်မယ့် မော်ဒယ် တခုလို့ ဆိုရမှာပါ။
Ref: www.techradar.com