အခုလိုဖုန်းတွေ အသုံးများလာတဲ့ ခေတ်မှာ တခါတရံ ဖုန်းဘက်ထရီ မီးလောင်တာတွေ၊ မတော်တဆမှု ဖြစ်ပြီး ပေါက်ကွဲမှု ဖြစ်တယ် ဆိုတဲ့ အကြောင်းတွေ ဖတ်ဖူး၊ ကြားဖူးကြမယ် ထင်ပါတယ်။ တချို့ကလည်း ဒီသတင်းတွေကို သိပ်တော့ မယုံကြပါ ဘူး။ မပေါက်ကွဲပါဘူး ဆိုပြီး သုံးနေကြသူတွေလည်း ရှိနေပါတယ်။ ဒါပေမယ့် ဖုန်းတွေရဲ့ အားနည်းချက်ကြောင့်လည်း ဒီပြသနာတွေ ဖြစ်လာနိုင်သလို ဖုန်းအသုံးပြုသူတွေရဲ့ အသုံးမမှန်မှုကလည်း မတော်တဆမှုကို ဖြစ်စေပါတယ်။
Samsung လို ဖုန်းကုမ္ပဏီကြီးကနေ ထုတ်လုပ်တဲ့ နာမည်ကျော် အဆင့်မြင့်ဖုန်း Galaxy Note 7 လို ဖုန်းမှာတောင် ဘက်ထရီနဲ့ ပတ်သက်ပြီး မတော်တဆမှုတွေ ရှိလို့ ပြန်သိမ်းရတာတွေ ရှိတယ် မဟုတ်ပါလား။ ဒီတော့ ဖုန်းဘက်ထရီတွေ၊ ဖုန်းတွေနဲ့ ပတ်သက်ပြီး မတော်တဆမှု ဖြစ်နိုင်တာတွေ၊ ရှောင်ရန် ဆောင်ရန် လေးတွေကို နည်းနည်းလောက် လေ့လာကြည့်ထား ရအောင်ပါ။
ပေါက်ကွဲမှုဖြစ်နိုင်ခြင်း
Lithium-ion ဘက်ထရီတွေဟာ ပေါက်ကွဲမှု ဖြစ်နိုင်တဲ့ အထိ အားရှိပါတယ်။ ဒီဘက်ထရီတွေ ပျက်စီးမှု ဖြစ်နိုင်စရာ အချက် ၂ ချက်ပဲ ရှိပါတယ်။ ပထမ တချက်က ဘက်ထရီအတွင်း အပေါက်ဖြစ်နိုင်ခြင်းပါ၊ အများဆုံးကတော့ ဖုန်း ခဏခဏလွတ်ကျတဲ့ ဒဏ်ကြောင့် ဘက်ထရီအတွင်းပိုင်း ပေါက်နိုင်ပါတယ်။ ဒီလို ဖြစ်လာတဲ့ အပေါက်ကနေ ဘက်ထရီအတွင်းခန်းထဲမှာ ရှော့ဖြစ်ပြီး ပေါက်ကွဲမှု ဖြစ်လာစေနိုင်ပါတယ်။ အထူးသဖြင့်တော့ ဈေးနည်းပြီး အရည်အသွေး မမီတဲ့ ဘက်ထရီတွေမှာ မတော်တဆမှု အဖြစ် ပိုများပါတယ်။
နောက်ထပ် ဖြစ်နိုင်ခြေ နောက်တချက်ကတော့ Samsung ကိုယ်တိုင် ရင်ဆိုင်ခဲ့ရတဲ့ အားနည်းချက် ဖြစ်တဲ့ အားသွင်းချိန် အဆင်မပြေခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် ဘက်ထရီရဲ့ အပူချိန် မြင့်တက်လာပြီး မီးလောင်ခြင်းမျိုး ဖြစ်ပါတယ်။ ဘက်ထရီပိုင်း အားနည်းချက် ရှိလို့လည်း ဖြစ်နိုင်သလို အားသွင်းခေါင်း အဆင်မပြေမှု၊ အားသွင်းချိန် ပိုမို ကြာမြင့်အောင် သွင်းခြင်းတွေက ဘက်ထရီကို အပူချိန် တက်လာစေတာ ဖြစ်ပါတယ်။ ဖုန်းအားသွင်းချိန်မှာ ဖုန်းက ပူလွန်း နေရင် နားပြီးမှ အားသွင်းတာ၊ ရပ်နား ထားတာ မျိုးလုပ်သင့်ပါတယ်။
အားသွင်းခြင်းနဲ့ အပူ
အခုခေတ် စမတ်ဖုန်းတွေရဲ့ ဘက်ထရီတိုင်းကတော့ အားသွင်းရင် အနည်းနဲ့ အများတော့ ပူလာမှာပါပဲ။ Quick Charge ဆိုတဲ့ အား အမြန်သွင်း စနစ် ထွက်ရှိလာတာက ဘက်ထရီကို အားဝင်မြန်စေသလို ဖုန်းကိုလည်း အပူချိန်တက် မြန်ဆန်စေပါတယ်။ အားမြန်မြန် ဝင်စေချင်လေလေ ဘက်ထရီမှာ အပူထွက် များလေလေ သဘောပါ။ မှတ်တမ်းတွေ အရတော့ အခုခေတ် နောက်ဆုံးမျိုးဆက် ဖုန်းတွေဟာ သူတို့ရဲ့ ရှေ့က မျိုးဆက် ၃ ဆက် ၄ ဆက်က ဖုန်တွေထက် အားသွင်းရင် ပိုပူပါတယ်။ ဆိုလို တာကတော့ S7 ကို အားသွင်းလို့ ထွက်တဲ့ အပူချိန်က ရှေ့ထွက် S3, S4 တွေ အားသွင်းလို့ ထွက်တဲ့ အပူထက် သိသိသာသာ ပိုပူလာတာ ဖြစ်ပါတယ်။
ပြီးတော့ ရှေ့ထွက် ဖုန်းတွေထက် ပိုဆိုးတာက အခုခေတ် ဖုန်းတွေမှာ နောက်ဘက် ဖုန်းကိုယ်ထည်သားကို အသေတပ်ဆင်လာ တာပါ။ ဘက်ထရီကလည်း အသေ ဖြစ်ပါတယ်။ ဒီတော့ ဖုန်းအတွင်းကို ပြင်ပလေ ဝင်ရောက်မှု အားနည်းပြီး အပူချိန် အတက် မြန်စေ ပါတယ်။ ရလဒ်ကတော့ ဖုန်းရဲ့ ခံနိုင်ရည်ထက် ကျော်လွန်သွားရင် မီးလောင်နိုင်တာ၊ ပေါက်ကွဲမှု ဖြစ်လာနိုင်တာတွေ တွေ့ရနိုင်ပါတယ်။
ကိုယ့်ကိုယ်ကိုကာကွယ်ပါ
ဘယ်ဖုန်းကိုမှ စိတ်ချလို့ မရပါဘူး။ အကြောင်းကတော့ မိမိအသက်၊ ခန္ဓာသည်သာ တန်ဖိုးအရှိဆုံး ဖြစ်လို့ပါ။ ဖုန်းတလုံး မကောင်းရင် လဲလိုက်လို့ ရပါတယ်၊ မဖြစ်နိုင်လောက် ပါဘူးလို့ ပေပြီး သုံးဖို့ မသင့်ပါဘူး။ နေစဉ် ဘဝမှာ အမြဲပါရှိမယ့် ဖုန်းတလုံးက မီးလောင်တာတွေ၊ ပေါက်ကွဲပြီး အန္တရာယ်ပေးလာနိုင်တဲ့ အတွက် ဒီလို မတော်တဆမှုတွေ မဖြစ်ရအောင် ကြိုတင် ကာကွယ်တာ အကောင်းဆုံးပါ။
ဖုန်းအားသွင်းနေရင်း ဖုန်းက အရမ်းပူလာရင် အားသွင်းတာကို ချက်ချင်း ရပ်လိုက်ပါ။ ပြန်အေးသွားပြီ ဆိုမှ အားပြန်သွင်းပါ။ အားသွင်းချိန် ဖုန်းကို ဘာနဲ့မှ ဖုံးအုပ် မထားပါနဲ့၊ ပြင်ပ လေနဲ့ ဖုုန်း ထိတွေ့နေပါစေ။
မိမိအသုံးပြုတဲ့ ဖုန်းမှာ ပါရှိတဲ့ အားသွင်းခေါင်း၊ ကြိုးနဲ့ပဲ အားသွင်းပါ။ အားသွင်းခေါင်း ပျက်စီးမှု တစုံတရာ ရှိခဲ့ရင် အစားထိုး အဖြစ် အရည်အသွေးကောင်းမွန် စိတ်ချရတဲ့ ခေါင်းကိုပဲ ပြန်လည် ဝယ်သုံးပါ။ ဈေးပေါတဲ့ အားသွင်းခေါင်းတွေက စိတ်မချရတာကြောင့် သုံးဖို့ မသင့်ပါ။
အိပ်ပျော်နေချိန်မှာလည်း အားမသွင်းပါနဲ့၊ အချိန်ပိုပြီး အားသွင်းမိခြင်း (Overcharging) ဖြစ်စေပြီး ဖုန်းအပူချိန် များလာစေ သလို မတော်တဆမှု ဖြစ်စေနိုင်ပါတယ်။ ကိုယ်တိုင်လည်း အိပ်ပျော်နေတဲ့ အတွက် မတော်တဆမှု ဖြစ်ရပ်နဲ့ အတူ နောက်ဆက်တွဲဒဏ်ရာ အနာတရ ရဖို့ လွယ်စေနိုင်ပါတယ်။ ဒါကြောင့် အိပ်ချိန်မှာ အားမသွင်းပါနဲ့။
အပူချိန် များတဲ့ နေရာမှာ ဖုန်းအား မသွင်းပါနဲ့၊ ကားရဲ့ Dashbaordပေါ်မှာ တင်ပြီး အားသွင်းတာမျိုးတွေ၊ နေရောင် တိုက်ရိုက် ကျရောက်နေတဲ့ နေရာမှာ အချိန်ကြာကြာ အားသွင်းခြင်းမျိုးတွေက ဘက်ထရီရဲ့ အပူချိန်ကို ပြင်ပအပူနဲ့ ပေါင်းစပ်စေ သလို ဖြစ်စေပြီး မတော်တဆမှု ဖြစ်ဖို့ အားပေးနေသလိုပါ။ အခြား အပူချိန်များတဲ့ နေရာမှာလည်း အချိန်ကြာကြာ အားမသွင်းပါနဲ့။
အာမခံပေးထားတဲ့ ဖုန်းတွေကို သုံးပါ။ မတော်တဆမှု ဖြစ်ခဲ့ရင်ရော ဖုန်းပျက်စီးသွားရင်ပါ အစားထိုးဖုန်း၊ လျော်ကြေး ဆိုတာတွေ ရနိုင်ပါတယ်။ ဈေးပေါပြီး အားမခံချက် မရှိတဲ့ ဖုန်းတွေကို သုံးစွဲဖို့ မသင့်ပါ။
Ref: www.google.com.mm