IT

စမတ်ဖုန်းသုံးပြီး ခေတ်နောက်မကျရလေအောင်...

မိုင်ဘိုင်းလ်ဖုန်းလို့လည်း ခေါ်တယ်၊ စမတ်ဖုန်းလို့လည်း ခေါ်တယ်၊ ဒီလို အခေါ်အဝေါ် ကွဲပေမယ့် ဖုန်းတွေက အတူတူပါပဲ။ မိုင်ဘိုင်းလ်ဖုန်းဆိုတာ ရွေ့လျား သယ်ယူနိုင်တဲ့ ဖုန်းတွေကို ပြောတာ၊ ကြိုးမဲ့ ချိတ်ဆက်နိုင်တဲ့ ဖုန်းတွေပေါ့။ ခလုတ်ဖုန်းတွေရော မျက်နှာပြင် (Touch) စနစ်နဲ့ပါ သုံးနိုင်တဲ့ ဖုန်းတွေကိုရော အားလုံးကို မိုဘိုင်းလ်ဖုန်းလို့ ခေါ်ပါတယ်။

စမတ်ဖုန်း ဆိုတာက ခလုတ်ဖုန်းတွေ မပါတော့ဘူး၊ Touch စနစ်နဲ့ သုံးနိုင်တဲ့ ဖုန်းတွေကို ဆိုလိုတာ၊ ဒီတော့ အခု ပြောမယ့် စမတ်ဖုန်း အကြောင်း ဆိုတော့ ခလုတ်ဖုန်းတွေကို ခဏ မေ့ထားပြီး Touch စနစ်နဲ့ သုံးနိုင်တဲ့ ဖုန်းတွေ အကြောင်းကိုပဲ ကြည့်ရအောင်ပါ။ တခြားတော့ မဟုတ်ဘူး၊ ကမ္ဘာမှာ စမတ်ဖုန်း သုံးစွဲမှုက နေ့တိုင်၊ အချိန်တိုင်း တိုးတက်များပြားလာတယ်၊ လူအများစု လက်ထဲမှာလည်း အနည်းဆုံး စမတ်ဖုန်း တလုံးတော့ ရှိကြတယ်။ ဒီတော့ အဲဒီ စမတ်ဖုန်းတွေနဲ့ ပတ်သတ်ပြီး သိကောင်စရာ၊ သိထားသင့်တာလေးတွေကို ပြောပြချင်တာပါ။

၁၉၉၀ ပြည့်လွန် နှစ်တွေကနေ စတင်ပြီး ကြိုးမဲ့ချိတ်ဆက် နိုင်တဲ့ ဖုန်းတွေ ပေါ်လာ၊ ခေတ်စားလာပါတယ်။ နောက်တော့ ၂၀၀၇ ခုနှစ် အတွင်း အမေရိကန် အခြေစိုက် Apple ကနေ iPhone မိတ်ဆက်လာတာနဲ့ အတူ Touch စနစ်နဲ့ သုံးနိုင်တဲ့ စမတ်ဖုန်းတွေ လူကြိုက်များ အောင်မြင်လာပါတယ်။

၂၀၀၈ ခုနှစ်ထဲမှာတော့ Google ရဲ့ ဖုန်းသုံး OS စနစ် Android စနစ်နဲ့ ဖုန်းတွေပါ ဈေးကွက်ထဲ ရောက်လာပြီး လူသုံးများ လာပါတော့တယ်။ အခု ၂၀၁၇ ကနေ လာမယ့် ၂၀၂၀ အတွင်းမှာ စမတ်ဖုန်း သုံးသူ နောက်ထပ် လူဦးရေ ၁ ဒသမ ၇၁ ဘီလီယံ လောက်လည်း ထပ်တိုးလာဖို့ ရှိနေသေးတာပါ။ လာမယ့် ၂၀၁၈ အတွင်းမှာ ဆိုရင်လည်း ကမ္ဘာ့ လူဦးရေရဲ့ သုံးချိုး တချိုးက စမတ်ဖုန်း ပိုင်ဆိုင်ထားမယ် လို့ ခန့်မှန်းထားကြပြီး ကမ္ဘာ့ လူဦးရေရဲ့ ၂ ဒသမ ၅၃ ဘီလီယံလောက်ထိ စမတ်ဖုန်း သုံးနေကြပါ လိမ့်မယ်။


အရင်ဆုံး အခုနှစ် အတွင်း ဖုန်းရောင်းချထားရမှု နှုန်းထားကို ကြည့်ရအောင်ပါ။ လက်ရှိ ရောင်းချထားပြီး စာရင်းရော ရောင်းအား အနေအထား အရပါ အခုနှစ် အတွင်းမှာ ကမ္ဘာတလွှား စမတ်ဖုန်း အလုံးရေ ၁ ဒသမ ၅ ဘီလီယံလောက်ထိ ရောင်းချရပါလိမ့် မယ်။ ဒါဟာ ပျမ်းမျှ တနှစ် စမတ်ဖုန်း ရောင်းအား ၁ ဒသမ ၄၇ ဘီလီယံကို ကျော်တက်ပြီး ပိုမို ရောင်းချလာရတာလည်း ဖြစ်ပါတယ်။

ဒီလို ဖုန်းအလုံးရော အများအပြား ရောင်းချရတဲ့ အားလုံးထဲက Android စနစ်သုံး ဖုန်းရောင်းချရမှုက အလုံးရေ ၁ ဒသမ ၂၇ ဘီလီယံထိ ရှိတယ်၊ လက်ရှိ ဖုန်းဝယ်ယူမှု အများဆုံး ဈေးကွက် ရှိတဲ့ မြောက် အမေရိကတိုက်မှာတင် တနှစ် ဖုန်းဝယ်လိုအားက အလုံးရေ ၂၀၁ ဒသမ ၁ သန်းထိ ရှိနေပါတယ်။ ဒီနေ့ ဖုန်းထုတ်လုပ်သူ နာမည်ကျော် Samsung, Apple နဲ့ Huawei တွေထဲက ဖုန်း အများဆုံး ရောင်းချရသူ Samsung ရဲ့ တနှစ်တာ ဖုန်းရောင်းချရမှုက အလုံးရေ သန်း ၃၁၀ ထိ ရှိနေတာလည်း ဖြစ်ပါတယ်။


ဆက်ပြီးတော့ ဖုန်းသုံး OS စနစ် ကွဲပြားမှုနဲ့ အတူ လူကြိုက်များ ဝယ်ယူမှု အနေအထားကို ကြည့်ရအောင်ပါ။ ဒီနေ့ ကမ္ဘာမှာ အသုံးအများဆုံး ဖုန်းOS စနစ် ဖြစ်တဲ့ Android စနစ်သုံး ဖုန်းတွေက ကမ္ဘာ့ ဈေးကွက် တခုလုံးရဲ့ ၈၅ ရာခိုင်နှုန်းလောက် နေရာ ရရှိနေပါတယ်။ ဒါကလည်း Samsung အပါအဝင် HTC, Huawei, Xiaomi, Meizu နဲ့ OnePlus တို့လို အမှတ်တံဆိပ် အားလုံးက Android စနစ်တွေနဲ့ပဲ ဖုန်းတွေ ထုတ်လုပ် ရောင်းချနေတာကြောင့် ဖြစ်ပါတယ်။

Apple ရဲ့ စနစ် iOS သုံး ဖုန်းကိုင်သူတွေကတော့ ကမ္ဘာ့ဈေးကွက်ရဲ့ ၁၈ ဒသမ ၃ ရာခိုင်နှုန်း ရှိနေတာပါ။ သူကတော့ တခြား အမှတ်တံဆိပ်တွေ အနေနဲ့ ဖုန်းထုတ်လုပ်မှု မရှိပဲ Apple ရဲ့ ထုတ်လုပ်မှု တခုတည်းသာ ရှိသလို မော်ဒယ်အနေနဲ့လည်း ပျမ်းမျှ တနှစ်ကို မော်ဒယ် တခု၊ နှစ်ခုလောက်ပဲ ထွက်နေတာမို့ အရည်အသွေး ကောင်းပေမယ့် Android စနစ်လောက် လူသုံး မများတာ ဖြစ်ပါတယ်။

ဒီ Android စနစ်သုံး ဖုန်းထဲမှာ ရောင်းအား အကောင်းဆုံး Samsung ရဲ့ ဈေးကွက် နေရာရမှုတင် ၂၁ ဒသမ ၂ ရာခိုင်နှုန်း ရှိပါတယ်။ အခု နှစ်ဆန်းပိုင်းမှာမှ Apple ကို ကျော်တက်ပြီး ကမ္ဘာ့ ဒုတိယ ရောင်းအား အကောင်းဆုံး အမှတ်တံဆိပ် ဖြစ်လာတဲ့ Huawei ရဲ့ ဈေးကွက် ပိုင်ဆိုင်မှုက ၁၁ ဒသမ ၃ ရာခိုင်နှုန်း ထိအောင် ရှိတာလည်း ဖြစ်ပါတယ်။

ဒီနေ့ ကမ္ဘာမှာ စမတ်ဖုန်းသုံးနေသူ လူဦးရေ စုစုပေါင်း ၂ ဒသမ ၁ ဘီလီယံ ရှိမယ်လို့ စာရင်းတွေ အရ ခန့်မှန်းထားပါတယ်။ ဒါဟာ ကမ္ဘာ့ လူဦးရေ အားလုံးရဲ့ ၂၈ ရာခိုင်နှုန်းက စမတ်ဖုန်း သုံးနေတာလည်း ဖြစ်ပါတယ်။

လက်ရှိ စမတ်ဖုန်း အသုံးပြုမှု အများဆုံး နိုင်ငံ အဖြစ် အမေရိကန်က ရှိနေပြီး လူဦးရေ ၂၂၄ ဒသမ ၃ သန်းလောက်ထိအောင် သုံးနေပါတယ်။ ဒါဟာ အမေရိကန်မှာ ရှိတဲ့ လူဦးရေ အားလုံးရဲ့ ၆၈ ဒသမ ၉ ရာခိုင်နှုန်းက စမတ်ဖုန်းသုံးနေတာ ဖြစ်ပြီး လူဦးရေနဲ့ စမတ်ဖုန်းသုံးသူ အချိုးကျ ပြန်တွက်ရင် တရုတ်လို နိုင်ငံမှာတောင် အမေရိကန်လောက် ဖုန်းသုံးသူ အချိုးအဆ မများသေးတာ တွေ့ရပါတယ်။

ဒီလို ဖုန်းအသုံးပြုမှု များပြားနေခြင်းနဲ့ အတူ တနှစ် အတွင်း ဖုန်းဝယ်ယူမှု အတွက် အသုံးပြုငွေကြေးဟာလည်း ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၄၂၉ ဘီလီယံလောက်ထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒါဟာ အထက်မှာ ပြောခဲ့သလို ဖုန်းအသုံးပြုမှု အများဆုံး မြောက် အမေရိကတိုက် တတိုက်တည်းရဲ့ ဖုန်းဝယ်ယူမှု သုံးငွေ ဒေါ်လာ ၇၇ ဒသမ ၅ ဘီလီယံ ရှိတယ် ဆိုတာကို သိလာစေသလို ဖုန်းအသုံးပြုမှု တိုးတက်လာတဲ့ တရုတ်မှာ ဖုန်းဝယ်ယူမှု အတွက် သုံးငွေကလည်း အမေရိကန် ဒေါ်လာ ၁၅၄ ဒသမ ၃ ဘီလီယံလောက် ရှိနေတာပါ။ အနောက်ဥရောပ ဈေးကွက်မှာတော့ ဖုန်းဈေးကွက်က တနှစ်ကို ၅၃ ဒသမ ၄ ဘီလီယံ ဖိုးလောက် နှစ်စဉ် ရောင်းချနေကြရတယ် လို့လည်း သိရပါတယ်။

Ref: www.statista.com

Loading